ကိုးကန့်ဒေသ တိုက်ပွဲများအကြောင်း စစ်အစိုးရ ဖွင့်ချပြီ

၃၁ ရက် သြဂုတ် ၂၀၀၉။ မိုးမခ
တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းမှာ နယ်စပ်ရှိ ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးရာမှ စတင်ခဲ့ကြောင်း၊ ၎င်းတို့ကို သွားရောက် ကယ်ဆယ်စဉ် ကိုးကန့်တပ်ဖွဲ့က စတင် ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။ တိုက်ပွဲမှာ ၃ ရက် ကြာခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း “တပ်မတော်သား ကျဆုံး ၁၁ဦး၊ ဒဏ်ရာရ ၃၄ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကျဆုံုး ၁၅ ဦး၊ ဒဏ်ရာရ ၁၃ဦး၊ ဦးဖုန်ကြားရှင်ကို သစ္စာခံသော ကိုးကန့်တပ်ဖွဲ့ဝင်များမှ အလောင်းရှစ်လောင်း” ကို တွေ့ရသည်ဟု ဆိုသည်။
အထူးဒေသ (၁) ကို ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့က အုပ်ချုပ်ခဲ့သော်လည်း ယခုအခါ ယာယီဦးစီးကော်မတီ အသစ် ဖွဲ့စည်းထားသည်ဟု ဆိုသည်။
ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ခေါင်းဆောင် ၄ ဦးကို အပြစ်ပုံချထားပြီး တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များအားလုံးကို အရေးယူမည်မဟုတ်ဟု ကြေညာလိုက်သည်။ ခေါင်းဆောင် ၄ ဦးမှာ “ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင် နှင့် ဦးဖုန်တာလီ” တို့ ဖြစ်သည်ဟု ဆိုသည်။
တပ်ဖွဲ့ဝင်များအား “လောက်ကိုင်မြို့ရှိ ကိုးကန့်ဒေသ ယာယီ ဦးစီး ကော်မတီသို့ ဆက်သွယ် ၀င်ရောက်ကြရန်” ဟု စစ်အစိုးရက ကြေညာထားသည်။
ယာယီဦးစီးကော်မတီ အသစ် ကလည်း ကြေညာချက် ထုတ်ပြန်ထားရာ သတင်းစာတွင် ဖော်ပြထားသည်။ ကိုးကန့်ဒေသရှိ လက်နက်ခဲယမ်း ထုတ်လုပ် ရောင်းချသော စက်ရုံကို အစိုးရက ၀င်ရောက် သိမ်းပိုက်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး “ခေါင်းဆောင်များအတွင်းတွင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုများ” ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယခုအချိန်အထိ ဦးဖုန်ကြားရှင် ဘက်မှ လည်းကောင်း၊ ကိုးကန့်အဖွဲ့၏ မဟာမိတ် တိုင်းရင်းသားအဖွဲ့များ ထံမှ လည်းကောင်း တစုံတရာ သဘောထား ထုတ်ပြန်ခြင်း မရှိသေးပေ။

အပြည့်အစုံ...>>

စစ်တပ်က နယ်စပ်ကုန်သည်ကြီးများ၏ ဂိုဒေါင်ဖောက် ပစ္စည်းများယူ

၃၁ ရက် သြဂုတ် ၂၀၀၉။ ခေတ်ပြိုင်
ကိုးကန့်နယ်မြေအတွင်းသို့ မကြာသေးမီရက်ပိုင်းကစ၍ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်နေကြသည့် ကုန်သည်ကြီးများ၏ ဂိုဒေါင်များကိုဖောက်ပြီး ပစ္စည်းများသိမ်းယူနေသည်။ယခုလ (၂ဝ) ရက်တွင် ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့က နအဖနှင့်ဆက်ဆံရေး ယာယီရပ်စဲလိုက်ကြောင်း ကြေညာလိုက်သည့်အချိန်တွင် ဒေသအတွင်း စစ်မက်ဖြစ်ပွားတော့မည်ကို စိုးရိမ်ကြသည့် တရုတ်-မြန်မာနယ်စပ် ကုန်သည်များက ၎င်းတို့ ကုန်ပစ္စည်းများအား ချင်းရွှေဟော်မြို့အတွင်းရှိ ဂိုဒေါင်များတွင် သိမ်းဆည်းသော့ခတ်ကာ မြန်မာပြည်အတွင်းပိုင်းသို့ တိမ်းရှောင်ခဲ့ရာ ကိုးကန့်နယ်မြေသို့ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ယခုကဲ့သို့ ပစ္စည်းများယူနေခြင်းဖြစ်ကြောင်း ချင်းရွှေဟော်ကုန်သည်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “အဲဒီမှာ ဂိုဒေါင် အလုံး (၃၀) လောက်ရှိတယ်။ ဆန်တို့၊ ဆီတို့၊ ဟင်းချိုမှုန့်တို့၊ တရုတ်ဘက်က လူသုံးကုန်ပစ္စည်းတို့ အားလုံးဂိုဒေါင်ထဲ ထည့်ထားခဲ့ပြီး ဆင်းပြေးသွားကြတာ။ သူတို့သုံးနေတဲ့ ကွန်ပျူတာတို့၊ တီဗွီတို့ကအစ ထုတ်ယူကုန်တာ။ တချို့ကုန်သည်တွေ ထားခဲ့တာ သိန်းထောင်ချီပြီး တန်ဖိုးရှိတယ်။ သူတို့ အလုပ်သမားတွေနဲ့ ပစ်ထားခဲ့ရတာ။ အခုတော့ အလုပ်သမားတွေက တွေ့ပေမယ့် အခုအချိန်မှာ ဘာမှပြောလို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ရှိရာ လောက်ကိုင်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ချင်းရွှေဟော်မြို့တွင် အစောပိုင်း နှစ်ကာလများကတည်းက နအဖစစ်တပ်များ ရှိနေခဲ့ပြီး ယခုလ (၂၅) ရက်တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ကိုးကန့်နယ်မြေအတွင်းသို့ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်ခဲ့သည်။ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်အကြား ယခုလ (၂၇) ရက်မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေစဉ်အတွင်း တပ်မ (၃၃) လက်အောက်ခံ တပ်များ၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေစိုက် အမှတ် (၁)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ကိုးကန့်တပ်ဖွဲ့များအား ချေမှုန်းရန်နှင့် နယ်မြေစိုးမိုးရန်အတွက် ကိုးကန့်နယ်မြေအတွင်းသို့ စစ်ဆင်ရေး ဝင်ရောက်ခဲ့သည့် နအဖစစ်တပ်များသည် ကျေးရွာများအတွင်းရှိ နေအိမ်များမှ ပစ္စည်းများ၊ စားသောက်စရာများပါ ယူနေကြသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူတဦးက ပြောသည်။၎င်းက “အခုက စစ်ပြေးတယ်ဆိုတော့ ရှိတဲ့ ရွှေ၊ ငွေလေး၊ အဝတ်အထည်နည်းနည်းပါးပါးနဲ့ ပြေးကြတာ။ ပရိဘောဂပစ္စည်းတွေ၊ တီဗီတွေ ဒီအတိုင်း ပစ်ထားခဲ့ရတာ။ ကိုးကန့်ကျေးရွာတွေကျတော့ တရုတ်နှစ်သစ်ကူးကာလ စားသောက်ဖို့ဆိုပြီး အိမ်တိုင်း လိုလို ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဆီတို့ဖူး၊ မုံညှင်းချဉ်၊ ပဲငါးပိ အဲလိုမျိုးတွေ ကိုယ့်ဘာသာလုပ်ပြီး လှောင်တဲ့ ဓလေ့တွေရှိကြ တယ်။ စစ်သားတွေက ရွာတွေကို ဝင်ရှင်းနေတော့ အဲလို စားသောက်စရာတွေကိုတောင် အလွှတ်ပေး၊ ချန်ထားတာ မဟုတ်ဘူး” ဟု ပြောသည်။၁၉၈၉ ခုနှစ်ကတည်းကစ၍ ပထမဆုံး အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေသည် အနှစ် (၂ဝ) ကြာ တိုက်ပွဲများ ရပ်စဲထားရာမှ ယခုလ (၂၇) ရက်တွင် ဒေသအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံလူထု သုံးသောင်းကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

အပြည့်အစုံ...>>

ချန်ပီယံဗိုလုပွဲ

http://www.4shared.com/file/128822288/4b48329b/football1.html

အပြည့်အစုံ...>>

အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တွေ့ဆုံ မြန်မာ့နိုင်ငံရေးအခြေအနေများ ဆွေးနွေး

၂၉ ရက် သြဂုတ် ၂၀၀၉။ ခေတ်ပြိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီမှ အရာရှိ (၃) ဦးနှင့် ယမန်နေ့ ညနေပိုင်းတွင် အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ယင်းသို့ဆွေးနွေးရာတွင် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေတို့နှင့်အတူ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနှင့် ရုံးအဖွဲ့မှူး ဦးလှမင်းတို့လည်း ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံလက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။မြန်မာ့နိုင်ငံရေးဆွေးနွေးရာတွင် အမေရိကန်အောက်လွှတ်တော် အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုက်တွန်းသည့် သဘော၊ ဆောင်ရွက်သင့်သည်ဆိုသည့်သဘောမျိုး ပြောဆိုဆွေးနွေးခြင်းမရှိကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။အန်အယ်လ်ဒီဘက်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့သဘောထားရှိသည်၊ ရွေးကောက်ပွဲပြီးပါက မည်သို့ဖြစ်လာမည် ဆိုသည့်အခြေအနေနှင့် လက်ရှိအပစ်အခတ်ရပ်စဲရေးအဖွဲ့များနှင့် မပြေမလည်ဖြစ်နေသည့် အခြေအနေပေါ်တွင် အန်အယ်လ်ဒီ က ဆုံးဖြတ်နိုင်ခြင်းမရှိသေးသည့် အချက်များကို ရှင်းပြခဲ့ကြောင်း သိရသည်။ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဦးစိုးမြင့်က ရှင်းပြပါတယ်။ လက်ရှိအားဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ရင် နောက်ဆုံးဖြစ်ပေါ်နေတဲ့ နယ်စပ်မတည်မငြိမ်မှု၊ ဒါတွေကို ထည့်သွင်းသုံးသပ်ရမယ်။ နောက်တခုက ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တချို့သောနေရာတွေမှာ ဥပဒေမပြဋ္ဌာန်းသေးဘဲနဲ့ တချို့သောပါတီတွေက ဆိုင်းဘုတ်ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ကြွေးကြော်နေတယ်။ ဒီလိုအခြေအနေတွေကို သူတို့ကို ရှင်းပြတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီကသော်လည်းကောင်း၊ မစ္စတာဘန်ကီမွန်းကသော်လည်းကောင်း အားလုံးပါဝင်နိုင်ရေးလို့ ပြောပြီး ဒီလိုအခြေအနေဖြစ်ပေါ်နေတယ်။ အဲလိုဖြစ်ပေါ်နေတဲ့အခြေအနေမှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဟာ ဆုံးဖြတ်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကို သူတို့ကို ရှင်းပြခဲ့တာပါ” ဟု ဆက်လက်ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ လက်ရှိနေထိုင်ရသည့်အခြေအနေနှင့် ထိန်းသိမ်းထားသည့်အခြေအနေကိုလည်း အမေရိကန်အရာရှိများက မေးမြန်းကြသဖြင့် ယင်းအခြေအနေများကို ၎င်းကိုယ်တိုင်ရှင်းလင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။၎င်းက “ကျနော်က ပြောပြလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က (၃) နှစ်ထောင်ဒဏ်ကျတယ်။ အဲဒီထဲမှာ (၁) နှစ်ခွဲကို ပယ်ဖျက်လိုက်ပြီ၊ (၁) နှစ်ခွဲကျန်တယ်။ ကျန်တဲ့ အဲဒီ (၁) နှစ်ခွဲကို ဆိုင်းငံ့ထားတယ်။ ဆိုင်းငံ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ လွတ်လပ်စွာနေထိုင်ခွင့်ရှိရမယ်၊ သို့သော်လည်းပဲ မလွတ်လပ်ဘူး၊ အကျဉ်းကျတယ်။ အဲလိုအကျဉ်းကျတာဟာ နအဖအစိုးရရဲ့အမိန့်ကြောင့်။ အဲဒီအမိန့်ကလည်း ဥပဒေမှာ ဒီလိုဆောင်ရွက်ခွင့်မရှိဘူးဆိုတာကို ကျနော်ရှင်းပြတယ်” ဟု ပြောသည်။နိုင်ငံရေးအကျဉ်းသားများ (၂,၀၀၀) ကျော်ရှိနေသည်ကို အမေရိကန်အရာရှိများက သိနေပြီး ထိုအကျဉ်းသားများ၏ ထောင်တွင်းနေထိုင်ရသည့် အခြေအနေကိုမေးမြန်းကြောင်း၊ ယင်းအခြေအနေများကို ထောင်တွင်းအတွေ့အကြုံများသည့် ဦးခင်မောင်ဆွေနှင့် ဦးအုန်းကြိုင်တို့က ရှင်းပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ထို့အပြင် အန်အယ်လ်ဒီပါတီအတွင်း generation gap ဖြစ်နေသည့်ကိစ္စကိုလည်း မေးမြန်းခဲ့သဖြင့် အဖွဲ့ဝင်လူကြီးများက အဖွဲ့ချုပ်တွင် လူငယ်များသည် နဂိုကတည်းက စိတ်ဓာတ်ရှိပြီးသား လူငယ်များဖြစ်သည့်အတွက် new generation အင်အားများသည် ရှိပြီးသားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အမေရိကန်အောက်လွှတ်တော် အရာရှိများမှာ ဒီမိုကရက်တစ်ပါတီမှ Lynne Weil နှင့် Jessica Lee၊ ရီပတ်ဘလီကန်ပါတီမှ Dennis Halpin တို့ဖြစ်ပြီး ၎င်းတို့သည် (၄) ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ် အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ထိုသို့အရာရှိများ လာရောက်မေးမြန်းမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “သူတို့ပြောတဲ့စကားတွေအရပဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ လာရောက်စုဆောင်းတယ်ဆိုတာ ပေါ်နေတယ်။ ဘယ်အတွက်လဲဆိုတာက ကွန်ဂရက် အတွက်လား၊ မူဝါဒသစ်အတွက်လား ဒါတော့ ကျနော်တို့လည်းမသိပါဘူး” ဟု ပြောသည်။ယခုကဲ့သို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အရာရှိ (၃) ဦး၏ မြန်မာနိုင်ငံခရီးစဉ်သည် သြဂုတ် (၁၄) ရက်တွင် မြန်မာနိုင်ငံသို့ (၃) ရက်ကြာလာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ခရီးစဉ် အပြီး လာရောက်ခြင်းဖြစ်သည်။မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်းပါးတပုဒ်ကို သြဂုတ် (၂၆) ရက်ထုတ် New York Times သတင်းစာတွင် ရေးသားထားပြီး အဆိုပါဆောင်းပါးတွင် အတိုက်အခံ အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ဖို့စဉ်းစားစေချင်ကြောင်း တိုက်တွန်းထားသည်။အဆိုပါ မစ္စတာဝက်ဘ်၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ၏ သဘောထား မည်သို့ရှိသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် (၂၇) ရက်တွင် အယူခံကိစ္စသွားရောက်တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းအား ခေတ်ပြိုင်က မေးမြန်းခဲ့သည်။၎င်းက “ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ခြုံငုံပြီးတော့ သုံးသပ်ချက်ပေးပါတယ်။ တခုချင်း တခုချင်းတော့ သူမပြောဘူး။ သူပြောတာက မစ္စတာဝက်ဘ်ရဲ့ ပြောဆိုရေးသားနေတဲ့ဟာတွေက အိုဘားမားမူဝါဒတွေလို့ သူမယုံကြည်ဘူးတဲ့” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီသဘောထားကို ယခုကဲ့သို့ ရှင်းပြသည်။“ကျနော်တို့ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး စဉ်းစားတာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူလူထုအတွက် အကျိုးရှိလား၊ မရှိလားဆိုတာ ကျနော်တို့လိုချင်တာဖြစ်တယ်။ အဲဒါတွေ လုံးဝမှမရနိုင်ရင် ဘာမှလုပ်စရာမရှိတော့ဘူး” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

အပြည့်အစုံ...>>

စစ်အုပ်စု၏ အဖမ်းအဆီးများနှင့် ပြန်လွှတ်ပေးသူများ စာရင်းရရှိသမျှ

၂၉ ရက် သြဂုတ် ၂၀၀၉။ မိုးမခအထောက်တော်
သြဂုတ်လ ၁၆ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်မှာ ဒေါ်စုလွတ်မြောက်ရေးစာတမ်းများ ဖြန့်ချိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ မမာမာအေးကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၆ က ကျောက်မြောင်းအင်တာနက်ဆိုင်မှာ ဖမ်းဆီးခံရသူ ကိုနိုင်ငံလင်း ဆိုသူကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ၎င်းသည် အင်န်အယ်ဒီရုံးချုပ်မှာ အင်္ဂလိပ်စာ ပြနေသူတဦး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ က နေအိမ်တွင် ဖမ်းဆီးခံရသူ ကိုမင်းသိန်းကိုလည်း ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ နိုင်ငံခြားရေးရာ ၀န်ထမ်းများနဲ့ အင်န်အယ်ဒီလူကြီးများတွေ့ဆုံနေချိန်မှာ နိုင်ငံရေးဖိနှိပ်မှုတွေကို စစ်အုပ်စုက ဆက်လက်ဆောင်ရွက်နေဆဲပဲလို့ သတင်းပို့သူက မှတ်ချက်ပေးပါတယ်။

အပြည့်အစုံ...>>

လေဆင်နှာမောင်းကြောင့် တရွာလုံး ပြိုပျက်သွားသော်လည်း အစိုးရထံမှ အကူအညီမရ

၂၉ ရက် သြဂုတ် ၂၀၀၉။ နိရဉ္စရာ
ရသေ့တောင်မြို့နယ် အလယ်ချောင်းကျေးရွာတွင် ရုတ်တရက် လေဆင်နှာမောင်း ကျရောက်မူကြောင့် အိမ်အများအပြား ပျက်စီးသွားပြီး လူများ ထိခိုက်ဒဏ်ရာ ရရှိသွားသော်လည်း စစ်အစိုးရထံမှ အကူအညီ တစုံတရာ ရရှိခြင်း မရှိကြောင်း သိရသည်။ အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက “အကူအညီ ရမယ်ဆိုပြီး အစိုးရဆီက အကူအညီကို မျှော်နေတာ ခုချိန်ထိ ဘာမှ မရသေးပါဘူး။ ယူအန်က အကူအညီ တချို့တော့ ရရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေးဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။
အလယ်ချောင်းကျေးရွာမှာ နတ်ချောင်းကျေးရွာအုပ်စုတွင် တည်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိသော ကျေးရွာ တရွာ ဖြစ်သည်။ ဇူလှိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ရုတ်တရက် လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် အိမ်ခြေ ၇၀ ခန့် ပြိုပျက်သွားပြီး တချို့အိမ်များမှာ လေထဲသို့ ပါသွားခဲ့သည်။“စုစုပေါင်း လူ ၁၀ ဦးလောက် ဒဏ်ရာရသွားပါတယ်။ လူကြီးတဦးနဲ့ ကလေးတဦးကတော့ လက်တွေကျိုးပြီး အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်” ဟုသူက ပြောသည်။လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ဒေအတွင်းရှိ ယူအန်အိပ်ခ်ျစီအာရ်မှ အရာရှိများ ရောက်ရှိလာပြီး ဒုက္ခရောက်သွားသော မိသားစုများကို အကူအညီများ လာပေးသွားခဲ့သည်။“ယူအန်က ပေးတာကတော့ အိမ်ထောင်စု တစုစီကို ဆန်တအိတ်၊ အိုးနှစ်လုံး၊ အိမ်မိုးတဲ့ ပလစတစ်အမိုးပြား တခုနဲ့ ငွေ ၅၀၀ စီပေးပါတယ်။ အစိုးရဆီကတော့ ဘာဆို ဘာမှ မရပါဘူး” ဟု ပြောသည်။စစ်အစိုးရ အာဏာပိုင်များ အနေဖြင့် လာရောက် စစ်ဆေးမူ မရှိသဖြင့် ဒဏ်ရာ ရရှိသွားသူများ အနေဖြင့် ကိုယ့်စရိတ်ဖြင့်ကိုယ် ဆေးရုံတွင် ဆေးကုသ ရသည်ဟု သိရသည်။ရခိုင်ပြည်နယ်တွင် မိုးရာသီ အတွင်း ပုံမှန် အပူပိုင်း မုန်တိုင်းများ တိုက်ခတ်လေ့ရှိသော်လည်း ယခုကဲ့သို့ လေဆင်နှာမောင်း တိုက်ခတ်မူ မရှိကြောင်း သိရသည်။ ယခုကဲ့သို့ လေဆင်နှာမောင်းတိုက်ခတ်မူကြောင့် ဂွမြို့နယ်နှင့် အမ်းမြို့နယ်တွင်လည်း ဇူလိုင်လ အတွင်းက လူအသေအပျောက်များ ရှိခဲ့သည်။ ဇူလှိုင်လ ၂၅ ရက်နေ့ နံနက်က ဂွမြို့နယ် ပလ္လင်မော်ကျေးရွာမှ ကျွန်းနံ့သာ ကျေးရွာသို့ သွားရောက်သည့် ငါးဖမ်းစက်လှေ တစီးသည် လေဆင်နှာမောင်း တိုက်ခတ်စဉ် နစ်မြုပ်သွားခဲ့ သဖြင့် စက်လှေနစ်မြုပ်သွားခဲ့ပြီး လူ ၅ ဦးပျောက်ဆုံးခဲ့သည်။ အလားတူ ဇူလှိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အမ်းမြို့နယ် တောင်စီသာ ကျေးရွာ အနီး၌ တပ်တောင်မှ ခုတ်မောင်းလာသော စက်လှေ တစီးသည် လေဆင်နှာမောင်း တိုက်ခတ် မူကြောင့် နစ်မြုပ်သွားခဲ့ပြီး စက်လှေမောင်း ဦးစောရွှေသိန်းမှာ သေဆုံးသွားခဲ့သည်။

