ဒီမိုး ... ဒီရေ ... ဒီလူတွေနဲ့ (ရှစ်လေးလုံးအတွက် အထူးဆောင်းပါး)

၈ ရက် သြဂုတ် ၂၀၀၉။ နေသန်မောင်
လွန်ခဲ့တဲ့ (၂၁)နှစ်က လူသိန်းပေါင်းများစွာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က တစ်ပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီစနစ်ဆီ ပြောင်းလဲရေးဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ဟာ အနှစ်(၂၀)အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပေမယ့် ၁၉၈၈က ပြည်သူတွေ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီရှိတဲ့ နိုင်ငံရေးစနစ်တစ်ရပ် မပေါ်ထွန်းခဲ့ပါဘူး။ ဒီအတွက် တိုင်းပြည်ကို သံကွန်ခြာအထပ်ထပ်အောက်မှာထားပြီး အုပ်ချုပ်လာတဲ့ စစ်တပ်ကို သမိုင်းရဲ့ တစ်ဦးတည်းသော တရားခံအဖြစ်နဲ့ လက်ညှိုးထိုးခဲ့ကြပါတယ်။ အနှစ်(၂၀)ကျော် ကြာလာတဲ့အခါ စိတ်နာလက်စရှိထားပြီးသားမို့ အာဏာကို မြဲမြဲဆုတ်ကိုင်ထားတဲ့ စစ်တပ်ကို ပိုပြီးစိတ်နာကြပါတယ်။ အဖြေကတော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်မပေးဘဲ အကျဉ်းချထားတာကြောင့်ရယ်၊ နိုင်ငံရေးလှုပ်ရှားတဲ့ ကျောင်းသား၊ လူငယ်၊ ရဟန်းရှင်လူ၊ ပြည်သူတွေကိုပါ ထောင်သွင်းအကျဉ်းချထားတာကြောင့် ဖြစ်ပါတယ်။
နေ့စဉ် မြန်မာပြည် ပြင်ပကထုတ်လွှင့်နေတဲ့ ရေဒီယိုအစီအစဉ်တွေက နိုင်ငံရေးဆိုင်ရာ စကားဝိုင်းတိုင်းမှာ၊ မြန်မာ့အရေးကျွမ်းကျင်သူတွေရဲ့ စကားလုံးတိုင်းမှာ၊ အာဆီယံနိုင်ငံတွေအချင်းချင်းကြားမှာ ပြောနေကြအဆုံးသတ်စကားကတော့ မြန်မာပြည်အရေးဟာ ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နေပြီဆိုတာကို ထပ်တလဲလဲပြောနေကြတာပဲဖြစ်ပါတယ်။မြန်မာပြည်အခြေအနေဟာ ဘယ်ကိုမှ ဦးတည်မသွားဘဲ ရပ်နေပြီဆိုတဲ့ သုံးသပ်ချက်ဟာ သန်းပေါင်း(၅၀)ကျော် မြန်မာပြည်သူတွေကို စိတ်ဒုက္ခအကြီးအကျယ် ရောက်စေပါတယ်။ အားသွန်ခွန်စိုက် လှော်ခဲ့တဲ့လှေဟာ ဘယ်ကိုမှ မရွေ့ဘူးဆိုတဲ့အကြောင်း သိသွားတဲ့အခါ နောက်ထပ် လှော်ချင်စိတ်မရှိဘဲ ခြေကုန်လက်ပန်း ကျသွားစေပါတယ်။တိုင်းပြည်မျက်နှာကြည့်တယ်ဆိုတာ ပြည်သူ့မျက်နှာကြည့်တာကို ဆိုလိုတာပါ။ နိုင်ငံရေးဆိုတာ ပြည်သူ့တွေအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အရာကို ဆောင်ရွက်ရတဲ့ပညာရပ်ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်မှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က လမ်းညွှန်မြေပုံ(၇)ချက်ကို ကြေညာချိန်ကစပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတိုင်းက အုံးအုံးကြွက်ကြွက် ကန့်ကွက်ခဲ့ကြပါတယ်။ အခုအချိန်ထိလည်း