မြောက်ကိုရီးယား ဖမ်းထားတဲ့ အမေရိကန် သတင်းထောက် ၂ ဦး ပြန်လွတ်

၅ ရက် သြဂုတ် ၂၀၀၉။ ဗွီအိုအေ
တရုတ်ပြည်ကတဆင့် မြောက်ကိုရီးယား နိုင်ငံထဲ တရားမ၀င် ခိုးဝင်ခဲ့တဲ့အတွက် မြောက်ကိုရီးယား အစိုးရက ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန် သတင်းသမား ၂ ဦးဟာ သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) နဲ့ အမေရိကန်နိုင်ငံကို ပြန်လာနေပါပြီ။
သမ္မတဟောင်း ဘီလ် ကလင်တန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆိုအရ အမေရိကန် သတင်းသမား ၂ ဦး ဖြစ်ကြတဲ့ ယူနာ လီး (Euna Lee) နဲ့ လော်ရာ လင်း (Laura Ling) တို့ဟာ မြောက်ကိုရီးယားက ထွက်ခွာပြီး အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေက မြို့ကြီးတမြို့ဖြစ်တဲ့ လော့စ် အိန်ဂျလိစ်မြို့ကို ဦးတည် ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong Il) နဲ့ တွေ့ဆုံပြီး နာရီပိုင်းအကြာမှာပဲ အခုလို ပြန်လွှတ်ပေးလိုက်ပြီ ဆိုတဲ့အကြောင်း မြောက်ကိုရီးယား အစိုးရရဲ့ KCNA သတင်းဌာနက ဒီနေ့ အစောပိုင်းကပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လက ယူနာ လီးနဲ့ လောရာ လင်း တို့ဟာ သတင်းလိုက်ရင်း တရုတ်နယ်စပ်ကနေ မြောက်ကိုရီးယားထဲ တရားမ၀င် ခိုးဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇွန်လတုန်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

Comments :

0 comments to “မြောက်ကိုရီးယား ဖမ်းထားတဲ့ အမေရိကန် သတင်းထောက် ၂ ဦး ပြန်လွတ်”