အပြည့်အစုံ...>>

ကိုးကန့်ဒေသ အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြီ


၂၈ ရက် သြဂုတ် ၂၀၀၉။ ဧရာဝတီ

ကိုးကန့်ဒေသတွင် ယမန်နေ့က စတင်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်အစိုးရနှင့် ကိုးကန့်အဖွဲ့ ကြားရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များနှင့် တရုတ် နိုင်ငံက သုံးသပ် ပြောဆိုသည်။
ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင်းနှင့် ချင်းရွှေဟော် ဒေသတွင် ယနေ့တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသောကြောင့် ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း သုံးသပ်ကြခြင်း ဖြစ်သည်။“ချင်းရွှေဟော်နားမှာ တိုက်ပွဲကြီး ဖြစ်နေတယ်၊ မနေ့က ၀ တပ်ဖွဲ့ ၁၅၀၀ လောက်ရောက်ပြီ၊ မနက် ၁၁ နာရီကတည်းက ဖြစ်တာလို့ ကြားတယ်၊ တြိဂံဒေသဖြစ်လို့ အဖွဲ့ပေါင်းစုံပါတယ်” ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။ယနေ့မနက်ကလည်း လောက်ကိုင်မြို့တွင်းရှိ လက်နက်ဂိုဒေါင်နားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။“ဒီနေ့မနက်အစောကြီးမှာ ဖုန်ကျားရှင်အိမ်နားက လက်နက်ဂိုဒေါင်လမ်းကြားထဲမှာ ကင်းလှည့်တဲ့ကားနဲ့ ကိုးကန့်တပ် ပက်ပင်းတိုးပြီးဖြစ်တာ အစိုးရဘက်က၂ ယောက်သေတယ်”ဟု သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦစိန်ကြည်ကပြောသည်။ယမန်နေ့ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လက်နက်ကြီး ကျည်များ တရုတ်နိုင်ငံဘက်သို့ ကျရောက်ပြီး တရုတ်ဒေသခံများ လည်းသေဆုံး ထိခိုက်မှုများရှိသည်ဟုသိရသည်။“လက်နက်ကြီးကျည်တွေ ချင်ခန်းဒေသထဲကျတယ်၊ ဒေသခံ တယောက်သေပြီး တယောက်ဒဏ်ရာရတယ်၊ ရန်လုံကျိုင်း စခန်းမှာ လုံထိန်း၄၂ယောက်ဖမ်းမိတယ်၊ အရာရှိတွေပါတယ်၊ သေနတ် ၅၆ လက် သိမ်းထားတယ်” ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောကပြောသည်။ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကိုးကန့်ဒေသအတွင်းရှိ ဒေသခံရွာသား ၃၀၀၀၀ ခန့် တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေး သွားကြောင်း အတည်မပြုနိုင်သောသတင်းများအရ သိရသည်။“ရွာသူရွာသားတွေအများကြီး ချင်ခန်းဒေသထဲကိုဝင်လာတယ်၊ တရုတ်အာဏာပိုင်တွေက အစားအစာ၊ အ၀တ်အစား နေ စရာ ထောက်ပံ့ ပေးထားတယ်၊ ဒါပေမယ့် မလုံလောက်ဘူး၊ တချို့လည်း အစိုးရယာယီစခန်းတွေမှာနေတယ်၊ တချို့က တော့ သူတို့ဆွေမျိုးတွေအိမ်တွေမှာ နေတယ်”ဟု အမည်မဖော်လိုသော ကျန်းမာရေးအကူအညီပေးရေးအဖွဲ့မှ ပြောသည်။ယခုဖြစ်ပေါ်နေသော နယ်စပ်တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း အခြေအနေကို အမြဲမပြတ်စောင့်ကြည့်နေ သည်ဟုသိရသည်။ “နယ်စပ်ဒေသတည်ငြိမ်မှုကို လိုလားတယ်၊နောက်၂ရက်အထိတိုက်ပွဲတွေဖြစ်မယ်ဆိုရင် အခြေအနေဟာ ထိန်းနိုင်မှာ မဟုတ်တော့ဘူး၊ တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်၊ မြန်မာအစိုးရ ရဲ့တိုင်းရင်းသားတွေအပေါ်မှာ ထားတဲ့သဘောထားဟာ တင်းမာလွန်းပြီး၊ တဘက်နှင့်တဘက်ညှိလိမ့်မယ်ထင်တယ်” ဟု အမည်မဖော်လိုသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကလည်း“အပစ်အခတ်ရပ်စဲရေး ပျက်ပြီပြောရမှာပေါ့၊နှစ်ဘက် စလုံး အကျပ်အတည်းပါပဲ၊ အပစ်ရပ်အဖွဲ့တွေကလည်း မတင်းဘူးဆိုရင် လက်နက်ချရမှာ နောက်ပိုင်း ၀ တို့ မိုင်းလားတို့ ပါလာနိုင်တယ် မလွယ်ဘူး”ဟု သုံးသပ်သည်။နယ်စပ်ဒေသရှိ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် ယခုကဲ့သို့ အတင်းအကျပ် ဆောင်ရွက် နေလျှင် နယ်စပ်ဒေသရှိ ပြည်သူများ၏ အခြေအနေပိုမိုဆိုးရွားလာမည်ကို လူ့အခွင့် အရေး အဖွဲ့များကစိုးရိမ် နေကြသည်။“စစ်အစိုးရက တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေ နဲ့ဆွေးနွေးညှိနှိုင်းရမယ့်အစား အတင်းအကျပ်ဆောင်ရွက်တဲ့ နည်းနဲ့လုပ် ဆောင်နေရင် ဒီဒေသမှာ နေထိုင်တဲ့ပြည်သူတွေအတွက် တိုက်ပွဲတွေ ပိုပြင်းထန်လာရင် အခုထက်ပိုမို ဆိုးရွားတဲ့ အကျိုး ဆက်တွေ ခံစားရမှာကို စိုးရိမ်တယ်”ဟု အမေရိကန်နိုင်ငံအခြေစိုက် လူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW ) မှ ဒေးဗစ် စကော့ မက်သီဆင်က ဧရာဝတီသို့ပြောသည်။ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

အပြည့်အစုံ...>>

ရခိုင်မှ သဘာဝဓာတ်ငွေ့ တရုတ်နိုင်ငံ တင်ပို့နိုင်ရေး ဒေဝူး ကန်ထရိုက်ရ

၂၈ ရက် သြဂုတ် ၂၀၀၉။ သျှင်ထွီးခိုင်(အလွတ်သတင်းထောက်)
ရခိုင့်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ နိုင်ရန် တာင်ကိုးရီးယား ဒေဝူး ကုမ္ပဏီ ဦးဆောင်သော စွမ်းအင် ကော်ပိုရေးရှင်းက ကန်ထရိုက်ရရှိ သွားခဲ့သည်။ ဒေါ်လာ သန်းပေါင်း ငါးထောင် ခြောက်ရာတန်ဖိုးရှိသည့် သဘာဝ ဓာတ်ငွေ့ကို ဒေဝူးကုမ္ပဏီ ဦးဆောင်သည့် စွမ်းအင် ကော်ပိုရေးရှင်းက တရုတ်နိုင်ငံပိုင် CNPC ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီအတွက် ၂၀၁၃ ခုနှစ်မှစပြီး နှစ်ပေါင်း သုံးဆယ်အတွင်း တင်ပို့မည်ဖြစ်သည်။
အဆိုပါ စာချုပ်အရ ဒေဝူးကုမ္ပဏီက ၅၁ ရာခိုင်နှုန်း အိန္ဒိယ နိုင်ငံပိုင် ONGC ရေနံကုမ္ပဏီ က ၁၇ ရာခိုင်နှုန်းနှင့် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ အိန္ဒိယ ရေနံကုမ္ပဏီ (Gal) နှင့် တောင်ကိုးရီးယားကုမ္ပဏီ (Co-gas) တို့မှာ ကျန်ရှယ် ယာဝေစုများကို ရရှိကြမည်ဟု ဒေဝူး အင်တာနယ်ရှင်နယ်က ပြောသည်။ ရခိုင် ကမ်းရိုးတန်းရှိ ရွှေလုပ်ကွက်နှင့် ရွှေဖြူလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ ကို ပင်လယ်ရေအောက်ကြမ်းပြင်မှ ပိုက်လိုင်း သွယ်တန်းပြီး ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့မှ တဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ပိုက်လိုင်းဖေါက်လုပ်ကာ တည်ဆောက်မည် ဖြစ်သည်။ ကမ်းလွန် တွင်းတူးစင်နှင့်ပင်လယ်ရေအောက် ပိုက်သွယ်တန်းရေး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီအချိန်အတွင်း စတင်မည်ဟု သိရသည်။

အပြည့်အစုံ...>>

ကိုးကန့်ဒုက္ခသည်များ တရုတ်နိုင်ငံဘက် ခိုလှုံ

၂၈ ရက် သြဂုတ် ၂၀၀၉။ ဗွီအိုအေ
မြန်မာနိုင်ငံ အရှေ့ပိုင်းက တရုတ်ပြည်နဲ့ကပ်လျက် ရှမ်းပြည်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ် အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အရပ်သား ထောင်သောင်းချီ နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲကို ထွက်ပြေးနေကြပါတယ်။
တရုတ်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကိုးကန့်ဒေသက လောက်ကိုင်မြို့မှာ မြန်မာစစ်တပ် နေရာယူထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
စစ်အစိုးရ တပ်ဖွဲ့တွေနဲ့ MNDAA မြန်မာပြည် အမျိုးသား သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်မှာကြောက်လို့ ဒေသခံတွေ ထွက်ပြေးကြတာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရထားတဲ့ ကိုးကန့်တပ်ဖွဲ့ဟာ နှစ်ခြမ်းကွဲပြီး ကိုးကန့်အဖွဲ့ထဲက တချို့က စစ်အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပါဝင်ဖို့ မြန်မာစစ်တပ်နဲ့ ပူပေါင်းသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်းမှာ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်ထဲကို မြန်မာနိုင်ငံက ဒုက္ခသည် ၁၀,၀၀၀ ကျော် ၀င်ရောက်လာခဲ့တယ်လို့ တရုတ် သတင်းမီဒီယာတွေမှာလည်း ဖော်ပြနေကြပါတယ်။

အပြည့်အစုံ...>>

ပြည်မြို့တွင် လူငယ်အချို့ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံနေရ

၂၆ ရက် သြဂုတ် ၂၀၀၉။ ဉာဏ်မောင် (ရိုးမ၃)
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ပေါ်ရှိ လူငယ်အချို့အား အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ဖမ်းဆီးခံရသူများ၏ နေအိမ်များသို့ အာဏာပိုင်များက ၀င်ရောက်ရှာဖွေခြင်းများရှိပြီး ၎င်းတို့အား ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု သံသယရှိ၍ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။
“ရဲလည်းပါတယ်၊ စစ်တပ်လည်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ ဝေတဲ့ကိစ္စကို လိုက်ရင်းနဲ့ ဖမ်းတာပေါ့လေ၊ ဖမ်းထားတဲ့ လူငယ်တွေက ဟိုတလောတုန်းက အယောက် ၃၀ လောက် ငပလီဘက်ကို သွားတာ၊ အယောက် ၃၀ ပြည့်အောင် ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ၊ အဲ့ဒီထဲက သုံးလေးယောက်ပဲ ဖမ်းသေးတယ်၊ ခုဖမ်းထားတဲ့ သူတွေက အဲ့ဒီလူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး လုပ်နေတာပါ” ဟု ဒေသခံတဦးက ပြောသည်။ဖမ်းဆီးခံရသူများမှာ ဖြူဖွေး၊ မောင်ဝိုင်းနှင့် ကိုအောင်ဆိုသူများ ဖြစ်ပြီး ၎င်းတို့၏မိဘများမှာ နိုင်ငံဝန်ထမ်းများဖြစ်ကြကာ ကိုအောင်ဆိုသူမှာ ဆောက်လုပ်ရေးဌာန ၀န်ထမ်းတဦးဖြစ်ပြီး ‘Soft Guide’ အမည်ရ ကွန်ပြူတာနှင့် ဗွီစီဒီဆိုင် ဖွင့်ထားသူဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။စစ်အစိုးရအာဏာပိုင်များက ငပလီသို့သွားသည်ဆိုသည့် လူငယ် ၃၀ မှာ တဖက်နိုင်ငံရှိ အဖွဲ့အစည်းများ၏ သင်တန်းသို့ သွားတက်သည်ဟု သံသယဖြစ်ပြီး ယခုဖမ်းဆီးထားသူများနှင့် ဆက်စပ်ပတ်သက်နေသည်ဟု ယူဆနေကြောင်း ဒေသခံများက ပြောသည်။“ရွှေဟင်္သာ နောက်ပေါက်ရပ်ကွက်က ၀န်ထမ်းအိမ်ယာမှာ နေတဲ့ ဖြူဖွေးရဲ့အိမ်ကို စစ်တပ်နဲ့ ရဲ အင်အား ၄၀ လောက်က (၂၃) ရက်နေ့၊ ည (၁၁) နာရီ၊ မိနစ် (၂၀) လောက်မှာ ၀င်ပြီး ၃ ရက်အတွင်း လက်နက်တွေ ထုတ်ပေး၊ မထုတ်ပေးရင် မိဘတွေကိုပါ ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဖြူဖွေး၏မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။ယခုဖမ်းဆီးမှုတွင် ပြည်မြို့ ဥသျှစ်ပင်ရပ်ကွက်တွင် နေထိုင်သူ အမည်မသိနှစ်ဦးနှင့် အောင်လံမြို့မှတဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများ ဖြန့်ဝေခြင်းသာမက အခြားစွပ်စွဲချက်များပါ ပါဝင်နေပြီး မိသားစုအနေဖြင့် ၎င်းတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယနေ့ထိတိုင် မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။စစ်အစိုးရအနေဖြင့် နိုင်ငံအနှံ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်န်အယ်ဒီလူငယ်များနှင့် တက်ကြွသည့် လူငယ်များ၏ ပုံသဏ္ဍာန်မျိုးစုံနှင့် လှုပ်ရှားမှုအား စောင့်ကြည့်လေ့လာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် မကြာမီကျရောက်တော့မည့် စက်တင်ဘာ သံဃာလှုပ်ရှားမှုကာလအတွင်း ဆန္ဒပြ လှုပ်ရှားမှုများ မဖြစ်ပေါ်အောင် ပြည်နယ်၊ တိုင်းနှင့် မြို့နယ်အသီးသီးတွင် လုံခြုံရေးများ ပိုမိုချထားလာသည်။ယခုလဆန်း (၆) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပို့စ်ကဒ်လှုပ်ရှားမှုတခုကို မကွေးတိုင်း၊ ချောက်မြို့ပေါ်အနှံ့ ပြုလုပ်ခဲ့ရာ အဆိုပါကိစ္စအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် အဆိုပါမြို့မှ ရဲဝန်ထမ်း ၇ ဦးအား ဖမ်းဆီးကာ အချို့ကို တပတ်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ယင်းနောက်ပိုင်းတွင် စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားမှုများအား ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသည့် သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူများအား အရေးယူမည်ဟု အတိအလင်း ထုတ်ပြန်ထားသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ဖြစ်ပေါ်နေသည်ဟု ပြည်မြို့ရှိ ဒေသခံများက သုံးသပ်ကြသည်။

အပြည့်အစုံ...>>

နာဂစ်ဒေသ မိဘမဲ့ကလေးများ အကူအညီလိုအပ်နေ


၂၆ ရက် သြဂုတ် ၂၀၀၉။ ဧရာဝတီ
နာဂစ်မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ် ဒေသတွင် မိဘမဲ့ကလေးငယ် အများအပြားရှိနေပြီး ၎င်းတို့၏ ပညာရေး အပါအ၀င် အနာဂတ် ဘ၀ရှင်သန်ရေး အကူအညီများစွာ လိုအပ်လျက်ရှိ ကြောင်း သတင်းရရှိသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်မုန်တိုင်းကြောင့် မိဘဆွေမျိုးများ သေဆုံးပြီး အုပ်ထိန်းသူမဲ့နေသော ကလေးငယ်များ ရှိသကဲ့သို့ မုန်တိုင်း မတိုက်မီကပင် မိဘဆွေမျိုးများမရှိဘဲ ရုန်းကန် နေရသော မိဘမဲ့ကလေး အများအပြားရှိ နေသည်ဟု သိရသည်။ ထိုအုပ်ထိန်းသူမဲ့ ကလေးငယ်အများစုသည် နီးစပ်ရာ ဒေသခံများထံတွင် ခိုလှုံပြီး ပညာဆက်လက်သင်ယူ နိုင်ခြင်းမရှိဘဲ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရကြောင်း ဘိုကလေးမြို့နယ် သဲချောင်း ကျေးရွာမှ ကျေးရွာလူကြီးတဦးက ပြောသည်။“ဒီကလေးတွေက ၀မ်းရေးအတွက် ကိုယ်ဝမ်းကိုယ်ကျောင်း ရှာစားနေရတယ်”ဟု ၎င်းက ဆိုသည်။လူဦးရေ ၄၀၀ နီးပါးရှိသော သဲချောင်း ကျေးရွာတွင် မိဘမဲ့ကလေး ၂၀ ကျော်ရှိနေပြီး ကြုံရာကျပန်းလုပ်ကိုင် စားသောက် နေရသည့်အတွက် ထိုကလေးငယ်များ၏ အနာဂတ်အရေးမှာ မရေမရာ ဖြစ်နေသည်ဟု လည်း သဲချောင်းရွာလူကြီးက ပြောသည်။ “ဒီကလေးတွေကို ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေလည်းမရှိဘူး။ ကျေးရွာကလည်း ဆင်းရဲတော့ ဘာမှ မထောက်ပံ့နိုင်ဘူး။ သူတို့ကို ပြောဆိုဆုံးမရုံကလွဲရင် ဘာဆိုဘာမှ လုပ်မပေးနိုင်ဘူး”ဟု ထိုကျေးရွာလူကြီး က ရှင်းပြသည်။အထူးသဖြင့် သွားလာရခက်ခဲသော မုန်တိုင်းသင့်ကျေးရွာများတွင် မိဘမဲ့ကလေးအရေအတွက် အများ အပြား ရှိနေလင့်ကစား ကုလသမဂ္ဂအပါအ၀င် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများက ထိုအုပ်ထိန်း သူမဲ့ ကလေးများကို ထိရောက်သည့် အကူအညီများမပေးနိုင်ဟု ဘိုကလေးမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာဝန်ထမ်းတဦးက ပြောသည်။“အစိုးရက ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် အကူအညီတွေဆက်ပေးဖို့ခက်ခဲလာတယ်။ မိဘမဲ့ ကလေး တွေအရေးထက် ကျေးရွာတွေ ပြန်လည်ထူထောင်အခြေကျလာဖို့တောင်မှ အဖွဲ့အစည်းတွေက တော်တော် လုပ်ယူနေရတယ်”ဟု ထိုမြန်မာဝန်ထမ်းက ဆိုသည်။နာဂစ်မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံခဲ့ရသော လပွတ္တာမြို့နယ်တွင်လည်း မိဘမဲ့ကလေး အများအပြားရှိနေ သည် ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။“အဖေရော၊ အမေရော မရှိတဲ့ကလေးတွေ တော်တော်များတယ်။ ဒီကလေးတွေက သူတို့ရဲ့ဆွေမျိုး သားချင်း ဒါမှမဟုတ် ရပ်ဆွေရပ်မျိုးလိုဖြစ်နေတဲ့ ရွာသူရွာသားတွေဆီမှာ နေကြတယ်။ တော်တော်များက ပညာရေး ဆုံးခန်းမတိုင်ကြဘူး။ တချို့ကလေးတွေက စာလုံးဝမတတ်ဘူး”ဟု လပွတ္တာ၊ ဆားချက်ကျေးရွာမှ ဒေသခံ တဦးက ပြောသည်။လပွတ္တာမြို့နှင့် အလွန်ဝေးကွာသော ၎င်းတို့ဆားချက်ကျေးရွာတွင်လည်း မိဘမဲ့ကလေး ၅၀နီးပါးရှိသည်ဟု ထိုဒေသခံ ကဆိုသည်။“ဆားချက်မှာ နေကြတာက ကရင်လူမျိုးတွေများတယ်။ တရွာလုံးက ဆွေမျိုးတွေလို ဖြစ်နေတော့ မိဘ မရှိ တော့တဲ့ ကလေးတွေကို နီးစပ်ရာဆွေမျိုးသားချင်းတွေက ပြုစုစောင့်ရှောက်တယ်။ ဒါပေမယ့် ဆင်းရဲတော့ ကလေးတွေက စာသင်ဖို့ တော်တော်ခက်ခဲကြတယ်”ဟုလည်း ဆားချက်ရွာ ဒေသခံက ပြောသည်။မုန်တိုင်းသင့်ဒေသတွင် မိဘမဲ့ကလေးများသာမက မိဘရှိသောကလေးများလည်း ဆင်းရဲကျပ်တည်း လွန်း သောကြောင့် ပညာရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု သိရှိရသည်။ “မုန်တိုင်းထိတာ တနှစ်ကျော်ကြာခဲ့ပြီ။ ဘာဆို ဘာမှ အတည်တကျမဖြစ်သေးပါဘူး။ ကလေးတွေအတွက် ပညာရေးဆိုတာထားဦး။ လူကြီးတွေတောင် လုပ်ကိုင်စားသောက်ဖို့ မလွယ်လှတဲ့ အခြေအနေပါ”ဟု လပွတ္တာ မိကျောင်းအိုင်ကျေးရွာသား တဦးက ပြောသည်။လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာရှိတဦးကမူ မုန်တိုင်းသင့် ဒေသများမှ အုပ်ထိန်းသူမဲ့ကလေး ၁၀၀ ကျော်ကို ဂေဟာတစ်ခု ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးလျက်ရှိသော် လည်း ကျေးရွာများတွင်ကျန်ရှိနေသော မိဘမဲ့ကလေးများအတွက်မူ ထောက်ပံ့ရေးအစီအစဉ်များ မရှိ ကြောင်း ပြောဆိုသည်။မုန်တိုင်းသင့်ဒေသများတွင် အကူအညီများဆက်လက် လိုအပ်နေလင့်ကစား အစိုးရက သြဂုတ်လ ၁၅ ရက် နေ့တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) ၏ ရဟတ်ယာဉ်များကို ပျံသန်းခွင့် သက်တမ်းတိုးမပေးဘဲ ပိတ်ပင် လိုက်သည့်အတွက် စားနပ်ရိက္ခာအကူအညီပေးရန် အခက်အခဲ များရှိနေသည်ဟု WFP မြန်မာဝန်ထမ်းတဦး က ပြောသည်။ “ဆန်နဲ့ တခြားရိက္ခာတွေသယ်ဖို့ ရဟတ်ယာဉ်မရှိတော့ သင်္ဘောနဲ့သယ်ဖို့ အစီအစဉ်တွေ လုပ်နေတယ်” ဟု ဆိုသည်။၂၀၀၈ ခုနှစ်၊မေလတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း တသိန်းလေးသောင်းနီးပါး အသက်ဆုံးရှုံးခဲ့ရသည်။

အပြည့်အစုံ...>>

ကိုးကန့်ဒေသနယ်စပ်တလျှောက် တရုပ်တပ်များ ချီတက်နေရာယူ

၂၆ ရက် သြဂုတ် ၂၀၀၉။ သျှမ်းသံတော်ဆင့်
ကိုးကန့်နှင့် စစ်အစိုးရတပ်ဆက်ဆံရေးတစထက်တစအခြေအနေတင်းမာလာမှုကြောင့် နှစ်ဖက်အကြား အချိန်မရွေး ပစ်ခတ်မှုဖြစ်ပွားနိုင်သဖြင့် တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (China’s People’s Liberation Army ) အင်အား ၇၀၀ ကျော်ကလည်း ကိုးကန့်ဒေသနှင့်မျက်နှာချင်းဆိုင် နယ်စပ်တလျှောက်သို့ ရောက်ရှိအသင့်နေရာယူလျက်ရှိကြောင်း အပစ်ရပ်အဖွဲ့တဖွဲ့ထံမှ သိရသည်။ယခု ၂-၃ ရက်အတွင်း ကိုးကန့်မြို့တော်လောက်ကိုင်အနီးအနားပတ်ဝန်းကျင်တခုလုံး ဗမာစစ်တပ်အင်အား ၂၀၀၀ ကျော် ၀ိုင်းရံနေရာယူထားသည်ဟုလည်း သိရသည်။
“ဗမာစစ်တပ်တွေ အခွင့်ကောင်းကိုစောင့်နေတာဘဲ။ ကိုးကန့်အဖွဲ့အကွဲအပြဲအက်ကြောင်းပေါ်ရင်ပေါ်သလိုသပ်လျှိုဝင်စီးမဲ့ အနေအထားဖြစ်နေတယ်” ဟု အမည်မဖော်လိုသည့် ၀ အရာရှိတဦးကပြောသည်။ကိုးကန့် ဥက္ကဌ ဖုန်ကြားရှင်းမှ သြဇာအာဏာအားလုံး လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသည် ဟုစွပ်စွဲပြီး ၎င်း၏ဒုစစ်ဦးစီးချုပ် ဖြစ်သူ ပိုင်စုန်ချိန်၊ အုပ်ချုပ်ရေးဌာနတာဝန်ခံ မီရှောက်ထင် ၊ အီးစီအဖွဲ့ဝင် လီကိုရှီး နှင့် တပ်မှူး လီအေ တို့က အင်အား ၁၀၀ ကျော်ဖြင့် ဖုန်ကြားရှင်အား ပုန်ကန်အာဏာသိမ်းရန်အတွက် နအဖတပ်နှင့်ပူးပေါင်းသွားရာမှ အခြေအနေပိုမိုဆိုးရွား ရှူပ်ထွေးခဲ့သည်။ယင်းဆန့်ကျင်သူများအနက် တဦးဖြစ်သူ ဝေရှောက်ယန် ကိုမူ ဖုန်ကြားရှင်းတပ်ဖွဲ့ဘက်ကဖမ်းဆီးထားကြောင်းသိရ သည်။“ပိုင်စုန်ချိန်နဲ့ပါသွားတာ အင်အား ၁၀၀ကျော်လောက်ရှိမယ်။ ဒါပေမဲ့ နောက်ပိုင်း ဖုန်ကြားရှင်းဖက်ကပြန်ခေါ်တော့ အားလုံးနီးပါးပြန်လာတယ်။ ၁၀ ယောက်ကျော်ဘဲကျန်တယ်”ဟု ယင်းအရာရှိကပြောသည်။ထိုအာဏာဖီဆန်မှုမျိုး လွန်ခဲ့သောနှစ်များ၌ ရှိခဲ့ဖူးသော်လည်း ယခုဖီဆန်ကွဲပြဲမူအပေါ်သည် ဗမာစစ်တပ်ဘက်က ကိုးကန့်၏ ဟာကွက်ကို ပိုင်ပိုင်နိုင်နိုင်အမြတ်ထုတ်လိုပုံရသည်ဟု ပြောဆိုကြသည်။သြဂုတ် ၂၁ ရက် လောက်ကိုင်ဒေသခံ ဗမာစစ်တပ်က လောက်ကိုင်အရှေ့ဘက်တွင်ရှိသည့် ဖုန်ကြားရှင်း၏ လက်နက်ပြင် စက်ရုံကိုသွားရောက်ရှာဖွေသိမ်းဆည်းခဲ့ပြီး နောက်တစ်ရက် ဖုန်ကြားရှင်း၊ ဖုန်ကြားဖူးနှင့် ဥက္ကဌ၏သား နှစ်ဦးတို့အား လားရှိုးရဲစခန်းက ဖမ်းဝရန်းထုတ်၍ ဆင့်ခေါ်လိုက်သည်။ သို့သော် ၎င်းတို့လေးဦးလည်း သွားရောက်ခြင်းမရှိသဖြင့် ၂၃ ရက်နေ့၌ ဖုန်ကြားရှင်းနေအိမ်ကို ၀ိုင်းရံခဲ့သည်။ယခုနောက်ဆုံးသတင်းအရ ကိုးကန့်တပ်ဖွဲ့များသည် လောက်ကိုင်အရှေ့မြောက်ဘက်ရှိ ၎င်းတို့၏ဗဟိုဌာနချုပ်ရုံးသို့ ယမန်နေ့ညကတည်းက ဆုတ်ခွာသွားခဲ့သည် ဟုသိရသည်။“မနေ့ညတုန်းကလည်း ပစ်ကြတော့မလို့ဘဲ၊ တရုတ်အာဏာပိုင်တွေ ဖျောင်းဖျတားမြစ်တော့ ကိုးကန့်ဘက်က ညတွင်းချင်း အဆင့် ၂ ဆင့်ဆုတ်ခွာနေရာယူလိုက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်၌ ဖုန်ကြားရှင်းက ၎င်း၏ တပ်မှူးများအား ဗမာတပ်များ ဌာနချုပ်ရုံးအနီးထပ်မံကျူးကျော်လာ ပါက ချက်ချင်းပစ်ခတ်နိုင်ကြောင်း အမိန့်ချဆင့်ဆိုလိုက်သည် ဟု ဆိုသည်။ယင်းကိစ္စနှင့်ပက်သက်၍ စစ်ရေးလေ့လာသူများက နအဖစစ်အာဏာပိုင်များသည် အပစ်ရပ်အုပ်စုအချင်းအချင်း အထင်အမြင်လွဲကွဲပြဲစေရန် ကြားထဲမှ အဆက်မပြတ်သွေးဆောင်ထိုးဆွ၍ အခွင့်ကောင်းယူ အမြတ်ထုတ်သောနည်းဖြင့် ပစ်ခတ်မှုမရှိဘဲ စီးနင်းသိမ်းပိုက်မည်ဟု သုံးသပ်ကြသည်။“အခုလဲ ၂၀၀၀ခုနှစ်တုန်းက မိန်းကိုး မှာဖြစ်ခဲ့တဲ့ကိစ္စမျိုးထပ်ဖြစ်အုံးမယ်ထင်တယ်” ဟု တရုပ်စီးပွားရေးသမားတစ်ဦးက လည်း ပြောဆိုသည်။ကိုးကန့်၏မဟာမိတ် ၀တပ်ဖွဲ့နှင့် အခြားတပ်ဖွဲ့ဝင်များအဖို့ ကိုးကန့်ဘက်မှဖိတ်ခေါ်မူမရှိမချင်း၊ သို့မဟုတ် နအဖတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုမရှိမချင်း၊ ၎င်းတို့အနေနှင့်ဝင်စွက်ဖက်မည်မဟုတ်ဟု အမည်မဖော်လိုသည့် ၀အရာရှိတစ်ဦးထံမှ သိရသည်။“အခုအချိန် သူတို့ကိုကူညီနိုင်တာက သူတို့အချင်းချင်း ငြိမ်းချမ်းစွာပြန်လည်သင့်မြတ်အောင် ဖြန်ဖြေပေးရေးဘဲဖြစ်မယ် ထင်တယ်” ဟု သူကဆိုသည်။စက်ရပ်သတင်းရေးပြီးချိန် ၂၁း၀၀နာရီ (ထိုင်းစံတော်ချိန်)

အပြည့်အစုံ...>>

ပြည်သူချင်းအတူတူ ဗမာလူမျိုးများ ဆေးကုခွင့် အလကားရ

၂၅ ရက် သြဂုတ် ၂၀၀၉။ နိရဉ္စရာ
မောင်တောမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံ အရပ်သားများအား ငွေမပါလျှင် ဆေးရုံတက်ခွင့် မပြုသော်လည်း ဗမာပြည်မှ ပြောင်းရွှေ့လာသူ နတလ စံပြကျေးရွာသား ဗမာ မိသားစုများကိုမူ အခကြေးငွေ တစုံတရာ ပေးသွင်းစရာ မလိုဘဲ အလကား ဆေးကုသ ပေးနေကြောင်း အမည် မဖေါ်လိုသူ အမျိုးသမီး တဦးက ပြောသည်။“ကျွန်မကလေး နေမကောင်းလို့ ဆေးရုံသွားပြတာ ဆေးရုံတင်ဖို့ ပိုက်ဆံ အလုံအလောက်ပါသလားလို့ ဆေးရုံ တာဝန်ရှိသူတွေက မေးပါတယ်။ ပိုက်ဆံပါတယ်ဆိုမှ ဆေးရုံကို သွင်းပါတယ်။ နတလ စံပြကျေးရွာသားတွေကျတော့ သူတို့က အလကား ကုသပေးတယ်။ သူတို့က ဗမာ လူမျိုးတွေကို ဦးစားပေးတဲ့ သဘောမျိုး လုပ်ထား ပါတယ်။ ကျွန်မတို့ဒေသမှာ ဗမာ လူမျိုးဆိုတာ ဒေသခံ ပြည်သူတွေနဲ့ မတူဘဲ အထူး အခွင့်အရေးအရ လူမျိုး တမျိုး ဖြစ်နေပါတယ်။”
အဆိုပါ အမျိုးသမီး၏ ၇ နှစ်ရွယ် သမီး ဖျားနာသဖြင့် မောင်တောဆေးရုံတွင် တက်ရောက် ဆေးကုသရာတွင် ဆေးပြားတပြားမှ အစ ဆေးရုံက မရရှိဘဲ အပြင်က ၀ယ်ယူသုံးစွဲခဲ့ရသည်ဟု သူမက ပြောသည်။ “စုစုပေါင်း သုံးရက်တိတိ ကုသခဲ့တာမှာ ကျပ် ၇ သောင်းကျော် ကုန်ပါတယ်။ ဆရာဝန် စမ်းသပ်ခက အစ အကုန်လုံး ပေးရပါတယ်။ ကျွန်မတို့နဲ့ တခန်းတည်း အတူနေပြီး ဆေးကုနေတဲ့ စံပြ ကျေးရွာသား ဗမာလူမျိုးတွေကိုတော့ ဆေးရုံက ဆေးတွေ အလာကား ထုတ်ပေးပြီး ကုသပါတယ်။ ဘာပိုက်ဆံမှ ပေးစရာမလိုပါ။ လူနာချင်း အတူတူ ကျွန်မတို့က အပြင်က ဆေးတွေကို ကိုယ့်ဟာကိုယ် ၀ယ်ယူပြီး ဆေးကုရပြီး ဗမာလူမျိုးတွေကျတော အလကား ဆေးကုခွင့်ရတာကို မြင်ရတော့ ကျွန်မတို့ စိတ်ထဲမှာ ဘယ်လိုပြောရမှန်းမသိဘူး။ တမျိုးကြီးခံစားရပါတယ်။ ကိုယ့်ကိုကိုယ် လူရာမ၀င်သလို စိတ်တွေ ဖြစ်မိပါတယ်” ။ ရခိုင်ပြည်နယ်ရှိ အစိုးရ ဆေးရုံများတွင် လူနာများအတွက် အစိုးရမှ ဆေးထုတ်ပေးသော စနစ်မှာ မရှိသလောက် ဖြစ်သွားပြီး ဆေးရုံတက်သူများ အနေဖြင့် ဆေးများကို ဆရာဝန်၏ ဆေးစာအတိုင်း အပြင် ဆေးဆိုင်များမှ ၀ယ်ယူပြီး သုံးစွဲရသည်။ထိုသို့ ၀ယ်ယူရာတွင်လည်း ဆေးများကို ဆရာဝန်မှ ညွန်ကြားသော ဆေးဆိုင်များမှ ၀ယ်ယူရပြီး ဆရာဝန်မှ မညွှန်ကြားသော ဆေးဆိုင်များမှ ၀ယ်ယူခြင်း မပြုလုပ်ရဟု သိရသည်။ နအဖ စစ်အစိုးရမှ ဗမာပြည်မှ ပြောင်းရွှေ့လာသူ စံပြ ကျေးရွာသားများမှာ နိုင်ငံတော် စီမံကိန်းအရ ပြောင်းရွှေ့လာသူများ ဖြစ်ကြသဖြင့် အစိုးရ ဆေးရုံများတွင် ငွေကြေး တစုံတရာ အကုန်အကျ မရှိစေဘဲ ဆေးဝါ့းကုသပေးရန် ညွန်ကြားထားသဖြင့် နတလ ကျေးရွာများမှ ဗမာမိသားစုများကို အစိုးရ ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့် ရရှိကြသည်ဟု သိရသည်။

အပြည့်အစုံ...>>

မြန်မာပြည်တွင်းက အတိုက်အခံများကို စစ်အုပ်စုက ဖိအားများ တိုးမြှင့်နေဆဲ

၂၃ ရက် သြဂုတ် ၂၀၀၉။ မိုးမခအထောက်တော်
မြန်မာပြည်တွင်းက အတိုက်အခံအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို စစ်အုပ်စုက အဆက်မပြတ် စောင့်ကြည့်ပြီး ဖိအားပေးမှုတွေ၊ အနှောက်အယှက်ပေးတာတွေနဲ့ ခြိန်းခြောက်မှုတွေကို ကျုးလွန်နေဆဲဖြစ်တယ်လို့ သတင်းများကဆိုပါတယ်။
ပထမသတင်းတခုကတော့ - ကြို့ပင့်ကောက်မြို့နယ်က ကျောင်းတိုက်တခုကို စစ်တပ်က၀င်ပြီး ခြိန်းခြောက်မှုတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ပြန့်နှံ့နေတဲ့ သပိတ်မှောက်ရေး တိုက်တွန်းတဲ့စာများ၊ စစ်အစိုးရကို ကန့်ကွက်ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ ကြေငြာချက်များကြောင့် သံဃာတော်များကို စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်လာတယ်လို့ မှတ်ချက်ပေးပါတယ်။
တိုင်းက တဆင့်ညွန်ကြားထားလို့ မြို့နယ်သံဃာနာယကအဖွဲ့တွေက ရဟန်းငယ်များကို တာဝန်ပေးပြီးတော့ သံဃာအချင်းချင်းကိုလည်း စောင့်ကြည့်ခိုင်းတယ်လို့လည်း ဆိုပါတယ်။
ဒုတိယသတင်းတခုကတော့ ထောင်ဝင်စာသွားရောက်နေကြတဲ့ မိသားစုဝင်တွေကိုလည်း စစ်အုပ်စုရဲ့ လုံခြုံရေးအဖွဲ့ဝင်တွေသာမက နယ်မြေခံသတင်းပေးတွေပါ အနှောက်အယှက်တွေ ပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ထောင်ဝင်စာတွေ့ချိန်မှာ မိသားစုတွေ လွတ်လွတ်လပ်လပ်စကားပြောခွင့်မရှိအောင်လည်း ဆောင်ရွက်တယ်လို့လဲ ပြောကြပါတယ်။ နှစ်ရှည်ထောင်ဒဏ်ကျခံထားရတဲ့ ကျောင်းသားတဦးဖြစ်တဲ့ ဒီငြိမ်းလင်းအတွက် ထောင်ဝင်စာသွားတွေ့တဲ့ မိခင်ကို ကားဂိတ်မှာ ပိုက်စိတ်တိုက်ရှာပြီး အနှောက်အယှက်ပေးခဲ့တယ်လို့ မျက်မြင်တို့က ပြောပြခဲ့ပါတယ်။
တတိယသတင်းတခုကတော့ ကြို့ပင့်ကောက်မြို့နယ်နဲ့ ပတ်သက်ပါတယ်။ သြဂုတ် ၁၆ မှာ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးဟူသော စာရွက်များ ဖြန့်ဝေခဲ့ကြပြီးနောက်မှာ မြို့နယ်က ဒေါ်မာမာအေးနဲ့ ဝေယံဝင်းခိုင်တို့ကို ၁၇ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အဲသည်လို စာရွက်စာတမ်းတွေကို ဖြန့်ဝေကြတဲ့ဖြစ်ရပ်တွေမှာ အချို့တွေကို အတိုက်အခံတွေက ဖြန့်ချိခဲ့တာမျိုး မရှိဘူးလို့လဲ မြို့ခံအချို့က ပြောပါတယ်။

အပြည့်အစုံ...>>

တွံတေးမြို့နယ်ဆုတောင်းပွဲ ပြည်သူထောင်နှင့်ချီ လာရောက် ဝတ်ပြုဆုတောင်းခဲ့

၁၉ ရက် သြဂုတ် ၂၀၀၉။ ရိုးမ၃
တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ကာ ယနေ့ ဝတ်ပြုဆုတောင်းခဲ့ရာ ပြည်သူလူထု ထောင်နှင့်ချီ၍ ပူးပေါင်းပါဝင်ခဲ့ကြသည်။ဝတ်ပြုဆုတောင်းပွဲအား နောက်ဆုံးနေ့အဖြစ် သတ်မှတ်ကာ (NLD)ပါတီဝင်များက တွံတေးမြို့ပေါ်ရှိ ရွှေဆံတော်ဘုရား အင်္ဂါဒေါင့်တွင် ဝတ်ပြုဆုတောင်းပွဲကို ယနေ့ နေ့လည်က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များကလည်း တွံတေးမြို့ပေါ်တွင် လုံခြုံရေးများ ထူထပ်စွာ ချထားပြီး အဆိုပါလှုပ်ရှားမှုကို စောင့်ကြည့်မှုများ ရှိခဲ့သည်။“လုံခြုံရေးကတော့ ဘုရားအောက်မှာတွေ၊ မြို့ထဲမှာတွေကော နောက်ပြီးတော့ ဘုရားအပေါ်မှာလည်း ချထားတယ်၊ လုံခြုံရေးကတော့ တော်တော်များတယ်ဗျ၊ ရဲတွေပါ၊ ဒါပေမဲ့ ယူနီဖောင်းတွေတော့ မပါဘူး၊ ရဲသတင်းပေးတွေလည်း များတယ်၊ ဒီနေ့တော့ ဝိုင်းစောင့်ကြည့်တာတွေ ဗွီဒီယိုရိုတာတွေပဲ ရှိတယ်၊ ဒီနေ့လာတဲ့ ပြည်သူလူထုအများအားဖြင့်ကတော့ အင်္ဂါဒေါင့်မှာပဲ ဝတ်ပြုဆုတောင်းတယ်” ဟု အင်န်အယ်ဒီပါတီ တွဲဘက်အတွင်း ရေးမှူး ကိုဇော်မင်းထွန်းက ပြောသည်။ယနေ့သည် ဝါခေါင်လကွယ် ဥပုသ်နေ့ဖြစ်သည့်အတွက် ပြည်သူလူထုများက အဖြူရောင်များဝတ်ဆင်ကာ ဘုရားပေါ်သို့ တက်ရောက်ခဲ့ပြီး ဝတ်ပြုဆုတောင်းခဲ့ရာတွင် အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး အင်အား ၃,၀၀၀ ခန့်ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ယနေ့နောက်ဆုံးနေ့အဖြစ် အဖြူရောင်ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်မည်ကို တွံတေးမြို့နယ် (NLD)ပါတီအဖွဲ့ဝင်အချို့က ယခင်ရက်များတွင် ပြည်သူများအကြား လိုက်လံပြောဆိုထားခဲ့သည်ဟု ဆိုသည်။“မနေ့ကလည်း ကျနော်တို့ ရဲတွေနဲ့ ပြဿနာတက်တယ်ဆိုတာ ပြည်သူက သိတယ်၊ ဒီနေ့ထပ်ဖြစ်မယ်ဆိုရင် သူတို့က ဥပုသ်လာစောင့်ရင်းနဲ့ ဒီ လှုပ်ရှားနေတဲ့သူတွေကို ဝိုင်းကာကွယ်မယ်ဆိုပြီး လာကြတာပါ၊ ဥပုသ်နေ့တိုင်းမှာ ဒီလို လူအများကြီး ဘုရားပေါ်မတက်ဘူး၊ နည်းနည်းလောက်ပဲ တက်တာ၊ ဘုန်းကြီးကျောင်းတွေလောက်ပဲ သွားကြတာ၊ ခုက ဘုရားပေါ်ကို အများကြီးတက်လာတယ်” ဟု ကိုဇော်မင်းထွန်းက ပြောသည်။ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထပ်မံချထားခြင်းမှာ နိုင်ငံရေးနှင့်ပတ်သက်၍ ထောင်ချောက်ဆင်မှုသာဖြစ်သဖြင့် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကန့်ကွက်ရှုတ်ချသည်ဟုလည်း ၎င်းက ပြောသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် အဓိကတရားခံ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ယက်တောအား စစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်မင်းထွန်းက “နိုင်ငံခြားသားကိုတော့ သဘောထားကြီးစွာနဲ့ လွှတ်ပေးနိုင်တယ်၊ ကိုယ့်လူမျိုးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ သဘောထားမကြီးဘဲနဲ့ နေအိမ်အကျယ်ချုပ်ထားတယ်၊ ထောင်ချတယ်၊ ခုလို အဖြူရောင် လှုပ်ရှားမှုတွေမှာ ရိုက်နှက်တယ်၊ ကျနော်တို့ကတော့ စစ်မှန်သော ဒီမိုကရေစီရတဲ့အထိ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ပြောဆိုသွားသည်။

အပြည့်အစုံ...>>

ဖြောင့်ညာညာတဲ့ ဖြာ့ညောင်ညောင်


၁၉ ရက် သြဂုတ် ၂၀၀၉။

ကိုဂျင်ဝက်ဟာ စစ်သားတယောက်ဖြစ်ပါတယ်။ ဗီယက်နမ်စစ် ပွဲမှာ အရာရှိငယ်တယောက်အနေနဲ့ အမှတ် (၅) မရိန်းတပ် ရင်းမှာ တာဝန်ကျခဲ့သူဖြစ်ပါတယ်။ အမေရိကန်တိုက်ခဲ့တဲ့စစ်ပွဲ တွေ တော်တော်များများရဲ့ ထုံးစံအတိုင်း ဗီယက်နမ်ကို ၀င် တိုက်ခဲ့တာလည်း တရားသောစစ်ပွဲ မဟုတ်ခဲ့ပါဘူး။ မတရား သောစစ်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခဲ့တယ်လို့ ယူဆရတဲ့ စစ်သား တယောက်တော့ဖြစ်သလို သူရထားတဲ့ စစ်ပွဲနဲ့ဆိုင်တဲ့ သူရဲ ကောင်းတံဆိပ်တွေက မနည်းဘူး။
ပြီးတော့ သူဟာ အမေရိကန်ရေတပ်မတော်မှာ Secretary of Navy အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သလို စာ အုပ်တွေတော်တော်များများလည်း ရေးခဲ့သူပဲ။ အမေရိကားမှာ သူ့ဟာနဲ့သူတော့ အဆင့်နေရာတခု၊ ကြွယ်ဝမှုတခုနဲ့ အလုပ် ဖြစ်နေတဲ့ သူတယောက် ဖြစ်ပြန်သလို လူရိုသေရှင်ရိုသေထဲက တယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးအားလုံးဟာ သူ့အဆင့်နေရာနဲ့သူ လူရိုသေရှင်ရိုသေတွေ ဖြစ်ပါ တယ်။ နောက်ဆုံး တတိယဇနီးဖြစ်တဲ့ ဗီယက်နမ်လူမျိုး ဇနီးကအစပေါ့။ လေးစားဖွယ်ဂုဏ်ပုဒ်တွေနဲ့ လူတ ယောက်ပါ။သို့သော် သူ မြန်မာနိုင်ငံကိုသွားခဲ့တာရဲ့နောက်ပိုင်း သတင်းစာရှင်းလင်းပွဲက သူ့စကားတွေကို ပြန်ကြည့်ကြရ အောင်လား။"With respect to Aung San Suu Kyi, I don't want to take the risk of misrepresenting her views but I would say to you it was my clear impression from her that she is not opposed to lifting some sanctions," Webb said."I can say it was my impression from listening to her in the conversation that there were some areas that she would be willing to look at," he told reporters in Bangkok.အထက်ပါအတိုင်း ကိုဂျင်ဝက်က ပြောခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်နှုတ်က ထုတ်ပြောခဲ့တဲ့ စကားမဟုတ်တဲ့ သူ့ရဲ့ဆန္ဒစွဲနဲ့ သူလိုရာလမ်းကို ကမ္ဘာ့နိုင်ငံအ သီးသီးနဲ့ သူ့အမေရိကန်အစိုးရ လိုက်လာနိုင်အောင် ခင်းတဲ့ခြေခင်း ဖြစ်ပါတယ်။ ပိတ်ဆို့ရေးတွေ ဖွင့်ဖို့ မဖွင့်ဖို့ ကို အကြောင်းအရာတခုအနေနဲ့ အလေးအနက်ထားပြီး ကျုပ်မဆွေးနွေးပါဘူး။ဒီနေရာမှာ ဆွေးနွေးချင်တာ၊ အလေးအနက်ပြောချင်တာ တချက်ပဲရှိပါတယ်။ နအဖကို မလိုလားသူတွေရဲ့ အ မေရိကန်ကို အားကိုးမှု၊ အမေရိကန်အစိုးရသာ အာနိုးကြီးကို မျက်နှာအိုးမဲသုတ် စက်သေနတ်ကြီးလွယ်ခိုင်းပြီး မရိန်းတပ်ဖွဲ့နဲ့ မိုးကျရွှေကိုယ်တွေလို လေထီးနဲ့ခုန်ချ နောက်တော့ ဘကြီးသန်းကို ၀င်ဖမ်းရင်ဖြင့် ဘယ်လို ... ရော့ကက်ကြီးနဲ့ ပျဉ်းမနားကို လှမ်းပစ်လိုက်ရင်တော့ ဘယ့်နှယ် .. အဲသလို .. အဲသလို စိတ်ကူးတွေယဉ်ကြတဲ့ လူတွေကတမျိုး၊ အဲသလိုတွေ မလုပ်ပေးနိုင်ဘူးသိပေမယ့် နှစ်စဉ် အမေရိကန်က ချပေးတဲ့ ရန်ပုံငွေနဲ့ အလုပ် ဖြစ်နေတဲ့ ဆရာတွေက တဖုံပေါ့။ခုတော့မြင်ကွင်းက ရှင်းသွားသလောက်ရှိပါပြီ။ ကိုဂျင်ဝက်ဆိုတာ အမေရိကန်အစိုးရရဲ့ တကယ့်စီနီယာကြီးတ ယောက်ပါ ။ အဲသလို စီနီယာတယောက်က စကားပရိယာယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောဆိုခဲ့တာ တွေမဟုတ်ဘဲ သူခံစားလိုက်မိတယ်၊ အာရုံရလိုက်ပါတယ်လို့ လူလည်ကျပြီး နအဖနဲ့ အကွက်ပေါင်းရွှေ့ဖို့ လုပ် တဲ့ လုပ်ရပ်ကို ကြည့်ချင်းဖြင့် မရိုးသားတဲ့ ခြေကွက်တွေနဲ့ ယခု အိုဘားမားရုံးအဖွဲ့က မြန်မာ့နိုင်ငံရေးကွင်းမှာ ၀င်ကစားတော့မှာ သိပ်မြင်သာထင်သာလာပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိကစားမှာလဲ ဘယ်အတိုင်းအ တာအထိ ၀င်လာမှာလဲဆိုတာကတော့ နအဖဘက်က ဘာတွေပြန်ရွှေ့ပေးမလဲဆိုတဲ့ အကွက်အပေါ်မှာ အ များကြီးမူတည်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပုံစံကျတဲ့ စစ်မှန်တဲ့ လမ်းကြောင်းပေါ်က စတင်ဖို့ အမြဲကမ်းလှမ်းပြီး ဖွင့်ထားပေးတဲ့သူပါ။သို့သော် အဲဒီလို အမျိုးသားပြန်လည်သင့်မြတ်ရေးတံခါးကို ဖွင့်ထားပေးတဲ့ လူထုခေါင်းဆောင်တယောက်၊ အ နိုင်ရပါတီက ခေါင်းဆောင်တယောက်ကို ခုလို ဖမ်းဆီးချုပ်နှောင်ဆဲ ဖြစ်နေတာကိုလလည်း ကိုဂျင်ဝက် မြင် လျက်သိလျက်ဖြစ်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျရသူတွေ ထောင်ပေါင်းများစွာ အကျဉ်းစခန်းတွေ မှာ ရှိနေတာကိုလည်း ကိုဂျင်ဝက် သိပါတယ်။ ၂၀၀၇ မှာ သံဃာတွေကို အရှင်လတ်လတ် ပစ်သတ်၊ ခေါင်းရိုက် ခွဲ၊ ဆွဲထိုး၊ ခြေထောက်နဲ့ ဆောင့်ကန် လုပ်ခဲ့တာတွေကိုလည်း ကိုဂျင်ဝက် သိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအတုအ ယောင်ကို အဓမ္မလိမ်ညာပြီး လုပ်ခဲ့တာကိုလည်း ကိုဂျင်ဝက် အသိပါပဲ။ အားလုံးကို သူ့ဟာနဲ့သူ သိပြီးသားဖြစ် သလို သူမသွားခင်ကတည်းကလည်း CIA က Briefing ပေးပြီးသားဖြစ်ပါတယ်။အမေရိကန်အားကိုးတဲ့ စိတ်ကူးယဉ်အိပ်ရာထဲက ဖိတ်စာအပြဲစနဲ့ လူတွေအတွက်ကတော့ အထက်က ဆွေး နွေးချက်အတိုင်း ကိုဂျင်ဝက်ဟာ ဘာဆိုတဲ့ ရုပ်လုံးကို မြင်ကြမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးဖို့ အချိန်တန် ပြီ။ အမေရိကန်လည်း သူ့အကျိုးစီးပွားအတွက်ပဲ ကြည့်တယ်။တရုတ်လည်း သူ့အကျိုးစီးပွားအတွက်ပဲကြည့်တယ်။ ကျန်နိုင်ငံတွေလည်း အလားတူပါပဲ။ သူတိုအကျိုးစီးပွား အတွက် ကိုယ့်နိုင်ငံကိုယ့်လူမျိုးဆီက ရသမျှကို နှုတ်ယူထုတ်ယူသွားမှာတွေချည်းပါပဲ။ ဒီတော့ မမျှော်နဲ့။ ကိုယ် လုပ်စရာရှိတာကို ပြတ်ပြတ်သားသားပဲ မမှိတ်မသုန် လုပ်ကြသင့်ပြီလို့ပဲ သတိပေးချင်ပါတယ်။
တုတ်ကြီး (တာဝတိံသာ)