ဒီမြေပုံ(၇)ဆင့်ဟာ တစ်ဆင့်ပြီးတစ်ဆင့် ပြီးလာလိုက်တာ နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပတော့မယ့်အခြေအနေထိကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆိုက်ရောက်လာပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ အနှစ်(၂၀) မြန်မာပြည်သမိုင်းထဲမှာ ဒုတိယအကြိမ် ပွဲအဆူဆုံး နိုင်ငံရေးပွဲတစ်ခုဆိုတာ လူတိုင်းသိထားတာမို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတိုင်း (အထူးသဖြင့် ပြည်ပရောက်)က ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်ပါတယ်။ဒေါ်စုကို ထောက်ခံအားပေးတဲ့ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေဆိုတာ ကိုယ့်ဝမ်းစာအတွက် စားဝတ်နေရေး ဖူလုံရုံတင်မက လျှံပယ်နေလို့ သံရုံးရှေ့မှာ ဆနပြတာ၊ အခမ်းအနားလုပ်ပြီး ဒီမိုကရေစီဖောင်ကြီးကို တက်စီးကြသူတွေပါ။ မြန်မာပြည် နိုင်ငံရေးမှာ ဒေါ်စုလွတ်မြောက်ရေးလို့ အော်လိုက်ရုံနဲ့တင် အသက်သာဆုံးသော နိုင်ငံရေးကို စလုပ်လို့ရနေတာဖြစ်ပါတယ်။ ဒေါ်စုကို ထောက်ခံတိုင်း ဒီမိုကရေစီဘက်တော်သား၊ အင်အားစုဖြစ်တယ်လို့ခံယူပြီး နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးမျိုးက ဘယ်ကိုမှမရောက်တဲ့ နိုင်ငံရေးမျိုးဖြစ်တယ်။ငွေကြေးထောက်ပံ့မှုယူပြီး နိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်းတွေကလည်း သက်သာနိုင်ငံရေးမျိုးကို လုပ်ပါတယ်။ ဒါဟာ အစားရချောင်ပြီး မပင်ပန်းဘဲ ဒီမိုကရေစီအရလှမ်းလိုတဲ့ လုပ်ရပ်လို့ ထင်ကြသူတွေ တပုံကြီးပါ။ အမှီအခိုမကင်းဘဲလုပ်တဲ့ နိုင်ငံရေးဟာ ဘယ်တော့မှ လက်တွေ့ကျကျ စဉ်းစားခွင့်ကို မပေးပါဘူး။ အဲဒီ ပြည်ပရောက်နိုင်ငံရေးလုပ်ကြသူတွေက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေအနက် ထိပ်ဆုံးကပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ လက်တွေ့နိုင်ငံရေးနဲ့ ကင်းကွာသွားလို့ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာနေထိုင်တဲ့ မိသားစု တစ်စုအတွက် နေ့လည်စာ၊ ညစာအပြင် လျှပ်စစ်မီး၊ ရေစတဲ့အကြောင်းဟာ နေ့စဉ်ငရဲဖြစ်ပေမယ့် ပြည်ပရောက်တွေအတွက်က ခေါင်းထဲ ထည့်စဉ်းစားဖို့မလိုတဲ့အရာတွေ ဖြစ်ပါတယ်။ အဲဒီအခြေခံ သေးသေးလေးကစပြီး ကွာတော့တာပါပဲ။၂၀၁၀ ရွေးကောက်ပွဲကို ဘာကြောင့် ဆန့်ကျင်တာလဲ၊ ဘာကြောင့် သဘောတူ လက်ခံရမှာလဲ။ ဆန့်ကျင်တဲ့သူတွေကတော့ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို မေးခွန်းပြန်ထုတ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အဲဒီရွေးကောက်ပွဲ ကျင်းပပေးခဲ့တဲ့ ဒီကနေ့ထိ အာဏာတည်နေတဲ့ စစ်တပ်က အကောင်အထည်မဖော်ခဲ့ဘူး။ ဘယ်တော့မှလည်း အကောင်အထည် ဖော်ပေးမှာမဟုတ်ဘူး။ ဒီရလဒ်နဲ့ပတ်သက်ပြီး နှစ်ဖက်စလုံး ဘယ်လိုမှ ညှိလို့မရတာကို အသေအလဲ ဆက်ကိုင် ထားရမှာလား။ ဆက်ကိုင်ထားတဲ့သူပဲ ခံရမှာပဲ။ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် မဖော်ကို ဒေါ်စုနဲ့စစ်ဗိုလ်ချုပ်တွေ စကားပြောရမယ်လို့ တောင်းဆိုတယ်။ စကားမပြောဘူး။ ဘယ်တုန်းကမှလည်း ပြောဖို့မရှိသလို ဘယ်တော့မှလည်း ပြောမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုအပေါ် ပုဂ္ဂိုလ်ရေးအရ အာဃာတတွေရှိတာကြောင့်လည်း ဖြစ်မယ်၊ သာမန်အရပ်သား နိုင်ငံရေးသမားနဲ့ စကားပြောပြီး အပေးအယူလုပ်မှ အခြေအနေတွေ ပြေလည်မယ်ဆိုတာကို စစ်ဗိုလ်ချုပ်တွေက မယုံကြည်တာလည်း ဖြစ်မယ်။ အတိုချုပ်ကတော့ ကုလသမဂ္ဂ မကလို့ ဘယ်သူပဲ ဖိအားပေးပေး ဒီစကားပြောတဲ့ကိစ္စ လုပ်ကိုလုပ်မှာ မဟုတ်ဘူး။ တောင်အာဖရိကဖြစ်ရပ်ကို စိတ်ကူးယဉ်နေလို့ကတော့ အခြေအနေတွေ ပိုဆိုးသွားဖို့ပဲရှိပါတယ်။ ဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဒေါ်စုတို့ကြား တစ်နည်းပြောရရင် အာဏာလက်ရှိ စစ်တပ်နဲ့ အာဏာလက်မဲ့ ဒီမိုကရေစီရေး အင်အားစုကြားက ပဋိပက္ခဟာ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ဒီပြသနာဟာ လွယ်လွယ်ကူကူ ပြေလည်စရာမရှိဘူး။ နောက်ထပ်အနှစ်(၂၀) ထပ်ကြာသွားနိုင်တယ် ဆိုတာ ကျန်ခဲ့တဲ့အတိတ်ကိုကြည့်ပြီး ခန့်မှန်းရင်လွယ်တယ်။ အရက်စက်ဆုံးသော အမှန်တရားက ဒါပဲ။ မြန်မာပြည်မှာ တကယ်တမ်းရှိနေတဲ့ အာဏာပြသနာကို ကျန်တဲ့ပြည်သူတွေက ဘာမှမတတ်နိုင်ဘဲ ငုတ်တုပ်ထိုင်ကြည့်နေရတဲ့အဖြစ်ကို ရောက်လာတယ်။နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင် ပြန်လွှတ်ရမယ်၊ ဒေါ်စုကိုလည်း ပြန်လွှတ်ရမယ်၊ ပြီးရင် ဒေါ်စုဦးဆောင်တဲ့ အန်အယ်ဒီပါတီနဲ့ လက်ရှိ စစ်ခေါင်းဆောင်တွေ စကားပြောပြီး အပေးအယူလုပ်ရမယ်၊ ပြီးရင် တစ်ယောက်တစ်ဝက်ပဲဖြစ်ဖြစ် တစ်ယောက်တည်းက အကုန်လုံးပဲဖြစ်ဖြစ် အာဏာယူပြီး ဒီမိုကရေစီနိုင်ငံ ထူထောင်ရမယ်၊ ပြည်ပရောက်တွေ အကုန် မြန်မာပြည် ပြန်လာခွင့်ရမယ်။ စီးပွါးရေးပိတ်ဆို့ထားတာတွေ ရပ်ဆိုင်းရမယ်၊ တိုင်းပြည်ထူထောင်ဖို့ နိုင်ငံတကာက ငွေကြေး၊ နည်းပညာ၊ လူအားနဲ့ အကုန်ထောက်ပံ့ရမယ် .... စသဖြင့် ဒီအချက်တွေဟာ တစ်ခုမှ ဖြစ်မလာဘူးဆိုရင် ဘာလုပ်မလဲ။ကုလသမဂ္ဂကို ဒေါသလှည့်ထွက်လိုက်၊ အာဆီယံနဲ့ တရုတ်ကို အပြစ်တင်လိုက်၊ အိန္ဒိယနဲ့ ဂျပန်ကို စိတ်ဆိုးလိုက် နောက်ဆုံးတော့ စစ်တပ်ကို လက်ညှိုးထိုး ...