အပြည့်အစုံ...>>

ပြည်တွင်းအင်အားစုတွေနဲ့ ဆွေးနွေးမှုမရှိပဲ အကျိုးမဖြစ်နိုင်ဟု ဒေါ်စု ဝေဖန်

၁၈ရက် သြဂုတ် ၂၀၀၉။ ဗွီအိုအေ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာထက် ကိုယ့်နိုင်ငံအတွင်းမှာ အချင်းချင်း အရင်ညှိနှိုင်းဖို့လိုတယ်လို့ ပြောလိုက်တဲ့အကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မနေ့က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရှုတ်သိမ်းရေးအတွက် လုပ်ဆောင်တာမှာ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက် က အချက် ၂ချက် ပြန်ပြောခဲ့တယ်လို့ မနေ့က သူနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြပါတယ်။“ပထမ အချက်က Interaction လုပ်ဖို့ ဆိုတာ အဲဒါက ပြည်တွင်းမှာ အရင် လုပ်ရမှာ။ တခြားနိုင်ငံနဲ့ အရင်လုပ်ရမှာ မဟုတ်ဘူး။ ပြည်တွင်းမှာ interaction မဟုတ်ဘဲနဲ့ တခြားနိုင်ငံနဲ့ လုပ်လို့ ဘာမှ အကျိုးမရှိဘူးဆိုတာကို သူရှင်းပြတယ်။ နောက်တခုက saction နဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်ကတည်းက ဆက်ဆံရေး ၀န်ကြီးနဲ့ တွေ့နေတဲ့ ကာလမှာ အဲဒီတုန်းက ထုတ်ခဲ့တဲ့ သူတို့ရဲ့ အကြောင်းကြားစာရှိတယ်လေ။ confrontation တို့ out of devastation တို့ sanction တို့ blockage တို့ ဒါတွေကို မလုပ်တော့ပါဘူး၊ ရှုတ်သိမ်းပါတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့မယ်ဆိုပြီး ဟိုတုန်းက စာထွက်တယ်။ အဲဒီကတည်းက ဆွေးနွေးတဲ့အခါမှာ သူက ပြောတယ်တဲ့ sanction နဲ့ ပတ်သက်လို့ နှစ်ဘက် ပူးတွဲ သဘောထား ထုတ်ပြန်လိုတယ်။ နှစ်ဘက် ပူးတွဲပြီးတော့ sanction တွေ ရှုတ်သိမ်းအောင် ဆောင်ရွက်လိုတယ်လို့ အဆိုပြုခဲ့တယ်တဲ့။ အဆိုပြုတာတွေကို ပထမပိုင်းမှာ သဘောတူသယောင် ရှိပြီး နောက်ပိုင်း မလုပ်နိုင်ဘူးလို့ အဲဒါကို သူ ဂျင်မ် ၀က်ဘ် ကို သူရှင်းပြခဲ့တယ်တဲ့”အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်သူတဦးအဖြစ် အမေရိကန် နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ထင်ရှားသူတဦး ဖြစ်တဲ့အပြင်၊ အခုလို သူ့ရဲ့ ပြောဆိုမှုတွေ အများအမြင်မှာ ထင်ရောင်ထင်မှား ဖြစ်နိုင်စရာရှိတဲ့ အချက်တွေ ပါဝင်နေပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုတွေ ရှုတ်သိမ်းပေးရေးအတွက် သဘောတူသယောင်ယောင် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေတာကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ထိုင်းနိုင်ငံက သတင်းစာ ရှင်းလင်းပွဲအပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာတွေထဲမှာ ဖော်ပြနေတာတွေနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်မေးမြန်းခဲ့တဲ့အကြောင်း ပြောပြပါတယ်။ “ကျွန်တော်က ဒီနေရာမှာ မေးပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းကြားတာကတော့ ယိုးဒယားမှာ ဂျင်မ် ၀က်ဘ်က ရှင်းတာလည်း ကြားတယ်၊ နောက် လန်ဒန်က သတင်းစာ တစောင်မှာလည်း Tourism Sanction ကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်သိမ်းလိုတယ်လို့ ရေးတယ်လို့ ကြားတယ်။ အဲဒါကို ကျွန်တော်တို့က ပြောတော့။ သူက သူ အဲဒီလို လုံးဝ မပြောခဲ့ဘူးတဲ့၊ သူပြောတာက sanction နဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်မယ်၊ ရှုတ်သိမ်းဖို့ သဘောထားကိုလည်း ပူးပေါင်း ထုတ်ပြန်မယ်၊ ဒါပူးပေါင်းဆောင်ရွက်ပါ့မယ်ဆိုတာကို သူအဆိုပြုခဲ့တဲ့ အကြောင်းကို သူရှင်းပြပါတယ်။ အဓိကက သူမပြောဘူး၊ သူပြောတဲ့ sanction က အစိုးရနဲ့ အာဏာပိုင်းတွေနဲ့ ရှုတ်သိမ်းဖို့လိုရင် ပူးပေါင်းပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်ဖို့ အဆိုပြုတယ်၊ သူက ဒါပဲ ပြောပြခဲ့တာတဲ့။” စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးတွေကြောင့် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ အရေးယူရေး မူဝါဒတွေကို ချမှတ်ကျင့်သုံးလာခဲ့တာပါ။ ဒီလို ပိတ်ဆို့မှုတွေကြောင့်လည်း မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်နေတယ်လို့ ဂျင်မ် ၀က်ဘ်က မြင်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်းပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စစ်အစိုးရအပေါ် အတိုင်းအတာတခုအထိ သြဇာသက်ရောက်မှု ရှိတဲ့ တရုတ်နိုင်ငံကို နိုင်ငံတကာ ၀ိုင်းဝန်း ဖိအားပေးကြဖို့ တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက သြဇာ သက်ရောက်မှု ရှိတယ်၊ အင်အားကြီး နိုင်ငံမို့ ကြောက်ရွှံ့ရတယ်ဆိုတဲ့ ပုံစံမျိုး အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောခဲ့တာနဲ့ ပတ်သက်လို့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင် သဘောထားခြင်း ကွာခြားနေတာကို တွေ့ရပါတယ်။ “အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ တချို့အချက်တွေ ပြောတယ်။ ဥပမာ သူတခုပြောတာက ဂျင်မ်ဝက်ဘ် က ပြောတယ်တဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ပတ်သက်ပြီး နိုင်ငံကြီးမို့ စိုးရိမ်ထိတ်လန့် သဘောမျိုးကို သူက အဲဒါကို ပြောတယ်တဲ့။ ဒီစကားလုံးကို သူ လုံးဝ လက်မခံနိုင်ဘူး။ သူ့အနေနဲ့တော့ တရုတ်ကို အိမ်နီးနားချင်း ကောင်းအဖြစ် မိတ်ဆွေနိုင်ငံအဖြစ်၊ သူဒီလိုပဲ သဘောထားတယ်တဲ့။ စောစောကလို ပြောတဲ့စကားလုံးမျိုးကို သူ့အနေနဲ့ မကြိုက်ဘူးဆိုတာကို သူရှင်းပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က တဆက်တည်း ဒါနဲ့ ပတ်သက်ပြီး ပြောတာက ကမ္ဘာပေါ်မှာ ဘယ်လိုပဲဖြစ်ဖြစ် သြဇာရှိတာက တခု၊ အမေရိကန်၊ နောက်ပြီး အိမ်နီးနားချင်းက အိန္ဒိယ၊ တရုတ် ဒီနိုင်ငံတွေနဲ့အတူ အဆင်ပြေပြေ မိတ်ဆွေအဖြစ်ပဲ ကျွန်တော်တို့ ဆက်ဆံလိုတယ်လို့ သူအဲဒီလို ပြောပြခဲ့တယ်တဲ့။”

အပြည့်အစုံ...>>

ကြွက်မြီးတထောင်စီမံချက်ကြောင့် အခက်အခဲဖြစ်

၁၇ ရက် သြဂုတ် ၂၀၀၉။ ရိုးမ၃
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း လယ်ယာများတွင် ကြွက်ကြောင့် စပါးပင်များ ပျက်စီးဆုံးရှုံးမှုရှိနေသဖြင့် ကြွက်နှိမ်နင်းသည့် အာဏာပိုင်တို့၏ စီမံချက်ကြောင့် လယ်သမားများ အခက်အခဲနှင့် ကြုံတွေ့နေသည်။မျိုးစပါးများ ကိုက်ဖြတ်စားသောက်သည့် ကြွက်များအား နှိမ်နင်းရန် လယ်သမားတဦးလျှင် နေ့စဉ် သတ်မှတ်ထားသည့် ကြွက်မြီးအရေအတွက် အပ်နှံရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။
အဆိုပါခိုင်းစေမှုကို (၇၂) ဒိုင်နယ်ရှိသည့် ဘိုကလေးမြို့နယ် တမြို့နယ်လုံးအတွင်း မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) မှ ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်သည်။“သူတို့ပြောတာကတော့ ကြွက်မြီးတထောင်စီမံချက်တဲ့၊ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက စလုပ်နေတာ၊ ကြွက်မြီးတချောင်းရရင် ကျပ် ၂၀၀ ပေးတယ်၊ လယ်သမားတယောက်ကို တရက် ၅ မြီးရအောင် လုပ်ရမယ်၊ ရှာမရတဲ့လူက တမြီးအတွက် ၂၀၀ ပေးရတယ်၊ တရက်အတွက်ဆိုရင် ကျပ် ၁,၀၀၀၊ လုံးဝမရှာပေးနိုင်တဲ့သူ တအိမ်ထောင်ကို ကျပ် ၅,၀၀၀ (ရယက)ကို ပေးရတယ်” ဟု ဒေသခံလယ်သမားက ပြောသည်။ယခင် မျိုးစပါးစိုက်ပျိုးပြီးစအချိန်တွင် အဆိုပါမြို့နယ်များအတွင်း ကြွက်များဖျက်ဆီးမှု များပြားလာသဖြင့် အာဏာပိုင်များက ကြွက်နှိမ်နင်းခြင်းလုပ်ငန်းကို စတင်ခဲ့ပြီး စီမံချက်ကာလ မည်မျှကြာမည်ကို မသိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။အာဏာပိုင်များ၏ စီမံချက်ကြောင့် ဒေသခံများအနေဖြင့် တနေ့အတွက် သတ်မှတ်သည့် ကြွက်မြီးအရေအတွက် ပြည့်မှီအောင် ရှာဖွေနေကြသောကြောင့် လယ်ယာမြေအချို့ ပျက်စီးဆုံးရှုံမှုများ ဖြစ်ပေါ်ခဲ့ရသည်။လယ်မြေများ ပျက်စီးပုံနှင့်ပတ်သက်၍ “ကြွက်မြီးရှာတဲ့ တချို့က လယ်ကဇင်းရိုးတွေပါ ပေါက်ပြီး ရှာကြတော့ ကဇင်းတွေပျက်၊ ရေတွေပါ ပေါက်ကုန်ပြီး လယ်ထဲမှာ ရေတွေပါမရှိတော့ဘူး၊ ဒေသထဲက လယ်အတော်များများမှာ ဖြစ်နေကြတာ၊ ကဇင်းတွေ ပြန်ပေါက်ရ၊ ပြန်လိုက်နဲ့ အလုပ်ကိုရှုပ်နေတာပဲ၊ ပြီးတော့လည်း ကြွက်ရဖို့ကတမျိုး” ဟု ကျွန်းသာယာမှ လယ်သမားတဦးက ပြောသည်။ယခု မျိုးစပါးပင်များမှာ စိုက်ပျိုးရသည့်အရွယ်သို့ ရောက်ရှိနေပြီး အချို့မှာ စိုက်ပျိုးလက်စဖြစ်နေသဖြင့် ယခုကဲ့သို့ စီမံချက်ချလုပ်ကိုင်နေခြင်းမှာ အချိန်အခါနှင့်မကိုက်ညီကြောင်း ဆက်လက်ပြောဆိုသည်။အချို့ဒိုင်နယ်များမှာ မျိုးစပါးဖျက်ဆီးသည့် ကြွက်မရှိသော်လည်း စီမံချက်နယ်မြေအတွင်း ပါဝင်နေသောကြောင့် ဒေသခံလယ်သမားများမှာ ကြွက်ရရှိရေးကို အပူတပြင်း လိုက်လံရှာဖွေနေကြရသည်။“စက်ဆန်းတိုက်နယ်ထဲက ထော်ပိုင်ဆို ကြွက်က မရှိဘူး၊ မရှိလည်း သတ်မှတ်ချက်ပြည့်မှီအောင် ရှာကြတော့ လယ်အတော်များများ ရေတွေ ပေါက်ထွက်ကုန်တယ်၊ ခုရက်ပိုင်းထဲမှာ မိုးကမရွာဘဲ နေပူတော့ လယ်တွေ ပတ်ကြားအက်ကုန်တယ်၊ ကြိမ်ချောင်းကြီး၊ ကျွန်းသာယာနဲ့ ထော်ပိုင်ဘက်မှာပေါ့” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။ဒေသခံ လယ်သမားအများစု၏ အတွေ့အကြုံအရ လယ်ယာမြေအတွင်း ယခုကဲ့သို့ ကြွက်များကျလာခြင်းကို နှိမ်နင်းရန်မလွယ်ကူကြောင်း ယခုကဲ့သို့ နည်းလမ်းမမှန်သည့် လုပ်ရပ်ကြောင့် လယ်ယာမြေများ ပျက်ဆီးမှုနှင့် ရင်ဆိုင်ကြုံတွေနေရသည်ဟု ဒေသခံလယ်သမားက ဆက်လက်ပြောဆိုသွားခဲ့သည်။

အပြည့်အစုံ...>>

အမေရိကန် အထက်လွှတ်တော်အမတ်၏ ခရီးစဉ် မြန်မာ့နိုင်ငံရေးအတွက် မျှော်လင့်စရာမရှိ


၁၇ ရက် သြဂုတ် ၂၀၀၉။ ခေတ်ပြိုင်

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ်၏ ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ မျှော်လင့်စရာမရှိကြောင်း မြန်မာ့နိုင်ငံရေး လှုပ်ရှားနေသူ များက ပြောသည်။ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “သူ့ရဲ့ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပါအ၀င် ဒီမိုကရေစီအရေး ပြောင်းလဲမှုတွေရှိလာနိုင်မယ် လို့ ကျနော်မထင်ဘူး။ မစ္စတာယက်တောကို အမေရိကန်နိုင်ငံကို ပြန်ခေါ်သွားနိုင်တာကိုလည်း သူ့ရဲ့ကြီးမားတဲ့ ဆောင်ရွက်နိုင်မှုလို့ ကျနော်မမြင်ပါဘူး။ အရင်ကတည်းက ကျနော်ပြောနေပါတယ်။ ဂျွန်ယက်တောကို နယ်နှင်ဒဏ်ပေးပြီး အမေရိကန်ကို ပြန်ပို့မှာပဲဆိုပြီး ပြောနေပါတယ်။
ဘာ့ကြောင့် ပြောနိုင်လဲဆိုတော့ ကျနော်တို့ ထောင်ထဲမှာရှိစဉ်က ပြစ်ဒဏ်ချထားတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို သူ့မိခင်နိုင်ငံဆီ ပြန်ပို့တာတွေ ကြုံဖူးတယ်။ ထောင်ထဲမှာ ကျနော့်အခန်းဘေးက တောင်ကိုရီးယားတယောက်က မပြန်ချင်ပါဘူး။ ပြောတာတောင် မရဘူး။ အတင်းပြန်ပို့လိုက်တာပဲ” ဟု ပြောသည်။ဦးအေးသာအောင်ကဲ့သို့ အခြားသော ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း မြန်မာစစ်အစိုးရအနေဖြင့် ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံခြားသားများ မြင်တွေ့မည်ကို စိုးရွံ့သည့်အတွက် ထောင်တွင်း၌ နိုင်ငံခြားသားများကို ထားရှိရန် ၀န်လေးလေ့ရှိသည်ဟု ပြောဆိုကြသည်။အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာဂျင်မ်ဝက်ဘ်သည် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံသို့ (၃) ရက်ကြာ လာရောက်ခဲ့ပြီး ယမန်နေ့က ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။မစ္စတာ ၀က်ဘ်က ၎င်း၏ခရီးစဉ်အတွင်း မစ္စတာယက်တောအား ပြန်လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ခွင့်ရရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး စဉ်းစားပေးရန် စသည့် အချက် (၃) ရပ်ကို မြန်မာစစ်အစိုးရအား တောင်းဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။အမေရိကန်အထက်လွှတ်တော်အမတ်အနေဖြင့် မစ္စတာယက်တောကို ၎င်းနှင့်တပါတည်း ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တွေ့ခွင့်မရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။ထိုကဲ့သို့ မစ္စတာဂျင်မ်ဝက်ဘ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုခဲ့သည့်အပေါ် အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ တဦးဖြစ်သည့် ဦးအုံးကြိုင်က “မစ္စတာဘန်ကီမွန်းလာစဉ်က ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခံနေရလို့ ပေးမတွေ့နိုင်တာ ပါလို့ အကြောင်းပြချင်လည်း ပြလို့ရတာပဲလေ။ ခုချိန်ကတော့ဖြင့် သူတို့ပြောတဲ့ တရားစီရင်ရေးကာလလည်း ပြီးသွားလို့ ပေးတွေ့တယ်လို့ ပြောချင်လည်း ပြောနိုင်တယ်။ မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံရေးအခြေအနေကို ရှင်းပြလိမ့်မယ်ထင်ပါတယ်။ မစ္စတာ ၀က်ဘ်ကလည်း မှန်မှန်ကန်ကန် သုံးသပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရန်တို့အတွက်မှာ ဆက်လက်လုပ်ဆောင်ရလိမ့်ဦး မည်ဟု ၎င်းက သုံးသပ်သည်။ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းကမူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စမှာ မစ္စတာဂျင်မ်၏ ခရီးစဉ်အတွက် ကျွဲကူးရေပါကိစ္စတခုသာ ဖြစ်သည်ဟု ပြောသည်။“ကျနော့်အထင်တော့ သူမလာခင်ကတည်းက ယက်တောကိုလွှတ်မယ့်ကိစ္စ နအဖနဲ့ပြောပြီးသား။ အဲဒါအတွက် လာတာ၊ ကျန်တဲ့ဟာက ကျွဲကူးရေပါပဲ။ စာရင်းချုပ်လိုက်တော့ အမေရိကန်နိုင်ငံကလာတဲ့ မစ္စတာယက်တောက အမေရိကန်ကို ပြန်သွားနိုင်တယ်။ နေအိမ်အကျယ်ချုပ်ကျနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ထပ်ကျတယ်ဆိုတော့ နစ်နာတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ဗမာပြည်သားတွေပဲ” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်သည်။ဦးအေးသာအောင်နှင့် ရဲဖိုးသံချောင်းတို့က နအဖစစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် လူထု ပေါင်းစပ်ခွင့်မပေးလိုခြင်းကြောင့် မစ္စတာဂျင်မ်ဝက်ဘ်တောင်းဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စမှာ လည်း အောင်မြင်မည်မဟုတ်ဟု ပြောသည်။“သိပ်မကြာခင်မှာလည်း နအဖစစ်အစိုးရက နိုင်ငံရေးထိုးစစ်တခု လုပ်လိမ့်မယ်။ ရွေးကောက်ပွဲဥပဒေ ကြေညာတာမျိုး လုပ်တော့မယ်။ သူတို့လူတွေ ခုန်ထွက်လာပြီး ရွေးကောက်ပွဲအတွက် စည်းရုံးတာ၊ လှုံ့ဆော်တာတွေ လုပ်နိုင်အောင်ပေါ့လေ။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေကို နှိပ်ကွပ်တာတွေ လုပ်လာမယ်။ ဒီလိုပြင်ဆင်နေတဲ့ အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုနဲ့ပေါင်းမိမှာ၊ ပါတီက တက်ကြွလှုပ်ရှားသူတွေနဲ့ ပေါင်းမိမှာကို နအဖလိုလားမှာ မဟုတ်ဘူး။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာမဟုတ်ပါဘူး” ဟု ရဲဘော်ဖိုးသံချောင်းက ပြောသည်။

အပြည့်အစုံ...>>

ဒီမိုကရက်လွှတ်တော်အမတ် ကြိုးပမ်းမှုကြောင့် ဂျွန်ယက်တော အိမ်ပြန်ခွင့်ရ

၁၅ ရက် သြဂုတ် ၂၀၀၉။
အမေရိကန်ဒီမိုကရက် လွှတ်တော်အမတ် ဂျင်ဝက်ဟာ ဒီကနေ့မနက်ပိုင်း နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့နဲ့ နအဖ အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
ထိုတွေ့ဆုံဆွေးနွေးခဲ့ပြီးသည်နှင့် ဂျင်ဝက်ဟာ ရန်ကုန်သို့ပြန်ရောက်ရှိလာပြီး နိုင်ငံတော်ဧည့်ဂေဟာမှာ နအဖမှ မတရားဖမ်းဆီးအမိန့်ချထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ဂျင်ဝက်နဲ့ နအဖတို့ဆွေနွေးပွဲရလဒ်ကတော့ ထောင်ဒဏ် ၇ နှစ်ချခံထားရတဲ့ ဂျွန်ယက်တော ကိုအမေရိကန် စစ်လေယဉ်ဖြင့် မနက်ဖြန် ဘန်ကောက်မှ အမေရိကန်သို့ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဂျင်ဝက် တို့ဆွေးနွေးမှုကိုအသေးစိတ်မသိရှိရသေးပေ။

အပြည့်အစုံ...>>

ကိုးကန့်တပ်ဖွဲ့အကျဉ်းထောင် ထောင်ခါ ဒေသအတွင်း စစ်ရေးပြင်ဆင်မှုများရှိနေ

၁၄ ရက် သြဂုတ် ၂၀၀၉။ ခိုင်လင်း
ရှမ်းပြည်အရှေ့မြောက်ပိုင်းအခြေစိုက် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့က ၎င်းဒေသအတွင်း ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် ကိုးကန့်တပ်ဖွဲ့၏ အကျဉ်းထောင်အတွင်း ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးလိုက်သဖြင့် ဒေသအတွင်း စစ်ဖြစ်တော့မလားဆိုသည့် စိုးရိမ်ပူပန်မှုများ ပိုမိုတိုးပွားလာနေသည်။ကိုးကန့်ဒေသအတွင်း ပြစ်မှုတခုခု ကျူးလွန်၍ ကိုးကန့်တပ်ဖွဲ့၏ အချုပ်ထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူအားလုံးကို ယခုလ (၁၂) ရက်က ပြန်လွှတ်ပေးလိုက်ပြီး လွှတ်ပေးသူများထဲမှ တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်စစ်မှုထမ်းခိုင်းနေသည်ဟု ရှမ်းပြည်အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့မှ ကုန်သည်တဦးက ပြောသည်။
“လောက်ကိုင်မြို့မှာက နအဖစစ်သားတွေလည်း ရှိတယ်၊ ကိုးကန့်စစ်သားတွေလည်း ရှိနေတယ်။ ဆိုတော့ နှစ်ဖက် ပြန်တိုက်ကြပြီဆိုရင် ဒီမြို့ထဲမှာကို တိုက်ပွဲဖြစ်နိုင်တယ်။ တရုတ်ဘက်က အလုပ်လာလုပ်တဲ့သူတွေ အချို့ပြန်နေကြပြီ။ ဟိုတနေ့ ပစ်မယ်၊ ခတ်မယ် ဖြစ်တဲ့နေ့ကတည်းက ပြေးသွားတာလည်းရှိတယ်။ အခုဒီလို ဖြစ်နေတော့ ပိုပြီး သတိထားလာ ရတယ်” ဟု ၎င်းက ပြောသည်။ယခုလ (၈) ရက်တွင် ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်မှ ဂိုဒေါင်အား လောက်ကိုင်မြို့ရှိ နအဖစစ်သား၊ ရဲနှင့် မူးယစ်အဖွဲ့ အင်အား (၇၀) ကျော်ဖြင့် စစ်ဆေးရန် သွားရောက်စဉ် ကိုးကန့်တပ်ဖွဲ့က လမ်းခုလတ်မှ ၀ိုင်းဝန်းပိတ်ဆို့ တားဆီးထားသဖြင့် နှစ်ဖက် ပစ်ခတ်လုနီးပါးအထိ အခြေအနေတင်းမာသွားခဲ့သည်။အခင်းဖြစ်ပွားပြီး နောက်တနေ့တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် လောက်ကိုင်မြို့သို့ လာရောက်ကာ ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်အား တောင်းပန်ရာ ထွက်မတွေ့သဖြင့် နှစ်ဖက်အကြား တင်းမာမှု ကြီးထွားလာနေပြီး တရုတ်ဘက်က အာဏာပိုင်များကလည်း လာရောက် စေ့စပ်ပေးမှုများ လုပ်ခဲ့ရသည်ဟု ကိုးကန့်ခေါင်းဆောင်များနှင့် နီးစပ်သည့် ကုန်သည်က ပြောသည်။ကိုးကန့်နယ်မြေအတွင်း နအဖတပ်နှင့် ကိုးကန့်တပ်ဖွဲ့ကြား ပြဿနာတက်ပြီးနောက်ပိုင်း ကိုးကန့်နယ်မြေအနီးရှိ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့၊ တပ်မဟာ (၄) နယ်မြေတွင် အရေးပေါ်တပ်လှန့်ထားသကဲ့သို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အနေဖြင့်လည်း ၀ဒေသမြောက်ပိုင်း၊ ကိုးကန့်နယ်မြေနားအထိ ၀တပ်များ ရွှေ့ပြောင်းချထားကာ စစ်ရေးအသင့်အနေအထား ပြင်ထားသည်ဟု အဆိုပါအဖွဲ့များနှင့် နီးစပ်သည့် တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။၎င်းက “အခုကတော့ ၀င်လာရင် ပစ်ဆိုပြီး တပ်လှန့်ထားတယ်။ နအဖဘက်က တိုက်တော့ မတိုက်သေးဘူး။ လူထုတွေ အထိတ်တလန့်ဖြစ်အောင်၊ ဒေသမတည်မငြိမ်ဖြစ်အောင် ခြောက်လှန့်တာ။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် တွေထဲက စည်းရုံးလို့ရတဲ့သူ စည်းရုံးမယ်၊ ၀ယ်လို့ရတဲ့သူ ၀ယ်မယ်၊ သပ်လျှိုဖြိုခွဲမယ်၊ ဒီလိုပဲ လုပ်မယ်လို့ မြင်တယ်။ တရုတ်ဘက်ကလည်း နယ်စပ်မှာ တိုက်ပွဲဖြစ်မှာကို မလိုလားဘူး။ ဟိုတနေ့က ကိုးကန့်နယ်မှာ ဖြစ်သွားတဲ့ကိစ္စမှာ သူ့ဒေသထဲ လူတွေဝင်ပြေးလာတာနဲ့ ပတ်သက်လို့ လင်ချန်းခရိုင် အာဏာပိုင်တွေ လောက်ကိုင်အထိ ဆင်းလာပြီး ရမခတိုင်းမှူးကို ကန့်ကွက်တာတွေ လုပ်ခဲ့တယ်” ဟု ပြောသည်။ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင်မြို့တွင် နအဖစစ်တပ်ဘက်မှ အမြောက်တပ်ခွဲတခုပါဝင်သည့် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) တခု ဖွင့်လှစ်ထားသကဲ့သို့ ကိုးကန့်တပ်ဖွဲ့ဌာနချုပ်လည်း တည်ရှိနေသဖြင့် အဆိုပါဒေသသည် နအဖစစ်သားများနှင့် ကိုးကန့်တပ်ဖွဲ့ဝင်များ နီးနီးကပ်ကပ်ရှိနေသည့် နယ်မြေတခုဖြစ်သည်။

အပြည့်အစုံ...>>

မြန်မာအစိုးရအပေါ် လုံခြုံရေးကောင်စီ လေသံပျော့၊ အီးယူ တင်းမာ

၁၄ ရက် သြဂုတ် ၂၀၀၉။ ဗွီအိုအေ
မြန်မာနိုင်ငံ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်မှု ထင်ရှားတယ်ဆိုပြီး ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်မိကြောင်း ဥက္ကဋ္ဌရဲ့ ကြေညာချက်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့အရေးကို လုံခြုံရေးကောင်စီက ဘာကြောင့် စိုးရိမ်ရတာလဲ၊ စိုးရိမ်ရုံပဲလား၊ ဘာများ ဆက်ပြီး လုပ်နိုင်ဦးမလဲဆိုတာ ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။
လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ကြေညာချက်ထဲမှာ စိုးရိမ်မကင်း ဖြစ်တယ်ဆိုတာ တကယ်တော့ လေသံပျော့သွားတာ ဖြစ်ပါတယ်။ ဒီကြေညာချက်အတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ပထမတုန်းက ရေးထားတဲ့ မူကြမ်းထဲမှာ ပိုပြီး ပြင်းထန်တဲ့ အသုံးအနှုန်းတွေ ပါဝင်နေပါတယ်။ ဥပမာ Seriously Concern အထူး စိုးရိမ်မကင်း ဖြစ်တယ်ဆိုတဲ့ နေရာမှာ Seriously Condemned အပြင်းအထန် ရှုတ်ချလိုက်သည် ဆိုတာမျိုး သုံးထားတာ ဖြစ်ပါတယ်။ ဒီလို လေသံပျော့သွားရတာကတော့ အဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ ရုရှား၊ ဗီယက်နမ် စတဲ့ နိုင်ငံတချို့က သံအမတ်ကြီးတွေက အဲဒီမူကြမ်းကို ရတော့ သူတို့နိုင်ငံ အစိုးရတွေဆီကို တင်ပြခဲ့ကြပါတယ်။ အဲဒီနောက်မှာ လေသံပျော့သွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေဟာ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချဖို့ မလိုလားဘူးဆိုတဲ့ သဘောမျိုး တွေ့နေရပါတယ်။
လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဂျွန် ဆောဝါးစ် (John Sawers) ဒီနေ့ ဖတ်ပြသွားတဲ့ ကြေညာချက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အရင်တောင်းဆိုထားတာတွေကို ထပ်မံ အတည်ပြုတယ်လို့ ပြောပြီး အခုလို ဆက်လက် ဖတ်ပြသွားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်မှုထင်ရှားတယ်ဆိုပြီး ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် လည်းကောင်း၊ ဒီလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အကျိုးသက်ရောက်မှုတွေအတွက် လည်းကောင်း ပြင်းပြင်းထန်ထန် စိုးရိမ်မကင်း ဖြစ်မိပါကြောင်း၊ မြန်မာအစိုးရအနေနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတာကို မှတ်သားထားပြီး စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အင်အားစုတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်အောင် လိုအပ်တဲ့ အခြေအနေများ ဖန်တီးပေးဖို့ တိုက်တွန်းလိုက်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ၀င်ရောက် ဆောင်ရွက်မှုတွေကို ဆက်လက် ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကို အလေးအနက်ထားပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာ ထပ်မံ ပြောကြားလိုပါကြောင်း။”
လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဗြိတိန်သံအမတ်ကြီး ဂျွန် ဆောဝါးစ် ဖတ်ပြသွားတဲ့ ကြေညာချက် ဖြစ်ပါတယ်။
အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မိပါတယ် ဆိုတာပဲ ပါဝင်ပါတယ်။ ရှုတ်ချတယ်လို့တောင် ပြောမထားတာကို တွေ့ရပါတယ်။ ကျန်အချက်တွေကတော့ အရင်ပြောပြီးသားတွေကို ထပ်ပြောတာတွေပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်တဲ့အတွက် မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂက ဘာမှ ထူးထူးခြားခြား တုံ့ပြန်မှု တစုံတရာ မရှိဘူး ဆိုတာပါပဲ။ တချိန်တည်းမှာပဲ တရုတ်၊ ရုရှား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေက မြန်မာစစ်အစိုးရကို အကာအကွယ်ပေးလိုတဲ့ သဘောထားဟာလည်း မပြောင်းမလဲ ရှိနေဆဲပဲလို့ ဆိုရပါလိမ့်မယ်။
လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာ သုံးသပ်တင်ပြသွားတာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အီးယူ ဥရောပသမဂ္ဂကလည်း အရေးယူ ဒဏ်ခတ်မှုတွေ တိုးမြှင့်လိုက်ပါတယ်။ ဘယ်လောက်အထိ ပြင်းထန်သလဲ၊ ဘယ်လို အရေးယူမှုမျိုးတွေလဲ ဆိုတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ပိုပြီး လုပ်သွားမယ်လို့ အီးယူခေါင်းဆောင်တွေက ပြောခဲ့တဲ့အတိုင်း အခုလည်း အရင် အရေးယူ ဒဏ်ခတ်မှု စာရင်းမှာ နောက်ထပ် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ထပ်ပြီး တိုးမြှင့်လိုက်ပါတယ်။ Targeted Sanction လို့ခေါ်တဲ့ အသေအချာ ပစ်မှတ်ထားပြီး လုပ်တဲ့ အရေးယူမှုပုံစံ ဖြစ်တာမို့ ဒီဒဏ်ခတ် ပိတ်ဆို့မှုဟာ မြန်မာအစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ သူတို့နဲ့ ဆက်နွယ်သူတွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။
အီးယူ ဥရောပသမဂ္ဂရုံးက အရာရှိတဦးကတော့ မနေ့က တိုးမြှင့်လိုက်တဲ့ အရေးယူမှု စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေးခဲ့တဲ့ တရားသူကြီး ၄ ဦး၊ အစိုးရပိုင် သတင်းမီဒီယာ ၄ ခုနဲ့ အခြား စီးပွားရေးလုပ်ငန်း ၁၀ ခုတို့ကို အသစ်ထပ်မံပြီး စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ ပြောပါတယ်။ ဒီစာရင်းပါ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို အီးယူနိုင်ငံတွေကို ၀င်ရောက်သွားလာခွင့် ပိတ်ပင်လိုက်သလို သူတို့ ပိုင်ဆိုင်မှုတွေကိုလည်း အီးယူနိုင်ငံတွေမှာ ထိန်းချုပ်ထားဖို့ဆိုတာ ပါပါတယ်။
ဥရောပက မြန်မာ့အရေး လှုပ်ရှားသူ ဦးနွယ်အောင်ကတော့ အခုလိုမျိုး အရေးယူ တိုးမြှင့်ချက်မှာ သူတို့ဘက်က လိုသလောက် မရပေမယ့် ကျေနပ် အားရမိပါတယ်လို့ ပြောပါတယ်။
“တရားရေးဆိုင်ရာ အမှုထမ်းတွေကိုပဲ သူတို့က ရည်ရွယ်ပြီးတော့ လုပ်ထားတာကိုး။ ကျနော်တို့ကတော့ အစကတည်းက ဒီ တရားရေးဆိုင်ရာ အမှုထမ်းတွေအပြင် အာမခံလုပ်ငန်းတွေ၊ မြန်မာနိုင်ငံက သွင်းနေတဲ့ ငါးတို့ ပုစွန်တို့ဆိုတဲ့ Marine Products တွေကိုပါ Sanction လုပ်ဖို့ ကျနော်တို့က တင်ထားတယ်။ ဒါပေမယ့် အဲဒီနှစ်ခုက အချိန်မီ သူတို့ဆီကို မရောက်လိုက်ဘူး။ သူတို့လည်း ဆုံးဖြတ်ဖို့က ခက်တယ်။ ဒါပေမယ့် ကျနော်တို့အမြင်ကတော့ ထိရောက်သင့်သလောက်တော့ ထိရောက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အတိုင်းအတာနဲ့ ကျေနပ်လောက်အောင်တော့ မရှိဘူးဆိုတာ ပြောချင်ပါတယ်။”
အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာ့အရေး ဘုံရပ်တည်ချက် သဘောထားကို နောက်ထပ် အတည်ပြုချက် ယူခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ကပဲ အီးယူ အလှည့်ကျ ဥက္ကဋ္ဌက ကြေညာသွားပါတယ်။ ဒီအထဲမှာလည်း အခုလိုမျိုး စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပတ်သက်မှု ရှိသူတွေကို တိုက်ရိုက် ပစ်မှတ်ထား အရေးယူဖို့ဆိုတာ ပါတော့ အီးယူဘက်က နောက်ထပ်လည်း အရေးယူမှုစာရင်းကို တိုးမြှင့်လာဖွယ် ရှိတယ်လို့ ယူဆရပါတယ်။
မြန်မာ့အရေး လှုပ်ရှားသူတွေဘက်ကတော့ ဒါ့အပြင် စီးပွားရေးအရ ပတ်သက်မှုတွေ၊ စီးပွားရေးအရ အရေးယူမှုတွေ လုပ်သွားဖို့ အီးယူနိုင်ငံတွေ၊ အစိုးရတွေကို တိုက်တွန်း ဖိအားပေးသွားမယ်လို့ သိရပါတယ်။

အပြည့်အစုံ...>>

ချောက်မြို့မှ ဖမ်းဆီးခံထားရသည့် ရဲဝန်ထမ်းအချို့ ပြန်လည်လွတ်မြောက်

၁၃ ရက် သြဂုတ် ၂၀၀၉။ ဥာဏ်မောင်
နံရံကပ်စာများဖြင့် လှုပ်ဆော်လှုပ်ရှား ဆောင်ရွက်ခဲ့မှုအား မဖော်ထုတ်နိုင်သည့်အတွက် ဖမ်းဆီးထားသော ချောက်မြို့မှ ရဲဝန်ထမ်းအချို့ ယခုရက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည်။ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းကို မကျေနပ်သူများက ယခုလ (၆) ရက်နေ့က ချောက်မြို့အနှံ့ စာကပ်လှုပ်ရှားခဲ့ရာ ဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် သြဂုတ်လ (၇) ရက်နေ့တွင် ရဲဝန်ထမ်း ၇ ဦးအား ရေနံချောင်းခရိုင် ရဲမှူးကြီး ဦးစီးသည့်အဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ မြို့ခံတဦးက “ဒုရဲအုပ် မျိုးမင်း၊ ဒုရဲအုပ် ဝင်းဇော်၊ ဒုရဲအုပ် မောင်ခိုင်၊ ဒုရဲအုပ် ရဲမြင့်နဲ့ ရဲတပ်သား အောင်ခိုင်တို့ဆိုတာတော့ သိတယ်၊ သိရသလောက်တော့ သုံးဦးပဲ အပြင်ရောက်သေးတယ်လို့ သိရတယ်၊ တယောက်ကို ကျပ်ငွေ ၅၀,၀၀၀ ပေးရတယ်လို့ ပြောတယ်၊ ရဲတပ်သား အောင်နိုင်ကတော့ ၃၀,၀၀၀ ပေးခဲ့ရတယ်လို့ ပြောတယ်” ဟု ပြောသည်။ အဆိုပါ သြဂုတ်လ (၇) နှင့် (၈) ရက်နေ့များတွင် ချောက်မြို့ရှိ ရပ်ကွက်၊ လမ်းများနှင့် မြို့အဝင်အထွက်ဂိတ်များတွင် လုံခြုံရေးများ ထူထပ်စွာ ချထားခဲ့သည့်အပြင် စာသင်တိုက်များနှင့် ဘုန်းကြီးကျောင်းများကိုလည်း ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးများ ချထားခဲ့သည်။“ဖမ်းထားတဲ့ ရဲဝန်ထမ်းတွေကို ရေနံချောင်းအချုပ်မှာ ထားတာပါ၊ သူတို့ဖမ်းပြီး နောက်နေ့ကျတော့ သူတို့အမျိုးသမီးတွေကို ထမင်းချက်ဖို့ဆိုပြီး ရေနံချောင်းကို ခေါ်သွားတယ်” ဟု မြို့ခံက ဆက်လက်ပြောဆိုသည်။ယင်းသတင်းနှင့်ပတ်သက်၍ ချောက်မြို့ခံများက သိရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမည့် သတင်းကိုသာ ပြီးခဲ့ရက်များက နားစွင့်နေပြီး အမိန့်ချမှတ်သည့် သြဂုတ်လ (၁၁) ရက်နေ့တွင် ချောက်မြို့ ဘုန်းကြီးကျောင်းများ၊ မြို့အဝင်အထွက်လမ်းများနှင့် ရပ်ကွက်များအတွင်း စစ်အစိုးရက လုံခြုံရေးများ ထူထပ်စွာ ချထားခဲ့သည်။ ချောက်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားသည်ကို မကျေနပ်သည့် လှုပ်ရှားတက်ကြွသူများက စာရွက်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် “လွှတ်ပါ” ဟူသည့် စာသားပါ စာရွက်များ ချောက်မြို့ရပ်ကွက်တိုင်းတွင် လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။

အပြည့်အစုံ...>>

အထပ်မြင့်အဆောက်အအုံများတွင် နေထိုင်သူများ ငလျှင်အန္တရာယ် စိုးရိမ်လျှက်ရှိ


၁၃ ရက် သြဂုတ် ၂၀၀၉။ စံပယ်ထွန်း

သြဂုတ်လ ၁၁ ရက်နေ့ က နံနက် အာရုံတက်ချိန် မတိုင်ခင်က လှုပ်ခတ်သွားခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၇.၆ အဆင့်ရှိ မြေငလျှင် လှုပ်ခတ်ပြီးနောက် ရန်ကုန် မြို့ အထပ်မြင့် အဆောက်အအုံများတွင်နေထိုင်သူ အချို့ မှာ ငလျှင်ထပ်မံလှုပ်အုံးမည် ဆိုသည့် သတင်းကြောင့် ယခု အချိန်ထိကြောက်အားပိုလျှက်ရှိကြသည် ဟု သတင်းရရှိသည်။
ယမန်နေ့ အာရုံတက်ချိန် တက်ချိန်မတိုင်ခင် လှုပ်ခတ်ခဲ့သော ငလျှင်သည် အင်အားပြင်းထန်သောလည်းလှုပ်ခတ်ချိန် မကြာမြင့်သဖြင့်ပျက်စီးဆုံးရှုံးမှုများ မရှိဟု သိရသည်။ထိုငလျှင် လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံများ အပါအ၀င် ကန်ထရိုက်တိုက်များတွင်နေ ထိုင်သူအချို့ မှာ ငလျှင်ထပ်မံလှုပ် အုံးမည် ဆိုသည့် ကောလဟာလ များကြောင့် ၎င်း တို့ ၏ အထပ်မြင့်အဆောက် အအုံရှိနေအိမ်များကိုပါ စွန့် ခွာကာ ဆင်ခြေဖုံးရှိ ဆွေမျိုးမိတ်သင်္ဂဟ များအိမ်တွင်သွားရောက်နေထိုင်ကြသည်။
ရန်ကုန်မြို့ ၅၄ လမ်း ခုနှစ်လွှာတွင်နေထိုင်သည့် အိမ်ထောင်ရှင်မတစ်ဦးက “ငလျှင်လှုပ်တော့တိုက်ကရမ်းလိုက် တာဆိုတာ ကြောက်ဖို့ ကောင်းလိုက်တာတစ်ည လုံးအောက်ဆင်းထိုင်နေရတယ်အခုလဲ ငလျှင်ထပ်လှုပ်အုံးမယ် ဆိုတော့ လမ်းထဲမှာ ပရိတ်လဲ ရွတ်ထားတယ် အဆောင်လက်ဖွဲ့ တွေလဲလုပ်ထားတယ်။လောလော ဆယ်တော့ မနေရဲသေးဘူး”ဟု Freedom News Group သို့ ပြောသည်။
အားအားပြင် ငလျှင်လှုပ်ခတ်သွားပြီးနောက် ရန်ကုန်မြို့ ရှိ အထပ်မြင့် အဆောက်အအုံဈေးများလည်းကျဆင်းသွားသည် ဟု သတင်းရရှိသည်။ ဟံသာဝတီရိပ်မွန် ရှိအိပ်ခြံမြေ အကျိုးဆောင်တစ်ဦးက “စမ်းချောင်း ၈ လွှာက ဒီနေ့ ပွဲဖြစ်ရမှာ အခုငလျှင် လှုပ်တော့ ၀ယ်လက်က ပေါ်တောင်မလာတော့ ဘူး၊ကွန်ဒို အထပ် မြင့်တွေလည်းဈေးပြုတ်အုံးမှာ” ဟုဆိုသည်။
ယုဇန အိမ်ရာ ၊မင်္ဂလာတောင်ညွန့် ၊ကျောက်မြောင်း နှင့် စမ်းချောင်းတွင် နေထိုင်ကြသူများမှာ ငလျှင်အန္တရယ် ကို ပို၍ ကြောက်ရွံ့ ကျသည် ဟုသိရသည်။
ငလျှင်လှုပ်ခတ်မှုကြောင့် ရန်ကုန် ဒေသခံများထက် အသေအပျောက်များပြားလှသော နာဂစ် မုန်တိုင်း ဒဏ်ခံရသည့် ဒေသမှ ပြည်သူများကလည်းပိုမိုစိုးရိမ်လျှက်ရှိကြသည်။
Freedom News Group မှရယူသည်။
Freedom News Group မှရယူသည်။

အပြည့်အစုံ...>>

တရုတ်ကွန်မြူနစ်အစိုးရ လက်ကိုင်ဒုတ် နအဖ ကို ဒေသတွင်းနိုင်ငံများက လက်မခံတော့

၁၃ ရက် သြဂုတ် ၂၀၀၉။ WFWW
အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono က ဒေါ်အောင်ဆန်းစုကြည် လွတ်ပေးဖို့ တောင်းဆိုလိုက်ပြီး၊ သူမ အပါအ၀င် နိုင်ငံရေးပါတီများ အား ရွှေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ပြုရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားပါသည်။
ထို့အတူ အရှေ့တောင်အာရှ ဒေသတွင်း ခေါင်းဆောင်များ ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားမှုအပေါ် လွန်စွာ စိတ်ပျက်မည့်ကြောင်း၊ သူမအားလွတ်ပေးရန် တောင်းဆို ကြောင်း အရှေ့တောင်အာရှ အဖွဲ့ (ASEAN) ၏ ထုတ်ပြန်ကြေညာချက် ထဲမှာပါရှိပါတယ်။ဥရောပနိုင်ငံများအဖွဲ့ EU ကတော့ ပြတ်သားတဲ့ ထုတ်ပြန်ကြေညာချက် ကို CNN သတင်းဌာနမှာပြောသွားတယ် ။ ၂၀၁၀ ရွေးကောက်ပွဲနှင့် တက်လာမဲ့ အစိုးရကို လုံးဝအသိမှတ် မပြု ပါတဲ့။ လူထု ကို ဒုက္ခပေးနေတဲ့ နအဖ စစ်အုပ်စုကို ပြင်ထန်းတဲ့ အရေးယူမှုတွေကို ပြုလုပ်တော့မယ်။တရုတ်ကွန်မြူနစ်အစိုးရ လက်ကိုင်ဒုတ်ဖြစ်သော နအဖ စစ်အုပ်စု၏ ဆိုးသွမ်း၊အကျင့်ပျက်၊ လူသားမဆန်သော လုပ်ရပ်များကို ဒေသတွင်းနိုင်ငံများက လုံးဝလက်မခံတော့။ နအဖ စစ်အုပ်စုသည် တရုတ်ကွန်မြူနစ်အစိုးရ မှတပါး အခြားကိုးကွယ် စရာမရှိတော့ပါ။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံဝင်မည်