။ ဒီပြဇာတ်တွေဟာ သေသေချာချာ ရေတွက်ထားတာမဟုတ်တောင် အဖန်တလဲလဲ ကခဲ့ရတာကတော့ သေချာတယ်။ မြန်မာပြည်က ပြည်သူတွေရဲ့ဘ၀က ပိုပြီးထောင်းထောင်းကြေပြီး တိုင်းပြည်အနာဂတ် ပိုမဲ့လာတာပဲရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် အချိန်နီးလာတာနဲ့အမျှ ပြည်ပရောက်တွေရဲ့ ဆန့်ကျင်ရေး လေသံတွေက ပိုပြီးကျယ်လောင်လာတယ်။ သူတို့ဆန့်ကျင်တိုင်း ဒီရွေးကောက်ပွဲက ပျက်စီးသွားမှာ မဟုတ်ဘူးဆိုတာ သိပေမယ့်လည်း ဒီလိုအော်မှ ဒီမိုကရေစီရေးလုပ်တာလို့ လိပ်ပြာသန့်ချင်နေကြပုံ ရတယ်။ နောက်တစ်ခုက ထောင်ကျတန်းကျ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္ဒ္စာမဖောက်ဘူးဆိုတာကို ပြချင်ပုံရတယ်။လူနာတစ်ယောက်ကို ဆရာဝန်တစ်ယောက်က ခင်ဗျားမှာ သွေးကင်ဆာရောဂါရှိနေတာ ရာခိုင်နှုန်း အတော်များတယ်လို့ ပြောလိုက်ရင် အဲဒီလူနာ ဘာပြန်ပြောမယ်ထင်လဲ။ ဟုတ်ကဲ့ပါဆရာ၊ ကျနော်သိပါတယ် လို့ပြန်ဖြေမယ်များ ထင်မိရင်တော့ လွဲမှာပဲ။ ဘယ်ရမလဲ။ ဒီမှာဆရာဝန် ခင်ဗျားပြောတာ မယုံဘူး။ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒီရောဂါရှိတာ မဖြစ်နိုင်ဘူးလို့ လူနာ(၉၉%)က ပြန်ဖြေမှာပဲ။ ကြိုက်ကြိုက်မကြိုက်ကြိုက် ... ရှောင်လို့မရတဲ့ အမှန်တရားအပေါ် ရုတ်တရက်တော့ လူတိုင်းက ငြင်းကြပါတယ်။ ငြင်းဆန်တဲ့ကာလကလည်း ကြာတတ်ပါတယ်။ဒီကင်ဆာနဲ့ သေရမယ့်အချိန် နီးကပ်လာတော့မှ လူနာက မဖြစ်မနေ အခြေအနေတစ်ခုကို လက်ခံရပါတယ်။ အဲဒီအတွက် ဒီလူနာဟာ အကျိုးမဲ့အချိန်ဖြုန်းခဲ့ပြီး သေဖို့အတွက် ဘာတစ်ခုမှ မပြင်ဆင်ခဲ့ဘူး။ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအင်အားစုတွေ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျင်းကိုကျင်းပတော့မယ့်ဖြစ်ရပ်။ ဒါကို ပြည်ပရောက်တွေက အသံပြာသွားအောင် လေကုန်ခံပြီး ဆန့်ကျင်နေတော့ ဘယ်သူအကျိုးရှိမလဲ။ ဒီလိုအော်လို့ အမေရိကန်ဦးဆောင်ပြီး ကုလတပ်တွေနဲ့ မြန်မာပြည် ၀င်သိမ်းပေးမှာလည်း မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကို ဆန့်ကျင်အော်ပြနေတာဟာ ကိုယ့်ပြည်သူကို ကိုယ်က ချောင်ပိတ်ရိုက်နေတာနဲ့ အတူတူပါပဲ။ ရွေးကောက်ပွဲမှာ မဲမပေးနဲ့၊ ၀င်မပါနဲ့၊ ကန့်ကွက် ဘာညာဆိုပြီး ဖွဲ့စည်းပုံအတည်ပြုတုန်းကလို လုပ်ခဲ့ရင် တကယ့်တကယ် ရွေးကောက်ပွဲလုပ်တဲ့အခါ တကယ်ကာယကံရှင်တွေဖြစ်တဲ့ ပြည်သူတွေအတွက် အချိန်သိပ်မရှိတော့ဘူး။ ကင်ဆာဖြစ်နေပြီဆိုတာ သိတဲ့အချိန်မှာ အသက်ရှင်ဖို့ ရက်ပိုင်းပဲရှိတော့တဲ့ လူနာလို တကယ်မဲပေးရတော့မယ့်အခါကျမှ ရွေးကောက်ပွဲက တကယ်ဖြစ်ပြီ ဘာလုပ်ရမှာလဲဆိုတာမျိုး ပြည်သူကို ရွေးချယ်စရာမရှိအောင် ချောင်ပိတ်ရိုက်တာမျိုးနဲ့ တူနေပါပြီ။ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေက ဆန့်ကျင်ကြပြီထား။ ပြည်သူတွေက ဘယ်သူ့ကို မဲပေးရမှာလဲ။ ဒီတော့ လွှတ်တော်အမတ်နေရာတွေ ၀င်လျှောက်ကြမယ့် ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေကိုပဲ မဖြစ်မနေ မဲပေးရမယ့်အပေါက် ဆိုက်နေပြီ။ ဒီလိုလုပ်မယ့်အစား လူထုအတွက် စွမ်းအားရှင်ထက်၊ ကြံဖွတ်ထက်သာတဲ့ သူတွေကို ကြိုတင်ရွေးချယ်ပြီး လူထုကိုယ်စားလှယ်လုပ်ပြီး ၀င်ပြိုင်စေတာက ပိုပြီး အကျိုးမရှိစေဘူးလား။ရွေးကောက်ပွဲဆန့်ကျင်တာက နအဖဆန့်ကျင်တာပဲဆိုတဲ့အတွေးမျိုးရှိရင်၊ ဆိုးရွားတဲ့အခြေအနေ အောက်က လူထုကို သက်သာရာရစေမယ့်အနေအထားမျိုး ရွေးချယ်ပေးတာက တိုင်းပြည်မျက်နှာ ကြည့်ရာ မရောက်ဘူးလား။ အန်အယ်ဒီပါတီတောင် ရွေးကောက်ပွဲကို ယတိပြတ် မကန့်ကွက်ဘူး။ ဒီနေရာမှာ ၂၀၁၀ ရွေးကောက်ပွဲကို အခင်းအကျင်းသစ်လို့ ပြောနေသူလည်း ရှိပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံတာဟာ စစ်အစိုးရကို ထောက်ခံတာနဲ့ မတူဘူးဆိုတာ နည်းဗျူဟာအရ သေသေချာချာ စဉ်းစားသင့်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်က ကြည့်သလိုပဲ စစ်တပ်ဘက် ကလည်း မြန်မာပြည်က ဘက်နှစ်ဘက်ရဲ့ ပဋိပက္ခဟာ ဘယ်ကိုမှ မရွေ့ဘူးဆိုတာကို လက်ခံကြပုံပေါ်ပါ တယ်။ ဒီတော့ ဒီရွေးကောက်ပွဲဟာ လက်ရှိရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်းဟောင်းကြီးကို ခ၀ါချလိုက်နိုင်ရင် အခင်းအကျင်းသစ်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယူဆဖို့လိုပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်ချင်သူတွေက ၂၀၁၀ရွေးကောက်ပွဲကနေတစ်ဆင့် လွှတ်တော်ထဲ၊ အုပ်ချုပ်ရေး ယန္တရားထဲဝင်ရောက်နိုင်ရင် ပိုပြီးလက်တွေ့ကျတဲ့ အပေးအယူလုပ်နိုင်ပါမယ်။ ဟုတ်ပါ့မလား ဆိုတဲ့မေးခွန်းထုတ်လာရင်တော့ ဒီအတိုင်း ထိုင်နေလို့တော့ ပြည်သူအတွက် ဘာကောင်းလာမလဲ ဆိုတာကိုသာ ပြန်မေးရမှာပဲ။ ဒီလို အပင်ပန်းခံပြီး လုပ်ရမယ့် လူထုအကျိုးအတွက် လုပ်ရမယ့် နိုင်ငံရေးမျိုးကိုတော့ အားမပေးဘူး၊ သံရုံးရှေ့ဆန္ဒပြတာတွေကသာ ပိုပြီးအဆင်ပြေတယ်ဆိုရင်တော့ ဟုတ်ပါ့မလားမေးခွန်းကို ပြန်ဖြေစရာမလိုပါဘူး။ နောက်တစ်ခုက ဒီရွေးကောက်ပွဲထဲမှာ စစ်တပ်ဘက်နဲ့ ဒေါ်စုဦးဆောင်တဲ့ ဘက်နှစ်ဖက်စလုံးက မဟုတ်တဲ့ ကြားက အင်အားစုတွေပေါ်ထွက်လာစေဖို့ အားပေးသင့်ပါတယ်။ ကြားအုပ်စုတွေ မပေါ်နိုင်အောင် ဖန်တီးမယ်ဆိုရင် ယခင်မူလ ပဋိပက္ခဟောင်းဆီကိုပဲ ပြန်ဦးတည်သွားပါမယ်။ ဒေါ်စုကို ထောက်ခံတယ်လို့ အော်တိုင်း ဒီမိုကရေစီအရေး လုပ်နေတယ်လို့ မပြောနိုင်ပါဘူး။ ဒေါ်စုကြိုးပမ်းနေတဲ့ ဒီမိုကရေစီရေးကို တကယ်ယုံကြည်ပြီး ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်တာဝန်ကိုယ်ယူတာက ဒေါ်စုကို တကယ်ထောက်ခံတာလို့ ပြောနိုင်ပါတယ်။ ဒီလိုပါပဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ လမ်းညွှန်မြေပုံကို ၀င်ရောက်လုပ်ကိုင်တိုင်း စစ်တပ်အာဏာပိုမြဲရေး လုပ်ပေးတဲ့သူလို့ စွပ်စွဲလို့ မရပါဘူး။ လက်ရှိစစ်တပ်ဟာ လမ်းညွှန်မြေပုံ(၇)ချက်ကလွဲပြီး ကျန်တဲ့ထွက်ပေါက်တစ်ခုမှကို မပေးထားပါဘူး။ ရှင်းရှင်းပြောရရင် သူပေးထားတဲ့ ထွက်ပေါက်ကို အသုံးပြုပြီး ပြည်သူကိုအသက်သာဆုံးဖြစ်စေမယ့် လက်တွေ့ကျတဲ့ နိုင်ငံရေးကို လုပ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိတ်ထားတဲ့ထွက်ပေါက် တွေ ပွင့်သွားစေဖို့အတွက် (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) ၁၉၈၈ခုနှစ်ကလို ဒီမိုကရေစီ အရေးအခင်းကြီးလည်း ထပ်မပေါ်လာနိုင် တော့ဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) လုံခြုံရေးကောင်စီကလည်း အရေးယူနိုင်တဲ့ အခြေအနေမှာ မရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ) ဒေါ်စုနဲ့ စစ်တပ်ကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်လာဖို့ မဖြစ်နိုင်ဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) အာဆီယံနဲ့ တရုတ်က မြန်မာပြည်ကို အရေးယူမယ့်အခြေအနေ လုံးဝမရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) ဒေါ်စုလည်း အချုပ်အနှောင်က လွတ်လာဖို့ မရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) အမေရိကန်နဲ့ ဥရောပသမဂက နောက်ထပ်ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုမျိုး မရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) မြောက်ကိုရီးယားနဲ့စပ်လျှဉ်းပြီး မြန်မာကို အရေးယူမယ့်ကိန်း မရှိဘူး၊ (၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ) .....အဖြေကတော့ လက်တွေ့ကျကျ ဘာဆက်လုပ်ကြမလဲဆိုတာပါပဲ။ ၁၉၈၈မှာ မွေးခဲ့တဲ့ ကလေးတွေဆို အခု (၂၁)နှစ်ရှိပြီ။ သူတို့က မြန်မာပြည် (၂၁)နှစ်အတွင်း ဘာ့ကြောင့်မပြောင်းလဲနိုင်ခဲ့တာလဲလို့ မေးလာခဲ့ရင် ပြည်သူအတွက် သတ္တိရှိရှိ မှန်ကန်တဲ့နည်းနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးကို မလုပ်ခဲ့ဘဲ၊ အာဏာမယူရဲခဲ့လို့လို့ ဖြေလိုက်ကြပါ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါက ရက်စက်တဲ့ အမှန်တရားဖြစ်နေလို့ပါပဲ။ ။

Comments :

0 comments to “ဒီမိုး ... ဒီရေ ... ဒီလူတွေနဲ့ (ရှစ်လေးလုံးအတွက် အထူးဆောင်းပါး)”