၁၂ ရက် သြဂုတ် ၂၀၀၉။ င်္ဗွီအိုအေ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာကို ဆက်ပြီး အယူခံတင်သွင်းသွားမယ်လို့ အကျိုး ဆောင်ရှေ့နေတဦးက ပြောလိုက်ပါတယ်။ ဘယ်လိုပဲ လျှော့ပေါ့ သက်သာပေးခဲ့သည်ဖြစ်စေ အပြစ်ရှိတယ်လို့ ဆုံးဖြတ်တာကိုက မှားနေတယ်လို့ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၇၅ ခုနှစ်၊ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ် ၂၂ ကို ဖောက်ဖျက်တယ်ဆိုပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကနေ သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဒီဥပဒေဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပေါ်မှာ အခြေတည်လာတာဖြစ်ပြီး အခုလက်ရှိ စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းမှာ ဒီအခြေခံဥပဒေဟာ အသက်မရှိတော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်ကနေ အမှုစစစ်ကတည်းက တောက်လျှောက် ခုခံချေပခဲ့ကြပါတယ်။ ဒါပေမဲ့ လည်း တကယ်တမ်း စီရင်ချက်ချတဲ့အခါမှာတော့ အခြေခံဥပဒေကိစ္စဟာ အဓိကမကျဘူး၊ အဓိကကျတာက တားဆီးမိန့်ကို ဖောက်ဖျက်သလား၊ မဖောက်ဖျက်ဘူးလားဆိုတာဖြစ်တယ်၊ တားဆီးမိန့်ကို ဖောက်ဖျက်တာတွေ့ရှိရတဲ့အတွက် အပြစ်ရှိ တယ်ဆိုပြီးတော့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ဒီအမှုဟာ ဥပဒေကြောင်းအရကို အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လို့မရတာကြောင့် ဒါကို အယူခံဝင်သွားမှာပါလို့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းကပြောပါတယ်။ “ဥပဒေလမ်းကြောင်းကတော့ တရားရုံးက ချမှတ်တဲ့ အမိန့်အပေါ်မှာ ကျွန်တော်တို့ လုံးဝသဘောမတူဘူး၊ မကျေနပ်ဘူး။ ကျွန်တော်တို့ အယူခံဝင်မှာပါ။ convict လုပ်တာကို မကျေလည်တာ။ ကျွန်တော်တို့ convictကို မလုပ်နိုင်ဘူး။ ဒီအမှုတွဲ မှတ်တမ်းများအရ။ မလုပ်နိုင်တာကို လုပ်တယ်၊ အဲဒါကို အယူခံ ၀င်မှာ။”ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်ရှိတဲ့အတွက် ထောင်ဒဏ်သုံးနှစ်ကျခံစေဆိုပြီး တရားရုံးကစီရင်ချက်ချပြီးကာမှ မြန်မာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သြဂုတ်လ ၁၀ ရက်နေ့စွဲနဲ့ ကြိုပြီးပေးပို့ထားတဲ့ ညွှန်ကြားချက်ကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်မှာ လာဖတ်ပြခဲ့ပါတယ်။ ဒီညွှန်ကြားချက်မှာ ပြစ်ဒဏ်ဘယ်လောက်ပဲ ချမှတ်သည်ဖြစ်စေ၊ ထက်ဝက်လျှော့၊ အဲဒီထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ ပူးတွဲပါကန့်သတ်ချက်တွေနဲ့အညီ ပြန်နေထိုင်၊ အဲဒီကာလ အတွင်း စည်းကမ်းချက်တွေနဲ့အညီ ကောင်းမွန်စွာနေထိုင်မယ်ဆိုရင် ဆိုင်းငံ့ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ် ဆိုပြီးတော့ ပါရှိပါတယ်။ထောင်ချပြီးကာမှ ထောင်ထဲမထည့်ဘဲ အိမ်ပြန်ပို့တာဟာ စစ်ကောင်စီဥက္ကဋ္ဌက စာနာထောက်ထား ညှာတာတာပါဆိုပေမဲ့ ဒါဟာ တရားဥပဒေအထက်ကနေ လုပ်ဆောင်မှုဖြစ်တယ်ဆိုပြီး ဝေဖန်တာတွေကရှိပါတယ်။ ဒါ့အပြင် စီရင်ချက်မချခင်ကတည်း က ဒီညွှန်ကြားချက်ကို ပေးပို့ထားတာဖြစ်ပြီး သုံးနှုန်းထားတဲ့ဝေါဟာရတွေအရ အပြစ်ရှိကြောင်း ကြိုဆုံးဖြတ်ထားပြီးသားလို ဖြစ်နေတယ်လို့လည်း ထောက်ပြကြပါတယ်။ ဦးဥာဏ်ဝင်းက သူလည်း အလားတူ သတိထားမိတယ်လို့ ပြောပါတယ်။ “ဒီနေ့ သတင်းစာထဲမှာ ပါတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်ထဲရေးဝန်ကြီးကို ပေးတဲ့စာ ၂စောင်၊ ပြည်ထဲရေးဝန်ကြီးက နောက်ထပ် ထုတ်ပြန်တဲ့ အမိန့်မပါဘူး။ ဒါပေမဲ့ ဒီနေ့သတင်းစာကို ကြည့်လိုက်တော့ ပြည်ထဲရေးဝန်ကြီး စာကလည်း ၁၀ရက်နေ့ ရက်စွဲ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စာကလည်း ၁၀ရက်နေ့ ရက်စွဲ၊ စာ ၂စောင်လုံးကိုကြည့်လိုက်တော့လည်း အပေါ်နားမှာပါတယ်။ ပြစ်ဒဏ်ချမှတ်ခဲ့ပါက ဆိုတဲ့ စကားလုံး တလုံး ခံထားတယ်။ ဒါပေမဲ့ အဲဒီစာပိုဒ်ရဲ့ အောက်စာပိုဒ်တွေကို ဆက်ဖတ်လိုက်တော့ အဲဒီမှာ ကင်းလွတ်ခွင့်တွေ တခါတည်း လုပ်ထားပေးလိုက်တယ်။ ဒီတော့ ကြိုတင်ပြီးတော့ မကျသေးတဲ့ အမှုကို permission တို့ suspend တို့ လုပ်ထားတာကို ကျွန်တော်တွေ့ရပါတယ်။”ဒါ့အပြင် အမိန့်ထဲမှာ ရည်ညွှန်းထားတဲ့ ကျင့်ထုံး ဥပဒေပုဒ် ၄၀၁ ထဲမှာ နေအိမ်မှာ ပြန်နေထိုင်ခွင့်ပြုတာနဲ့ သက်ဆိုင်တာတွေ မပါ တဲ့အတွက် ဘယ်ဥပဒေနဲ့ လုပ်တယ်ဆိုတာကို သူတို့လည်း မသိသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။သတ်မှတ် စည်းကမ်းချက်တွေနဲ့အညီ နေထိုင်ခွင့် ပြုလိုက်တယ်ဆိုတာမို့ ဘယ်လိုစည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ထားသလဲ ဆိုတာကိုတော့ ဦးဥာဏ်ဝင်းက သူ မှတ်သားရလိုက်သလောက် ပြန်ပြောပြပါတယ်။ “သူက ဒီအိမ်မှာပဲ နေရမယ်။ မထွက်ရဘူး။ သတ်မှတ်တဲ့ ဆရာဝန်နဲ့ ဆေးကုသခွင့်ရှိတယ်။ nurse အဖွဲ့နဲ့လည်း ဆေးကုခွင့်ရှိတယ်။ အဲဒီမှာ လိုအပ်လို့ရှိရင်၊ တောင်းဆိုရင် တခြားဆေးမှူး၊ ဆရာဝန်နဲ့လည်း ကုသခွင့် သူတို့ ဆောင်ရွက်ပေးမယ်။ ပြည်တွင်းသတင်းမှာလည်း မြ၀တီ၊ မြန်မာ့အသံ ကြည့်ရှုခွင့်ရှိတယ်။ ပြင်ပကို စာနဲ့ စာရေးသား ဆက်သွယ်ခွင့်ရှိတယ်။ ဧည့်သည် တွေ့ခွင့် ရှိတယ်။ ဒါပေမဲ့ အစိုးရရဲ့ ခွင့်ပြုချက်ရှိတဲ့သူနဲ့ပဲ။ အဲဒါတွေပါတယ်။”မေလ ၁၄ ရက်နေ့ကနေ စပြီးစစ်ဆေးခဲ့တဲ့ ကမ္ဘာပေါ်မှာ စောင့်အကြည့်အခံရဆုံး တရားစစ်ဆေးမှုတခုကတော့ မနေ့ကပဲ အဆုံး သတ်သွားခဲ့ပါပြီ။ ဒါပေမဲ့ အမှုစဖြစ်ကတည်းက ပေါ်ထွက်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆို သံတွေကတော့ ရပ်မသွားတဲ့အပြင် ပိုပြီးတော့ ကျယ်လောင် ပြင်းထန်လာနေပါတယ်။ အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ်ချမှတ်၊ ပြီးကာမှ တရားစွဲခဲ့ရတာကို စိတ်မချမ်းမြေ့တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ အာဃာတမရှိရေး၊ ဒီမိုကရေစီလမ်းကြောင်း ချောမွေ့စေရေး စတာတွေနဲ့ စာနာထောက်ထားလိုတဲ့အတွက် အိမ်မှာပြန်နေပါ၊ စည်းကမ်းတော့မဖောက်ပါနဲ့ဆိုပြီး ထောင်အချုပ်ကနေ အိမ်အချုပ် ပြန်ပို့ခဲ့တာဖြင့် စစ်မှန်တဲ့စေတနာမဟုတ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ရှေ့တိုးတက်တဲ့လုပ်ရပ်မဟုတ်ဘဲ နောက်ပြန် ဆုတ်ယုတ်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ပြည်တွင်းပြည်ပက ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာကနေ ဝေဖန် ပြစ်တင်ကြ ကြောင်းပါခင်ဗျား။

အပြည့်အစုံ...>>

မြန်မာ့အရေး အိန္ဒိယအစိုးရ ဝင်ပြောပြီ


၁၂ ရက် သြဂုတ် ၂၀၀၉။ ဇာနည်မာန် (ဧရာဝတီ)

မြန်မာ့အရေးတွင် ကာလကြာမြင့်စွာ ရေငုံနှုတ်ပိတ်နေခဲ့သော အိန္ဒိယ အစိုးရက ပထမ ခြေလှမ်းအဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ဆိုင်းငံ့ပြစ်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်သည့်နောက် အိန္ဒိယ အစိုးရ၏ သဘောထားကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“မြန်မာအစိုးရအနေဖြင့် မြန်မာပြည်တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် နိုင်ငံရေး သဘောထားကို အမြန်ဆုံးပြင်ဆင်ရန် လိုအပ်နေသည်ကို အိန္ဒိယက အလေးထားပြောဆိုလိုသည်။ ယခုလက်ရှိ အဖြစ်များ သည် မြန်မာအစိုးရအဖို့ ငြိမ်းချမ်းရေးလမ်းမှ သွေဖယ်နေသည်။ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ် ပေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အခြေခံကျသော အချက်ဖြစ်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ ၁၁ ရက်နေ့ ရက်စွဲပါ ပြောကြားချက်ကို ဌာနပိုင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်မချမီရက်များက မြန်မာ့အရေးစိတ်ဝင်စားသူ အထက်လွှတ်တော် အမတ်များ၊ ဥပဒေအရာရှိများက အိန္ဒိယပါလီမန် အစည်းအဝေးများတွင် မြန်မာ့အရေးအပေါ် အိန္ဒိယ အစိုးရ၏ သဘောထားအတွက် တင်ပြဆွေးနွေးမှုများ ရှိခဲ့သည်။ မြန်မာ့အရေး ဆွေးနွေးခဲ့သူ အိန္ဒိယ အထက်လွတ်တော်အမတ်နှင့် ဗဟိုတရားရုံးချုပ်ရှေ့နေ Ram Jethmalani က “အိန္ဒိယအစိုးရအနေနဲ့ ဒီထက်မက ထိထိရောက်ရောက် ပိုမို လုပ်ဆောင်နိုင်အောင် ကျနော်တို့ ဆက်ပြီး တိုက်တွန်းဖို့လိုမယ်၊ အခုဆို ပါလီမန်မှာ မြန်မာအကြောင်းကို ဆွေးနွေးလာကြတယ်၊ ဘယ်လိုလုပ်မယ်၊ ဘာလုပ်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ မကျလာသေးဘူး” ဟု ဧရာဝတီသို့ပြောသည်။ ဒီမိုကရေစီ အင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် အမေရိကန် နှစ်နိုင်ငံတို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့ကို ပူးပေါင်းလုပ်ကိုင်နေသော ယခု အချိန်ကာလတွင် အိန္ဒိယ အစိုးရအနေဖြင့် ဒီမိုကရေစီ အရေးကို ပိုမိုအားပေး လုပ်ဆောင်သင့်သည်ဟု သူက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချလိုက်ခြင်းနှင့် ပတ်သက်၍လည်း သူက “မြန်မာအစိုးရရဲ့လုပ်ရပ်ဟာ အတော့်ကို ဒီမိုကရေစီ နည်းလမ်း မကျတာဘဲ။ ဒါဟာ ၁၉၉၆ လူ့အခွင့်အရေး ဥပဒေနဲ့လည်း မညီညွတ်ဘူး၊ ၁၉၄၈ ကုလသမဂ္ဂ လူ့အခွင့်ရေးကြေညာစာတမ်းနဲ့လည်း မညီညွတ်ဘူး။ ကျနော့်အနေနဲ့ကတော့ နိုဘဲလ် ဆုရှင်လည်း ဖြစ်၊ အမျိုးသမီးတဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စာနာသနားမိတယ်။ သူ့ကို ဒီလိုလုပ်တာ လုံးဝ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲ” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော တောင်အာရှနိုင်ငံများ လူမှုစွမ်းအားမြှင့်တင်ရေးအဖွဲ့ (SAFPI) ကလည်း အိန္ဒိယအစိုးရ၏ ဖွင့်ဟပြောကြားလာမှုကို ကြိုဆို ထောက်ခံကြောင်း ပြောသည်။ “အဓိကအကျဆုံးနဲ့ ပထမဆုံးလုပ်ရမှာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ပါပဲ။ အဲဒီအတွက် မြန်မာအစိုးရကို ဖိအားတွေဆက် ပေးသွားဖို့လိုပါမယ်။ အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရကို အစိုးရချင်း တွေ့ဆုံဆွေးနွေးဖို့လည်း လိုပါမယ်” ဟု အထွေထွေအတွင်းရေးမှူး Sudhindra Bhadoria က ပြောဆိုသည်။ SAFPI အနေဖြင့် မြန်မာအစိုးရ၏ လုပ်ရပ်ကို ရှုတ်ချကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တိုက်တွန်းစာများကို မြန်မာသံရုံးများနှင့် ကုလသမဂ္ဂရုံးများသို့ ပေးပို့သွားမည်ဟု သိရသည်။ သူကဆက်၍ “မြန်မာအစိုးရရဲ့ အခုလိုလုပ်ရပ်အပေါ် အင်မတန် စိတ်ဆိုး စိတ်ပျက်မိပါတယ်။ ဒီလို လုပ်ရပ် ဟာ အင်မတန်ရှက်စရာကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒီထဲကမှ မြန်မာအစိုးရ စွပ်စွဲသလို ဥပဒေ ချိုးဖောက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါဟာ သူတို့လုပ်မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို မဝင်စေဖို့ တမင်လုပ်တာဆိုတာ ထင်ရှားပါတယ်” ဟုဆိုသည်။ အိန္ဒိယ အစိုးရက မြန်မာအစိုးရကို ဖိအားပေးလာချိန်တွင် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု ၁၀၀ ကျော်တို့ကလည်း နယူးဒေလီရှိ မြန်မာသံရုံးရှေ့နှင့် ဂျန်တားမန်တား ပန်းခြံတို့တွင် ဒေါ်အောင်ဆန်း စုကြည်ကို တရားစီရင်မှုနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကန့်သတ်နယ်မြေရှိ မြန်မာသံရုံးရှေ့သို့ သွားရောက်ဆန္ဒပြခဲ့သူ ကိုအေးမင်းက “ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအပြစ်ဒဏ်ချတာ လုံးဝမကျေနပ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးမချင်း အခွင့်အရေးရတိုင်း မြန်မာသံရုံး ရှေ့လာပြီး ဆန္ဒပြရမှာပဲ” ဟု ဧရာဝတီသို့ပြောသည်။ အဆိုပါ ဆန္ဒပြသူများသည် မြန်မာသံရုံးရှေ့ အုတ်နံရံနှင့် တံခါးတို့တွင် ဒေါ်အောင်ဆန်းစုကြည် ပုံများကပ်၍ 'Free Aung San Suu Kyi' စာတမ်းများကို ဆေးရောင်စုံဖြင့်ရေးဆွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်း လွှတ်ပေးရန် ကြွေးကြော်ခဲ့ကြသည်။ မြန်မာသံရုံးရှေ့သို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ သွားခဲ့ရာ ဖမ်းဆီးဖြိုခွင်းခြင်း တစုံတရာ မရှိခဲ့သော်လည်း အိန္ဒိယရဲများက လူဦးရေ ၆၀ ကျော်ပါဝင်သော ဒုတိယအဖွဲ့၏ ကားသော့ကို ဖြုတ်သိမ်းထားသောကြောင့် ဆန္ဒပြသူများက မပြန်ဘဲ ဆက်လက်ဆန္ဒပြရန် ပြင်ဆင်သောအခါမှ သော့ပြန်ပေး၍ ထွက်ခွာခွင့်ပြုခဲ့သည်။ မြန်မာသံရုံးမှ တာဝန်ရှိသူများက ရုံးတွင်းမှနေ၍ ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့ရသည်။

အပြည့်အစုံ...>>

အပစ်ရပ်တိုင်းရင်းသားအဖွဲ့ (၄) ဖွဲ့ စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

၁၂ ရက် သြဂုတ် ၂၀၀၉။ ခေတ်ပြိုင်
နအဖစစ်အစိုးရ၏ တပ်ဖွဲ့အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို ငြင်းဆန်နေသည့် မြန်မာပြည်မြောက်ပိုင်း အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့တို့ နအဖက စစ်ရေးအရ ပိုမိုဖိအားပေးလာလျှင် အတူတကွ စစ်ဆင်ရေးဆင်နွှဲနိုင်ရန် ရည်ရွယ်၍ စစ်ရေးပူးတွဲ မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။စစ်ရေးမဟာမိတ်အဖွဲ့တွင် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကိုးကန့်အဖွဲ့နှင့် မိုင်းလားအဖွဲ့ ခေါ် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) တို့ ပါဝင်သည် ဟု ကချင်သတင်းဌာနက ယမန်နေ့တွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့ (၄) ဖွဲ့အနက် (၁) ဖွဲ့က နအဖနှင့်အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပါက ကျန်ရှိသည့်အဖွဲ့ (၃) ဖွဲ့ကလည်း အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သွားမည်ဖြစ်ကြောင်း မဟာမိတ်အဖွဲ့၏ သဘောတူညီချက်တွင် ပါရှိကြောင်း ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်က ပြောသည်။“ဒီအပစ်ရပ်အဖွဲ့ (၄) ဖွဲ့က သူတို့ မဟာမိတ်အဖွဲ့ ဖွဲ့လိုက်တယ်ဆိုတာ အတိအလင်းတော့ ကြေညာတာမဟုတ်ဘူးခင်ဗျ။ နအဖက ဒီအပစ်ရပ်ထိန်းချုပ်တဲ့ဒေသတွေမှာ တပ်အင်အားတိုးချဲ့နေတဲ့အတွက်ကြောင့် ဇူလိုင်လကတည်းက ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာ။ ဒီမဟာမိတ်အဖွဲ့က သဘောတူညီချက်တွေထဲမှာ အဓိကက နအဖက ဒီမဟာမိတ်အဖွဲ့တဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားလို့ရှိရင် အခြားအဖွဲ့တွေကလည်း နအဖကို ပြန်တိုက်ကြဖို့လည်း ပါတယ်။ နအဖက တိုက်လာရင် သူတို့က အကုန်တိုက်မယ်ပေါ့။ နအဖကလည်း အခုဆို သူတို့နယ်မြေမှာ စစ်အင်အားတွေ အများကြီး တိုးချဲ့ထားတာဆိုတော့ တိုက်ပွဲက ဒီလအတွင်းမှာတောင် ဖြစ်လာနိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။ရှမ်းပြည်မြောက်ပိုင်းတွင် တည်ရှိသည့် ကေအိုင်အို တပ်မဟာ (၄) နှင့် ကေအိုင်အို ဌာနချုပ်တို့ အဆက်အသွယ် ပြတ်တောက်စေရန်အတွက် ကေအိုင်အိုအဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာဒေသတလျှောက်တွင် နအဖစစ်တပ်မှ အင်အား (၅) သောင်းခန့် ရောက်ရှိနေကြောင်း ကိုနော်ဒင်က ပြောသည်။“နအဖနဲ့ ဒီဘက် (မြောက်) ပိုင်းက အပစ်ရပ်အဖွဲ့တွေရဲ့အခြေအနေက အတော်လေးကို ဆိုးနေပြီ။ နောက်ဆုံးအခြေအနေအရ ဒေါ်စုကိုလည်း ထောင်ဒဏ် ပြန်ချထားလိုက်ပြီဆိုတော့ အပစ်ရပ်အဖွဲ့တွေအပေါ်မှာလည်း ဖိအားတွေ ပိုပြီးများလာနိုင်လို့ ကေအိုင်အိုကလည်း အသင့်အနေအထားမှာ ရှိနေတယ်။ ကျေးလက်ဒေသက လူတွေက လုံခြုံရာကို ပြောင်းရွှေ့နေကြပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ ယခုလက်ရှိအင်အားမှာ တပ်ဖွဲ့ဝင် (၂) သောင်းဝန်းကျင်ရှိကြောင်း အထွေထွေ အတွင်းရေးမှုး ဒေါက်တာ လဂျာက ပြောသည်။ပြီးခဲ့သည့် စနေနေ့၌ နအဖစစ်တပ်က မူးယစ်ဆေးဝါး ရှာဖွေရေး အကြောင်းပြချက်ဖြင့် ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရန် ကြိုးစားခဲ့၍ နှစ်ဖက် ပစ်ခတ်လုနီးပါး ဖြစ်ပွားခဲ့သည်။ကိုးကန့်အဖွဲ့နှင့် နအဖစစ်တပ်အကြား အခြေအနေ တင်းမာနေသည့်အတွက် ဒေသခံအရပ်သား (၁) သောင်းကျော်ခန့် တရုတ်ပြည်ဘက်ခြမ်းသို့ တိမ်းရှောင်နေကြရပြီး ကျေးလက်ဒေသမှ ရွာသားများကလည်း နီးစပ်ရာ မြို့များသို့ သွားရောက် ခိုလှုံနေကြရကြောင်း တရုတ်နယ်စပ်မှ သတင်းများအရ သိရသည်။

အပြည့်အစုံ...>>

ယက်တောကို လွှတ်ပေးဖို့ ဗိုလ်သန်းရွှေ တွေ့ချင်တဲ့သူ


၁၂ ရက် သြဂုတ် ၂၀၀၉။ (ကိုဇာဂနာ ဖတ်ဖို့ ဟာသ)ပျော်တော်ဆက် သာဂိ

ခင်ဗျားနဲ့ အဆက်ကပြတ်နေတော့ ပြက်လုံးတွေ မကြားရဘူး။ ကျုပ်တို့ဖက်ကပဲ ခင်ဗျား ရီရအောင် ပြက်လုံးတွေ လုပ်ကြံရတော့မှာပေါ့။ အခု ဒေါ်စုနဲ့ မိတ်ဆွေ ၂ ယောက်ကို အကျယ်ချုပ် ၁၈ လ ချလိုက်တယ်။ နေအိမ်ကို ပြန်နေကြဆိုပဲ။ နောက် လူစိမ်းတွေ ရေကူးပြီး မ၀င်နိုင်အောက် အင်းယားကန်က ရေတွေကို ဖောက်ထုတ်ပစ်ထားမယ်လို့လဲ အမိန့်ထုတ်ထားသော်လည်း ဟိုမျောက်လောင်းကလေး မော်တော်ဘုတ်စီးဖို့ ရေကန် မရှိမှာစိုးလို့ဆိုပြီး “ဆိုင်းငံ့” ထားသေးသတဲ့။
အဲ … ဟို အမေရိကန် ယက်တောကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချလိုက်တယ်။ ချမယ့်ချ အနှစ် ၆၀၊ ၇၀ မချဘူးဗျ။ ၇ နှစ် ဆိုပဲ။ ပြီးတော့ မြစ်ကြီးနားထောင်လည်း မပို့ဘူး။ အမေရိကန်က သူ့မိသားစု ထောင်ဝင်စာ လာတွေ့ဖို့ ခက်မှာ စိုးသနဲ့ တူပါရဲ့။ ယုံကြည်စိတ်ချရတဲ့ အတွင်းသတင်းကတော့ မင်းတရားကြီး ဗိုလ်သန်းရွှေက ယက်တောကို လွှတ်ပေးဖို့ အကြံအစည်ရှိထားပြီးသားလို့ ဆိုတယ်။ အီရန်က ဖမ်းထားတဲ့ အမေရိကန်ဂျာနယ်လစ် မမတယောက်ကိုလည်း အမေရိကန်က “ကလင်တန်မ” နဲ့ အီရန်တို့ အခြားအာရပ်နိုင်ငံတွေ ကြားခံပြီး တွေ့ဆုံ ညှိနှိုင်းကြတဲ့နောက်ပိုင်းမှာ အီရန်က သဘောထားကြီးကြောင်းပြတဲ့အနေနဲ့ လွှတ်ပေးလိုက်ခဲ့တယ်လေ။အဲ နောက်ပြီးတော့ ဗိုလ်သန်းရွှေ မဟာမိတ် မြောက်ကိုရီးယားခေါင်းဆောင်ကြီးကလည်း သူဖမ်းထားတဲ့ အမေရိကန်ဂျာနယ်လစ်ပေါက်စမလေး ၂ ယောက်ကို လွှတ်ပေးဖို့အရေး အိုက်တင်တွေ အိုက်စရင်တွေ ခံပြီးတော့ ဟိုအမေရိကန်က “ကလင်တန်ကောင်” နဲ့ တွေ့ချင်တယ်လို့ လုပ်ချပြလိုက်တယ် မဟုတ်လား။ ကလင်တန်ကောင်ကို ကင်ဂျုံအီက ငယ်ငယ်ကတည်းက ကြိတ်ပြီး ကြည်ညိုနေခဲ့တာလို့ အတွင်းသတင်း ဖြစ်နေတာကလား။ သူနဲ့ “ကလင်တန်ကောင်”တို့ ဓာတ်ပုံတွဲရိုက်ပြီး ကမ္ဘာမီဒီယာပေါ်မှာ ဟစ်တ် ဖြစ်သွားတာကို မြန်မာပြည်က ဗိုလ်သန်းရွှေကလည်း ကြိတ်ပြီး အားကျနေတာကိုး။အခုတော့ အချက်ကောင်းတွေ့တာနဲ့ အမေရိကန်က ယက်တောကြီးကို ကမန်းကတန်း ဆေးရုံကနေ ထောင်ထဲ တန်းပို့ပြီး ထောင် ၇ နှစ် ချပစ်လိုက်တာဟာ မင်းတြားကြီး ဗိုလ်သန်းရွှေ အကြံကြီးကြီးနဲ့ အကွက်ချလိုက်တာပေါ့။သူလည်း ကမ္ဘာမှာ နံမယ်ကြီးအောင် အမေရိကန်က ဘယ်သူနဲ့ ခေါ်တွေ့ရင် ကောင်းမလဲလို့ ဗိုလ်သန်းရွှေတယောက် စိတ်ကူးယဉ်တော့တာကိုးလေ။ “ကလင်တန်မ” တို့ “ကလင်တန်ကောင်” တို့ကို အီရန်တို့ မြောက်ကိုရီးယားတို့က ခေါ်သုံးထားပြီးဆိုတော့ အမေရိကန်က ဘယ်သူ့ကို ဆင့်ခေါ်တွေ့ဆုံ၊ ဓာတ်ပုံတွဲ ရိုက် ရင် ကောင်းမလဲ ပေါ့။ အမေရိကန်သမ္မတ “အိုဘားမား” ကိုတော့ ဗိုလ်သန်းရွှေက မတွေ့ချင်ဘူး။ နံမယ်မှာ “ဘားမား” ပါနေတော့ … ဒါ သူ့ကို စော်ကားသလို ဖြစ်နေတယ်လေ။ မသကာ အမေရိကန်သမ္မတနံမယ်က “အိုဘားမား” မဟုတ်ဘဲ “အိုမြန်မာ” ဆိုရင် သူက ခေါ်တွေ့ချင် တွေ့မှာကိုး …။ပြီးတော့ “မိမိ၏ လုပ်ပိုင်ခွင့်အာဏာအတွင်းမှ မောင်ယက်တောကို စာနာထောက်ထား သနားသက်ညှာသော အားဖြင့်” ဆိုတဲ့ စကားလုံးကြီး သုံးပြီး ပြန်လွှတ်ပေးလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ကမ္ဘာမှာ ဟစ်တ် အကြီးအကျယ် ဖြစ်ပေလိမ့်မလဲ … လို့ စဉ်းစားခန်းဖွင့်နေတော့တယ် လို့ ဆိုပါတယ်။ဗိုလ်သန်းရွှေ ဆိုတဲ့ ဘုရင်မှူးချုပ်ကြီးကလည်း ပြည်တွင်းမှာပဲ မျက်စိပိတ် နားပိတ်နေတာ သူ့တသက်လုံးဆိုတော့ အမေရိကန်က ဘယ်သူတွေကို ဆင့်ခေါ်ပြီး တွေ့ဆုံဆွေးနွေး ရရင် ကောင်းပေလိမ့်မလဲ ဆိုတာ သိပ် မတွေးခေါ်တတ်တော့ သူ့အနီးကပ် မိဖုရားကြီး ကြက်ဆူပင်ကြိုင်ကြိုင်နဲ့ မြေးတော်လေး စိန်မျောက်လောင်းဆီက အကြံတောင်းရတော့တာပေါ့လေ။ ဒါပေမယ့် ခက်ပုံက ကြက်ဆူပင်ကြိုင်ကြိုင်နဲ့ စိန်မျောက်လောင်းတို့ကလည်း တောင်ကိုရီးယားက ရုပ်သံဇာတ်လမ်းတွဲတွေလောက်သာ ကြည့်ဖူး၊ ကြိုက်ဖူး၊ အသည်းစွဲဖူးကြရှာတာ ဆိုတော့ တောင်ကိုရီးယား မင်းသား၊ မင်းသမီး အမည်တွေလောက်သာ ကြားဖူးနားဝ ရှိတာကလား။ အမေရိကန်က နံမယ်ကြီးတဲ့ ခေါင်းဆောင်တွေ၊ စတားတွေ၊ သတင်းစာဆရာကြီးတွေ မပြောနဲ့ဦး … ဆွိုင်းဖလူတို့၊ ၀က်စ်နှိုင်းဗိုင်းရပ်စ်တို့ကိုတောင် ဖွာလူဒါတို့၊ ဗီးဂတ်စ်စီးကရက်တို့လို မှတ်ပြီး အတင်း ခိုးဝှက်တင်သွင်းမိလို့ တိုင်းပြည်တောင် ကာလနာ တိုက်နေတာ ဆိုတော့ ဗိုလ်သန်းရွှေလည်း အကြပ်အတည်းဆိုက်နေရတာပေါ့ ခင်ဗျာ။ အဲတာနဲ့ ဗိုလ်သန်းရွှေကလည်း သူ့မှာ ရှိတယ်ထင်တဲ့ ရွှေဉာဏ်တော် တထွာ တမိုက်ကလေးနဲ့ပဲ ငါ့ဇာတ်ကို ငါ ကတော့မယ် ဆိုပြီး အကြံထုတ်တော့တယ်လို့ သိရပါတယ်။ အမေရိကန်က ဆီနိတ်တာ ဂျင်ဝက်ဆိုသူကလည်း လာဖို့ အချိန်ကနီးနေတော့ အချိန်မီ သူရဲ့ တောင်းဆိုချက်ကို ပို့ပေးနိုင်ဖို့ကလည်း ဖိအားဖြစ်နေတာကိုး။ ဗိုလ်သန်းရွှေက ဂျင်ဝက်တောင် သိပ်လာစေချင်တာ မဟုတ်ဘူး။ နံမယ်ထဲမှာ “၀က်” ပါနေတော့ တုတ်ကွေးတွေ ခေါ်လာမှာကို စိုးရိမ်နေတယ်လို့ ပြောသံကြားတယ်။ ဗိုလ်သန်းရွှေလည်း အမေရိကန်က နာမည်ကြီးလူပုဂ္ဂိုလ်တွေကို ပြည်တွင်းထုတ် ဂျာနယ်တွေ၊ စာစောင်တွေ တလစာလောက်ကို စုဆောင်း ဖတ်ရှုပြီး ရှာဖွေ စဉ်းစားတော့တယ်လို့ သိရပါတယ်။ ပြည်တွင်းက စာနယ်ဇင်းတွေကလည်း ဆင်ဆာတွေ မိုးလုံးပြည့်ဆိုတော့ နိုင်ငံခြားဘောလုံးသမားနံမယ်တွေလောက်သာ ဗိုနံမယ်တွေအဖြစ် ရှောရှောရှုရှု ပုံနှိပ်ဖော်ပြခြင်း ခံရတာဆိုတော့ ကိုယ့်ရှူး ကိုယ်ပတ်ပြီး အတော်ကြီးကို ချွေုးပြိုက်ပြိုက်ကျတော်မူရှာပါတယ်။ နောက်ဆုံးမှာတော့ “ငါဟဲ့ သန်းရွှေ … ခေသူမဟုတ်ပါတကား” ဆိုပြီး တမဟုတ်ချင်း ခုန်ထ၊ လက်ခမောင်း တဖြောင်းဖြောင်း ခပ်တဲ့ပြီးသကာလ ယက်တောကို ပြန်လွှတ်ပေးဖို့အရေး မဟာ့မဟာ ဖိုတိုအပေါ်ကျုနတီ ခေါ် ကမ္ဘာကျော်မယ့် ဓာတ်ပုံအခွင့်ကောင်းယူရန် တွေ့ဆုံဖို့ အမေရိကန်က နံမယ်ကြီးလူတဦးရဲ့ နံမည်ကို ထုတ်ဖော်ရရှိလိုက်ပါတော့ သတဲ့။အဲသဟာနဲ့ အမေရိကန်သံရုံးထံကို ဗိုလ်သန်းရွှေက သံကြိုးရိုက်ပြီး ရာဇသံ ပေးလိုက်ပုံက …“ဟေ့ ကလင်တန်မ …နင်တို့လူ ယက်တောကောင်ကို လွှတ်ပေးစေချင်ရင် ငါကိုယ်တော်မြတ်ဆီကို နင်တို့ အမေရိကန်က အခုတလော အမည်ဟိုးဟိုးကျော်တဲ့ ဟိုတကောင်ကို အမြန်လွှတ်ပေးလိုက်။ သူနဲ့ ငါကိုယ်တော်မြတ် တွေ့ဆုံပြီးမှသာ ယက်တောကို လွှတ်ပေးနိုင်လိမ့်မယ် …”လို့ ဆိုပါသတဲ့။ဗိုလ်သန်းရွှေက အခုတလော အမေရိကန်မှာ နံမယ်အလွန်ကြီးတယ်ဆိုပြီး တွေ့ချင်တဲ့သူ နံမယ်ကြားလိုက်တဲ့အခါ အမေရိကန်ကအစိုးမင်းများခင်မျာ အလွန် အကြပ်ရိုက်ကုန်ကြရပါတယ်တဲ့ ခင်ဗျား …ဗိုလ်သန်းရွှေ တွေ့ချင်သူက …“မိုက်ကယ်ဂျက်ဆင် …”(အဟိ …)(စာကြွင်း - ကိုဇာဂနာရေ့ … အမေရိကန်အစိုးရအတွင်းသတင်းအရကတော့ ခုချိန်ထိ မိုက်ကယ်ဂျက်ဆင်အသုဘကြီးကို မြေမချသေးဘဲ ဒီအတိုင်းထိန်းသိမ်းထားတဲ့ နောက်ကွယ်က လျို့ဝှက်ချက်ဟာ ဗိုလ်သန်းရွှေကြောင့်ဆိုတာ ကျန်ရစ်သူမိသားစုတွေတောင် မသိကြသေးဘူး ဆိုပဲ။)

အပြည့်အစုံ...>>

လုံခြုံရေးကောင်စီ နအဖကို ကြောက်လန့်နေ

၁၂ ရက် သြဂုတ် ၂၀၀၉။
ဒေါ်အောင်ဆန်းစုကြည်ကို နအဖမှ မတရားစီရင်ချက်ချက်မှတ်ခြင်းနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ပြစ်တင်ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မနေ့က မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပရာ သဘောတူညီမှုမရခဲ့ပေ၊ မြန်မာနိုင်ငံတရားစီရင်ရေးနဲ့ပတ်သက်ပြီး ကြေငြာချက်ထုတ်ပြန်နိုင်ဖို့အတွက်ကိုပင် တရုတ်၊ ဗီယက်နမ် နဲ့ ရုရှားနိုင်ငံတို့က ကန့်ကွက်ခဲ့လို့ လုံခြုံရေးကောင်စီလည်း ရေရှည်ရပ်တည်ရှင်သန်နိုင်ဖို့အတွက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ရပါသည်။

အပြည့်အစုံ...>>

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ အရေးယူမှု ထပ်တိုးမည်

၁၂ ရက် သြဂုတ် ၂၀၀၉။ ဗွီအိုအေ
မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားရှိကြောင်းနဲ့ ၃ နှစ် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ပေးလိုက်တဲ့အပေါ်မှာ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေ၊ ဥရောပသမဂ္ဂ နိုင်ငံတွေ စတဲ့ ကမ္ဘာတ၀န်း အစိုးရခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ကဲ့ရဲ့ရှုတ်ချတဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်၊ သတင်းထောက်တွေကို စကားပြောခဲ့ကြပါတယ်။ အခုလို နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကို နော်ရှိုးက စုစည်းတင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချပြီးတဲ့နောက် မကြာခင်မှာပဲ မလေးရှားအစိုးရက အာဆီယံအသင်း အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပဖို့ တောင်းဆိုလိုက်ပါတယ်။ အရှေ့တောင်အာရှ အသင်းကြီး အာဆီယံကို စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ ပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက် ချလိုက်တာကို ရှုတ်ချလိုက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရသူ အက်ဒ် မာလာယာ (Ed Malaya) က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားတာဟာ မြန်မာ့အရေး နောက်ပြန်ဆုတ်သွားခြင်း ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပြီး မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းလိုက်ပါတယ်။
တခါ အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်တာဟာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တာဖြစ်ပြီး မြန်မာစစ်အစိုးရ အနေနဲ့ အာဆီယံ ပဋိညာဉ်ကို ဆန့်ကျင်ရာ ရောက်တဲ့အပြင် လုံခြုံရေးကောင်စီရဲ့ တိုက်တွန်းချက်တွေကိုလည်း လျစ်လျူရှုတာပဲ ဖြစ်တယ်လို့ ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) ကို ၇ နှစ် ထောင်ဒဏ်ချမှတ်တာဟာ သူ့ရဲ့ပြစ်မှုနဲ့ မမျှတာကြောင့် စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း သမ္မတအိုဘားမားက ပြောထားပါတယ်။
အခုလောလောဆယ် အာဖရိကကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း တရားရုံးရဲ့ စီရင်ချက်ကို ကြားကြားချင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက ရုံးတင်စစ်ဆေးဖို့ကို လုံးဝ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနယ်လ် (Mitch McConnell) က သေချာ စဉ်းစားတွေးခေါ် သုံးသပ်တတ်တဲ့ လူတဦးအနေနဲ့ ဒီစီရင်ချက်ကို မနှစ်မြို့တာကလွဲလို့ တခြားဘယ်နည်းနဲ့မှ တုံ့ပြန်လို့ ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ဥရောပသမဂ္ဂရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဆွီဒင်နိုင်ငံကလည်း ဥရောပသမဂ္ဂ အီးယူအနေနဲ့ မြန်မာစစ်အစိုးရအပေါ် အခုထက်ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ စိုင်းပြင်းနေတယ်လို့ ဆိုပါတယ်။ ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒရစ်ခ် ရိန်းဖဲလ်ဒ် (Fredrick Reinfeldt) က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အခုလို သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ဒီလို မသင့်လျော်တဲ့ စီရင်ချက် ချမှတ်လိုက်တာကို ကျနော်တို့အနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်။ ဒီ စီရင်ဆုံးဖြတ်ချက် ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့သမျှ ပုဂ္ဂိုလ်တွေ အားလုံးအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့ကို ဥရောပသမဂ္ဂ နိုင်ငံတွေထဲကိုလည်း လုံးဝ လာရောက်ခွင့်ပေးမှာ မဟုတ်သလို သူတို့ရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ ဥရောပသမဂ္ဂထဲက ဘဏ်တွေမှာ ရှိမယ်ဆိုရင်လည်း အဲဒါတွေကို ထုတ်ယူ သွင်းယူလို့ မရအောင် ပိတ်ဆို့လိုက်မှာ ဖြစ်ပါတယ်။”
အခုလို ဥရောပသမဂ္ဂရဲ့ အသစ်သော နည်းလမ်းတွေနဲ့ ဒဏ်ခတ်မယ့်အထဲမှာ မြန်မာစစ်အစိုးရပိုင် စီးပွားရေးလုပ်ငန်း ကုမ္ပဏီတချို့လည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကိုယ်တိုင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး တရားရုံးရဲ့ အတုအယောင် ရုံးတင်စစ်ဆေးမှုကနေ အခုလို စီရင်ချက် ချလိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ ကမ္ဘာကို ဆက်ပြီး အံတုနေမှာ သေချာပေါက်ပဲလို့ တုံ့ ပြန်ထားပါတယ်။ ဒါ့အပြင် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခဲ့ပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ဆက်ပြီး ဆွေးနွေးမှုတွေ၊ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဗြိတိန်အစိုးရဘက်ကတော့ မြန်မာစစ်အစိုးရကို လက်နက်တင်သွင်း ရောင်းချမှုကို လုံးဝ ပိတ်ပင်တားမြစ်ဖို့ တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုထင်ရှားရှိကြောင်း ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချလိုက်တာကို ရှုတ်ချလိုက်ပါတယ်။ ဒါ့အပြင် စစ်အစိုးရအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုဖို့ စဉ်းစားမယ်ဆိုရင် အချိန်ရှိသေးတယ်၊ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်ဆောင်ရွက်မယ်ဆိုရင် ဩစတြေးလျ အပါအ၀င် နိုင်ငံတကာက ကူညီဖို့ အသင့်ပဲလို့လည်း ပြောခဲ့ပါတယ်။ မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ ငွေကြေးအရ ပိတ်ဆို့ဒဏ်ခတ်ထားတဲ့မူကို ဆက်ထားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ ကာဆီးကာဆီး လုပ်လေ့ရှိတဲ့ တောင်အာဖရိက အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ချမှတ်ခြင်း ခံရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ တောင်အာဖရိက အစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒု-၀န်ကြီး အီဘရာဟင်မ် အီဘရာဟင်မ် (Ebrahim Ebrahim) က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့၊ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားပြီ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

အပြည့်အစုံ...>>

မြန်မာ့အသံမှ ဒေါ်အောင်ဆန်းစုကြည် အမိန့်သတင်းအားထုတ်ပြန်ကြေငြာ

၁၁ ရက် သြဂုတ် ၂၀၀၉။
Type your summary here Type rest of the post here


ဦးကုလား

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် တနှစ်ခွဲချမှတ်၊ လူ ၇၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရ


၁၁ ရက် သြဂုတ် ၂၀၀၉။

ရိုးမ၃နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မတရား ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက ယနေ့ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက်သည်။လေးလကြာ အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံထားရပြီး ထောင်တွင်းအထူးတရားရုံးတွင် အမှုရင်ဆိုင်နေရသူ သူမအား ယနေ့ နအဖစစ်အစိုးရခေါင်းဆောင်၏ လုပ်ပိုင်ခွင့်အာဏာအရ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု စစ်အစိုးရ ရုပ်သံသတင်းက ထုတ်လွှင့်သွားခဲ့သည်။
ယနေ့ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင် အဆိုပါရုံးချိန်းသို့ လာရောက်ကြသည့် လူထုမှာ အင်အား ၅,၀၀၀ ကျော်ခန့်ရှိပြီး တရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ရှိသည်ဟု ဆုံးဖြတ်ချက်ချခဲ့သဖြင့် မကျေနပ်သည့် လူစုလူဝေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ချီတက်ခဲ့ကြသည်။“လူအုပ်စုတစုက လမ်းလျှောက်ဖို့ ဆော်သြတယ်၊ ဒါနဲ့ လမ်းလျှောက်ကြတော့ အင်းစိန်ဂုံးကျော်တံတားအကျော် ဘော်လုံးကွင်းဒေါင့်ရောက်တော့ လူအုပ်ထဲက ၅၀ လောက်ကို လိုက်ဆွဲပြီး ဒိုင်နာကားတွေနဲ့ ဖမ်းပြီး ခေါ်သွားတယ်၊ တချို့ ဘတ်စ်ကားတွေပေါ် တက်ပြေးတော့ ယာဉ်ထိန်းရဲတွေက ကားကို တားပေးတယ်၊ ကားပေါ်ထိ လိုက်ဖမ်းတယ်” ဟု မျက်မြင်သက်သေတဦးက ပြောသည်။ဖမ်းဆီးခံရသူများတွင် အင်န်အယ်ဒီပါတီဝင်များ ပါဝင်သလို အများစုမှာ ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ရှိသည်ဟု ပြောဆိုထောင်ချခြင်းကို မကျေနပ်သည့် သာမာန်ပြည်သူအများစုဖြစ်ပြီး ဖမ်းဆီးခံရသူ ၇၀ ထက်မနည်းရှိနိုင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ယနေ့စစ်အစိုးရရုပ်သံသတင်းအရ မြန်မာပြည်လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေ့ရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်ကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း စစ်ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုပ်ပိုင်ခွင့်အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညှာတာထောက်ထားမှုပြုခဲ့သည်ဟု ဖော်ပြထားသည်။ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောကို တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး နေအိမ်တွင် အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား ဒေါ်အောင်ဆန်းစုကြည်နည်းတူ ပြစ်ဒဏ်ဆိုင်းငံ့ဖြင့် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့သည်။နောက်ဆုံးရရှိသည့် သတင်းများအရ အင်းစိန်ဂုံးကျော်တံတားအနီး ဖမ်းဆီးသွားသူများအား အာဏာပိုင်များက ပြန်လည်လွှတ်ပေးလိုက်ပြီဟု သိရသည်။

အပြည့်အစုံ...>>

ကိုးကန့်အဖွဲ့နဲ့ နအဖတပ်ဖွဲ့ ထိပ်တိုက်မှုဖြစ်ပွား

၁၀ ရက် သြဂုတ် ၂၀၀၉။ ဘီဘီစီ
သြဂုတ်လ ရှစ်ရက် စနေနေ့ မနက်ပိုင်းက ကိုးကန့်အဖွဲ့ဌာနချုပ်တည်ရှိရာ လောက်ကိုင်မြို့နဲ့အနီး ကိုးကန့်ဒေသအတွင်းမှာ အပစ်ရပ်ကိုးကန့်အဖွဲ့နဲ့ အစိုးရစစ်တပ်အဖွဲ့အကြား တင်းမာမှုတရပ်ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီ့အတွက် ဒေသခံအချို့အထိတ်တလန့်ဖြစ်ရကာ နီးရာတရုတ်နိုင်ငံဘက်ခြမ်းသို့ လူပေါင်းတစ်သောင်းကျော် ထက်ပြေးကြပါတယ်။ တင်းမာမှုဖြစ်ရခြင်းအကြောင်းက လောက်ကိုင်နယ်မြေအတွင်းမှာ ကိုးကန့်အဖွဲ့ရဲ့ လက်နက်ခဲယမ်းဂိုဒေါင်တစ်ချို့ကို နအဖအစိုးရမူးယစ်နဲ့ စစ်တပ်အဖွဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးရှာဖွေဖို့ အကြောင်းပြချက်နဲ့ ၀င်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။
ကိုးကန့်တပ်ဖွဲ့ဘက်ကလည်း အ၀င်မခံဘဲ ပိတ်ဆို့ပြုလုပ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်ကြမယ့်အခြေအနေအထိ တင်းမာမှုဖြစ်ခဲ့ပါတယ်။ အဆိုပါတင်းမာမှုဟာ ငါးနာရီကြာမြင့်ခဲ့ပြီးနောက်ဆုံးမှာ ကိုးကန့်ခေါင်းဆောင်ဦးဖုန်က်ျားရှင်ကိုယ်တိုင် မြန်မာစစ်တပ်ကို အမြန်ဆုံးထွက်ခွာဖို့ပြောခဲ့ရာ စစ်တပ်ကဆုန်ခွာသွားတဲ့အကြောင်း တရုတ်မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဘီဘီစီကိုပြောပြပါတယ်။

အပြည့်အစုံ...>>

ဒီမိုး ... ဒီရေ ... ဒီလူတွေနဲ့ (ရှစ်လေးလုံးအတွက် အထူးဆောင်းပါး)

၈ ရက် သြဂုတ် ၂၀၀၉။ နေသန်မောင်
လွန်ခဲ့တဲ့ (၂၁)နှစ်က လူသိန်းပေါင်းများစွာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က တစ်ပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီစနစ်ဆီ ပြောင်းလဲရေးဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ဟာ အနှစ်(၂၀)အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပေမယ့် ၁၉၈၈က ပြည်သူတွေ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီရှိတဲ့ နိုင်ငံရေးစနစ်တစ်ရပ် မပေါ်ထွန်းခဲ့ပါဘူး။ ဒီအတွက် တိုင်းပြည်ကို သံကွန်ခြာအထပ်ထပ်အောက်မှာထားပြီး အုပ်ချုပ်လာတဲ့ စစ်တပ်ကို သမိုင်းရဲ့ တစ်ဦးတည်းသော တရားခံအဖြစ်နဲ့ လက်ညှိုးထိုးခဲ့ကြပါတယ်။ အနှစ်(၂၀)ကျော် ကြာလာတဲ့အခါ စိတ်နာလက်စရှိထားပြီးသားမို့ အာဏာကို မြဲမြဲဆုတ်ကိုင်ထားတဲ့ စစ်တပ်ကို ပိုပြီးစိတ်နာကြပါတယ်။ အဖြေကတော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်မပေးဘဲ အကျဉ်းချထားတာကြောင့်ရယ်၊ နိုင်ငံရေးလှုပ်ရှားတဲ့ ကျောင်းသား၊ လူငယ်၊ ရဟန်းရှင်လူ၊ ပြည်သူတွေကိုပါ ထောင်သွင်းအကျဉ်းချထားတာကြောင့် ဖြစ်ပါတယ်။
နေ့စဉ် မြန်မာပြည် ပြင်ပကထုတ်လွှင့်နေတဲ့ ရေဒီယိုအစီအစဉ်တွေက နိုင်ငံရေးဆိုင်ရာ စကားဝိုင်းတိုင်းမှာ၊ မြန်မာ့အရေးကျွမ်းကျင်သူတွေရဲ့ စကားလုံးတိုင်းမှာ၊ အာဆီယံနိုင်ငံတွေအချင်းချင်းကြားမှာ ပြောနေကြအဆုံးသတ်စကားကတော့ မြန်မာပြည်အရေးဟာ ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နေပြီဆိုတာကို ထပ်တလဲလဲပြောနေကြတာပဲဖြစ်ပါတယ်။မြန်မာပြည်အခြေအနေဟာ ဘယ်ကိုမှ ဦးတည်မသွားဘဲ ရပ်နေပြီဆိုတဲ့ သုံးသပ်ချက်ဟာ သန်းပေါင်း(၅၀)ကျော် မြန်မာပြည်သူတွေကို စိတ်ဒုက္ခအကြီးအကျယ် ရောက်စေပါတယ်။ အားသွန်ခွန်စိုက် လှော်ခဲ့တဲ့လှေဟာ ဘယ်ကိုမှ မရွေ့ဘူးဆိုတဲ့အကြောင်း သိသွားတဲ့အခါ နောက်ထပ် လှော်ချင်စိတ်မရှိဘဲ ခြေကုန်လက်ပန်း ကျသွားစေပါတယ်။တိုင်းပြည်မျက်နှာကြည့်တယ်ဆိုတာ ပြည်သူ့မျက်နှာကြည့်တာကို ဆိုလိုတာပါ။ နိုင်ငံရေးဆိုတာ ပြည်သူ့တွေအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အရာကို ဆောင်ရွက်ရတဲ့ပညာရပ်ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်မှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က လမ်းညွှန်မြေပုံ(၇)ချက်ကို ကြေညာချိန်ကစပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတိုင်းက အုံးအုံးကြွက်ကြွက် ကန့်ကွက်ခဲ့ကြပါတယ်။ အခုအချိန်ထိလည်း ဒီမြေပုံ(၇)ဆင့်ဟာ တစ်ဆင့်ပြီးတစ်ဆင့် ပြီးလာလိုက်တာ နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပတော့မယ့်အခြေအနေထိကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆိုက်ရောက်လာပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ အနှစ်(၂၀) မြန်မာပြည်သမိုင်းထဲမှာ ဒုတိယအကြိမ် ပွဲအဆူဆုံး နိုင်ငံရေးပွဲတစ်ခုဆိုတာ လူတိုင်းသိထားတာမို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတိုင်း (အထူးသဖြင့် ပြည်ပရောက်)က ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်ပါတယ်။ဒေါ်စုကို ထောက်ခံအားပေးတဲ့ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေဆိုတာ ကိုယ့်ဝမ်းစာအတွက် စားဝတ်နေရေး ဖူလုံရုံတင်မက လျှံပယ်နေလို့ သံရုံးရှေ့မှာ ဆနပြတာ၊ အခမ်းအနားလုပ်ပြီး ဒီမိုကရေစီဖောင်ကြီးကို တက်စီးကြသူတွေပါ။ မြန်မာပြည် နိုင်ငံရေးမှာ ဒေါ်စုလွတ်မြောက်ရေးလို့ အော်လိုက်ရုံနဲ့တင် အသက်သာဆုံးသော နိုင်ငံရေးကို စလုပ်လို့ရနေတာဖြစ်ပါတယ်။ ဒေါ်စုကို ထောက်ခံတိုင်း ဒီမိုကရေစီဘက်တော်သား၊ အင်အားစုဖြစ်တယ်လို့ခံယူပြီး နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးမျိုးက ဘယ်ကိုမှမရောက်တဲ့ နိုင်ငံရေးမျိုးဖြစ်တယ်။ငွေကြေးထောက်ပံ့မှုယူပြီး နိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်းတွေကလည်း သက်သာနိုင်ငံရေးမျိုးကို လုပ်ပါတယ်။ ဒါဟာ အစားရချောင်ပြီး မပင်ပန်းဘဲ ဒီမိုကရေစီအရလှမ်းလိုတဲ့ လုပ်ရပ်လို့ ထင်ကြသူတွေ တပုံကြီးပါ။ အမှီအခိုမကင်းဘဲလုပ်တဲ့ နိုင်ငံရေးဟာ ဘယ်တော့မှ လက်တွေ့ကျကျ စဉ်းစားခွင့်ကို မပေးပါဘူး။ အဲဒီ ပြည်ပရောက်နိုင်ငံရေးလုပ်ကြသူတွေက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေအနက် ထိပ်ဆုံးကပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ လက်တွေ့နိုင်ငံရေးနဲ့ ကင်းကွာသွားလို့ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာနေထိုင်တဲ့ မိသားစု တစ်စုအတွက် နေ့လည်စာ၊ ညစာအပြင် လျှပ်စစ်မီး၊ ရေစတဲ့အကြောင်းဟာ နေ့စဉ်ငရဲဖြစ်ပေမယ့် ပြည်ပရောက်တွေအတွက်က ခေါင်းထဲ ထည့်စဉ်းစားဖို့မလိုတဲ့အရာတွေ ဖြစ်ပါတယ်။ အဲဒီအခြေခံ သေးသေးလေးကစပြီး ကွာတော့တာပါပဲ။၂၀၁၀ ရွေးကောက်ပွဲကို ဘာကြောင့် ဆန့်ကျင်တာလဲ၊ ဘာကြောင့် သဘောတူ လက်ခံရမှာလဲ။ ဆန့်ကျင်တဲ့သူတွေကတော့ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို မေးခွန်းပြန်ထုတ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အဲဒီရွေးကောက်ပွဲ ကျင်းပပေးခဲ့တဲ့ ဒီကနေ့ထိ အာဏာတည်နေတဲ့ စစ်တပ်က အကောင်အထည်မဖော်ခဲ့ဘူး။ ဘယ်တော့မှလည်း အကောင်အထည် ဖော်ပေးမှာမဟုတ်ဘူး။ ဒီရလဒ်နဲ့ပတ်သက်ပြီး နှစ်ဖက်စလုံး ဘယ်လိုမှ ညှိလို့မရတာကို အသေအလဲ ဆက်ကိုင် ထားရမှာလား။ ဆက်ကိုင်ထားတဲ့သူပဲ ခံရမှာပဲ။ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် မဖော်ကို ဒေါ်စုနဲ့စစ်ဗိုလ်ချုပ်တွေ စကားပြောရမယ်လို့ တောင်းဆိုတယ်။ စကားမပြောဘူး။ ဘယ်တုန်းကမှလည်း ပြောဖို့မရှိသလို ဘယ်တော့မှလည်း ပြောမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုအပေါ် ပုဂ္ဂိုလ်ရေးအရ အာဃာတတွေရှိတာကြောင့်လည်း ဖြစ်မယ်၊ သာမန်အရပ်သား နိုင်ငံရေးသမားနဲ့ စကားပြောပြီး အပေးအယူလုပ်မှ အခြေအနေတွေ ပြေလည်မယ်ဆိုတာကို စစ်ဗိုလ်ချုပ်တွေက မယုံကြည်တာလည်း ဖြစ်မယ်။ အတိုချုပ်ကတော့ ကုလသမဂ္ဂ မကလို့ ဘယ်သူပဲ ဖိအားပေးပေး ဒီစကားပြောတဲ့ကိစ္စ လုပ်ကိုလုပ်မှာ မဟုတ်ဘူး။ တောင်အာဖရိကဖြစ်ရပ်ကို စိတ်ကူးယဉ်နေလို့ကတော့ အခြေအနေတွေ ပိုဆိုးသွားဖို့ပဲရှိပါတယ်။ ဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဒေါ်စုတို့ကြား တစ်နည်းပြောရရင် အာဏာလက်ရှိ စစ်တပ်နဲ့ အာဏာလက်မဲ့ ဒီမိုကရေစီရေး အင်အားစုကြားက ပဋိပက္ခဟာ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ဒီပြသနာဟာ လွယ်လွယ်ကူကူ ပြေလည်စရာမရှိဘူး။ နောက်ထပ်အနှစ်(၂၀) ထပ်ကြာသွားနိုင်တယ် ဆိုတာ ကျန်ခဲ့တဲ့အတိတ်ကိုကြည့်ပြီး ခန့်မှန်းရင်လွယ်တယ်။ အရက်စက်ဆုံးသော အမှန်တရားက ဒါပဲ။ မြန်မာပြည်မှာ တကယ်တမ်းရှိနေတဲ့ အာဏာပြသနာကို ကျန်တဲ့ပြည်သူတွေက ဘာမှမတတ်နိုင်ဘဲ ငုတ်တုပ်ထိုင်ကြည့်နေရတဲ့အဖြစ်ကို ရောက်လာတယ်။နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင် ပြန်လွှတ်ရမယ်၊ ဒေါ်စုကိုလည်း ပြန်လွှတ်ရမယ်၊ ပြီးရင် ဒေါ်စုဦးဆောင်တဲ့ အန်အယ်ဒီပါတီနဲ့ လက်ရှိ စစ်ခေါင်းဆောင်တွေ စကားပြောပြီး အပေးအယူလုပ်ရမယ်၊ ပြီးရင် တစ်ယောက်တစ်ဝက်ပဲဖြစ်ဖြစ် တစ်ယောက်တည်းက အကုန်လုံးပဲဖြစ်ဖြစ် အာဏာယူပြီး ဒီမိုကရေစီနိုင်ငံ ထူထောင်ရမယ်၊ ပြည်ပရောက်တွေ အကုန် မြန်မာပြည် ပြန်လာခွင့်ရမယ်။ စီးပွါးရေးပိတ်ဆို့ထားတာတွေ ရပ်ဆိုင်းရမယ်၊ တိုင်းပြည်ထူထောင်ဖို့ နိုင်ငံတကာက ငွေကြေး၊ နည်းပညာ၊ လူအားနဲ့ အကုန်ထောက်ပံ့ရမယ် .... စသဖြင့် ဒီအချက်တွေဟာ တစ်ခုမှ ဖြစ်မလာဘူးဆိုရင် ဘာလုပ်မလဲ။ကုလသမဂ္ဂကို ဒေါသလှည့်ထွက်လိုက်၊ အာဆီယံနဲ့ တရုတ်ကို အပြစ်တင်လိုက်၊ အိန္ဒိယနဲ့ ဂျပန်ကို စိတ်ဆိုးလိုက် နောက်ဆုံးတော့ စစ်တပ်ကို လက်ညှိုးထိုး ...။ ဒီပြဇာတ်တွေဟာ သေသေချာချာ ရေတွက်ထားတာမဟုတ်တောင် အဖန်တလဲလဲ ကခဲ့ရတာကတော့ သေချာတယ်။ မြန်မာပြည်က ပြည်သူတွေရဲ့ဘ၀က ပိုပြီးထောင်းထောင်းကြေပြီး တိုင်းပြည်အနာဂတ် ပိုမဲ့လာတာပဲရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် အချိန်နီးလာတာနဲ့အမျှ ပြည်ပရောက်တွေရဲ့ ဆန့်ကျင်ရေး လေသံတွေက ပိုပြီးကျယ်လောင်လာတယ်။ သူတို့ဆန့်ကျင်တိုင်း ဒီရွေးကောက်ပွဲက ပျက်စီးသွားမှာ မဟုတ်ဘူးဆိုတာ သိပေမယ့်လည်း ဒီလိုအော်မှ ဒီမိုကရေစီရေးလုပ်တာလို့ လိပ်ပြာသန့်ချင်နေကြပုံ ရတယ်။ နောက်တစ်ခုက ထောင်ကျတန်းကျ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္ဒ္စာမဖောက်ဘူးဆိုတာကို ပြချင်ပုံရတယ်။လူနာတစ်ယောက်ကို ဆရာဝန်တစ်ယောက်က ခင်ဗျားမှာ သွေးကင်ဆာရောဂါရှိနေတာ ရာခိုင်နှုန်း အတော်များတယ်လို့ ပြောလိုက်ရင် အဲဒီလူနာ ဘာပြန်ပြောမယ်ထင်လဲ။ ဟုတ်ကဲ့ပါဆရာ၊ ကျနော်သိပါတယ် လို့ပြန်ဖြေမယ်များ ထင်မိရင်တော့ လွဲမှာပဲ။ ဘယ်ရမလဲ။ ဒီမှာဆရာဝန် ခင်ဗျားပြောတာ မယုံဘူး။ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒီရောဂါရှိတာ မဖြစ်နိုင်ဘူးလို့ လူနာ(၉၉%)က ပြန်ဖြေမှာပဲ။ ကြိုက်ကြိုက်မကြိုက်ကြိုက် ... ရှောင်လို့မရတဲ့ အမှန်တရားအပေါ် ရုတ်တရက်တော့ လူတိုင်းက ငြင်းကြပါတယ်။ ငြင်းဆန်တဲ့ကာလကလည်း ကြာတတ်ပါတယ်။ဒီကင်ဆာနဲ့ သေရမယ့်အချိန် နီးကပ်လာတော့မှ လူနာက မဖြစ်မနေ အခြေအနေတစ်ခုကို လက်ခံရပါတယ်။ အဲဒီအတွက် ဒီလူနာဟာ အကျိုးမဲ့အချိန်ဖြုန်းခဲ့ပြီး သေဖို့အတွက် ဘာတစ်ခုမှ မပြင်ဆင်ခဲ့ဘူး။ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအင်အားစုတွေ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျင်းကိုကျင်းပတော့မယ့်ဖြစ်ရပ်။ ဒါကို ပြည်ပရောက်တွေက အသံပြာသွားအောင် လေကုန်ခံပြီး ဆန့်ကျင်နေတော့ ဘယ်သူအကျိုးရှိမလဲ။ ဒီလိုအော်လို့ အမေရိကန်ဦးဆောင်ပြီး ကုလတပ်တွေနဲ့ မြန်မာပြည် ၀င်သိမ်းပေးမှာလည်း မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကို ဆန့်ကျင်အော်ပြနေတာဟာ ကိုယ့်ပြည်သူကို ကိုယ်က ချောင်ပိတ်ရိုက်နေတာနဲ့ အတူတူပါပဲ။ ရွေးကောက်ပွဲမှာ မဲမပေးနဲ့၊ ၀င်မပါနဲ့၊ ကန့်ကွက် ဘာညာဆိုပြီး ဖွဲ့စည်းပုံအတည်ပြုတုန်းကလို လုပ်ခဲ့ရင် တကယ့်တကယ် ရွေးကောက်ပွဲလုပ်တဲ့အခါ တကယ်ကာယကံရှင်တွေဖြစ်တဲ့ ပြည်သူတွေအတွက် အချိန်သိပ်မရှိတော့ဘူး။ ကင်ဆာဖြစ်နေပြီဆိုတာ သိတဲ့အချိန်မှာ အသက်ရှင်ဖို့ ရက်ပိုင်းပဲရှိတော့တဲ့ လူနာလို တကယ်မဲပေးရတော့မယ့်အခါကျမှ ရွေးကောက်ပွဲက တကယ်ဖြစ်ပြီ ဘာလုပ်ရမှာလဲဆိုတာမျိုး ပြည်သူကို ရွေးချယ်စရာမရှိအောင် ချောင်ပိတ်ရိုက်တာမျိုးနဲ့ တူနေပါပြီ။ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေက ဆန့်ကျင်ကြပြီထား။ ပြည်သူတွေက ဘယ်သူ့ကို မဲပေးရမှာလဲ။ ဒီတော့ လွှတ်တော်အမတ်နေရာတွေ ၀င်လျှောက်ကြမယ့် ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေကိုပဲ မဖြစ်မနေ မဲပေးရမယ့်အပေါက် ဆိုက်နေပြီ။ ဒီလိုလုပ်မယ့်အစား လူထုအတွက် စွမ်းအားရှင်ထက်၊ ကြံဖွတ်ထက်သာတဲ့ သူတွေကို ကြိုတင်ရွေးချယ်ပြီး လူထုကိုယ်စားလှယ်လုပ်ပြီး ၀င်ပြိုင်စေတာက ပိုပြီး အကျိုးမရှိစေဘူးလား။ရွေးကောက်ပွဲဆန့်ကျင်တာက နအဖဆန့်ကျင်တာပဲဆိုတဲ့အတွေးမျိုးရှိရင်၊ ဆိုးရွားတဲ့အခြေအနေ အောက်က လူထုကို သက်သာရာရစေမယ့်အနေအထားမျိုး ရွေးချယ်ပေးတာက တိုင်းပြည်မျက်နှာ ကြည့်ရာ မရောက်ဘူးလား။ အန်အယ်ဒီပါတီတောင် ရွေးကောက်ပွဲကို ယတိပြတ် မကန့်ကွက်ဘူး။ ဒီနေရာမှာ ၂၀၁၀ ရွေးကောက်ပွဲကို အခင်းအကျင်းသစ်လို့ ပြောနေသူလည်း ရှိပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံတာဟာ စစ်အစိုးရကို ထောက်ခံတာနဲ့ မတူဘူးဆိုတာ နည်းဗျူဟာအရ သေသေချာချာ စဉ်းစားသင့်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်က ကြည့်သလိုပဲ စစ်တပ်ဘက် ကလည်း မြန်မာပြည်က ဘက်နှစ်ဘက်ရဲ့ ပဋိပက္ခဟာ ဘယ်ကိုမှ မရွေ့ဘူးဆိုတာကို လက်ခံကြပုံပေါ်ပါ တယ်။ ဒီတော့ ဒီရွေးကောက်ပွဲဟာ လက်ရှိရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်းဟောင်းကြီးကို ခ၀ါချလိုက်နိုင်ရင် အခင်းအကျင်းသစ်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယူဆဖို့လိုပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်ချင်သူတွေက ၂၀၁၀ရွေးကောက်ပွဲကနေတစ်ဆင့် လွှတ်တော်ထဲ၊ အုပ်ချုပ်ရေး ယန္တရားထဲဝင်ရောက်နိုင်ရင် ပိုပြီးလက်တွေ့ကျတဲ့ အပေးအယူလုပ်နိုင်ပါမယ်။ ဟုတ်ပါ့မလား ဆိုတဲ့မေးခွန်းထုတ်လာရင်တော့ ဒီအတိုင်း ထိုင်နေလို့တော့ ပြည်သူအတွက် ဘာကောင်းလာမလဲ ဆိုတာကိုသာ ပြန်မေးရမှာပဲ။ ဒီလို အပင်ပန်းခံပြီး လုပ်ရမယ့် လူထုအကျိုးအတွက် လုပ်ရမယ့် နိုင်ငံရေးမျိုးကိုတော့ အားမပေးဘူး၊ သံရုံးရှေ့ဆန္ဒပြတာတွေကသာ ပိုပြီးအဆင်ပြေတယ်ဆိုရင်တော့ ဟုတ်ပါ့မလားမေးခွန်းကို ပြန်ဖြေစရာမလိုပါဘူး။ နောက်တစ်ခုက ဒီရွေးကောက်ပွဲထဲမှာ စစ်တပ်ဘက်နဲ့ ဒေါ်စုဦးဆောင်တဲ့ ဘက်နှစ်ဖက်စလုံးက မဟုတ်တဲ့ ကြားက အင်အားစုတွေပေါ်ထွက်လာစေဖို့ အားပေးသင့်ပါတယ်။ ကြားအုပ်စုတွေ မပေါ်နိုင်အောင် ဖန်တီးမယ်ဆိုရင် ယခင်မူလ ပဋိပက္ခဟောင်းဆီကိုပဲ ပြန်ဦးတည်သွားပါမယ်။ ဒေါ်စုကို ထောက်ခံတယ်လို့ အော်တိုင်း ဒီမိုကရေစီအရေး လုပ်နေတယ်လို့ မပြောနိုင်ပါဘူး။ ဒေါ်စုကြိုးပမ်းနေတဲ့ ဒီမိုကရေစီရေးကို တကယ်ယုံကြည်ပြီး ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်တာဝန်ကိုယ်ယူတာက ဒေါ်စုကို တကယ်ထောက်ခံတာလို့ ပြောနိုင်ပါတယ်။ ဒီလိုပါပဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ လမ်းညွှန်မြေပုံကို ၀င်ရောက်လုပ်ကိုင်တိုင်း စစ်တပ်အာဏာပိုမြဲရေး လုပ်ပေးတဲ့သူလို့ စွပ်စွဲလို့ မရပါဘူး။ လက်ရှိစစ်တပ်ဟာ လမ်းညွှန်မြေပုံ(၇)ချက်ကလွဲပြီး ကျန်တဲ့ထွက်ပေါက်တစ်ခုမှကို မပေးထားပါဘူး။ ရှင်းရှင်းပြောရရင် သူပေးထားတဲ့ ထွက်ပေါက်ကို အသုံးပြုပြီး ပြည်သူကိုအသက်သာဆုံးဖြစ်စေမယ့် လက်တွေ့ကျတဲ့ နိုင်ငံရေးကို လုပ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိတ်ထားတဲ့ထွက်ပေါက် တွေ ပွင့်သွားစေဖို့အတွက် (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) ၁၉၈၈ခုနှစ်ကလို ဒီမိုကရေစီ အရေးအခင်းကြီးလည်း ထပ်မပေါ်လာနိုင် တော့ဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) လုံခြုံရေးကောင်စီကလည်း အရေးယူနိုင်တဲ့ အခြေအနေမှာ မရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ) ဒေါ်စုနဲ့ စစ်တပ်ကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်လာဖို့ မဖြစ်နိုင်ဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) အာဆီယံနဲ့ တရုတ်က မြန်မာပြည်ကို အရေးယူမယ့်အခြေအနေ လုံးဝမရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) ဒေါ်စုလည်း အချုပ်အနှောင်က လွတ်လာဖို့ မရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) အမေရိကန်နဲ့ ဥရောပသမဂက နောက်ထပ်ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုမျိုး မရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) မြောက်ကိုရီးယားနဲ့စပ်လျှဉ်းပြီး မြန်မာကို အရေးယူမယ့်ကိန်း မရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) .....အဖြေကတော့ လက်တွေ့ကျကျ ဘာဆက်လုပ်ကြမလဲဆိုတာပါပဲ။ ၁၉၈၈မှာ မွေးခဲ့တဲ့ ကလေးတွေဆို အခု (၂၁)နှစ်ရှိပြီ။ သူတို့က မြန်မာပြည် (၂၁)နှစ်အတွင်း ဘာ့ကြောင့်မပြောင်းလဲနိုင်ခဲ့တာလဲလို့ မေးလာခဲ့ရင် ပြည်သူအတွက် သတ္တိရှိရှိ မှန်ကန်တဲ့နည်းနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးကို မလုပ်ခဲ့ဘဲ၊ အာဏာမယူရဲခဲ့လို့လို့ ဖြေလိုက်ကြပါ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါက ရက်စက်တဲ့ အမှန်တရားဖြစ်နေလို့ပါပဲ။ ။

အပြည့်အစုံ...>>