ချောက်မြို့မှ ဖမ်းဆီးခံထားရသည့် ရဲဝန်ထမ်းအချို့ ပြန်လည်လွတ်မြောက်

၁၃ ရက် သြဂုတ် ၂၀၀၉။ ဥာဏ်မောင်
နံရံကပ်စာများဖြင့် လှုပ်ဆော်လှုပ်ရှား ဆောင်ရွက်ခဲ့မှုအား မဖော်ထုတ်နိုင်သည့်အတွက် ဖမ်းဆီးထားသော ချောက်မြို့မှ ရဲဝန်ထမ်းအချို့ ယခုရက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည်။ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းကို မကျေနပ်သူများက ယခုလ (၆) ရက်နေ့က ချောက်မြို့အနှံ့ စာကပ်လှုပ်ရှားခဲ့ရာ ဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် သြဂုတ်လ (၇) ရက်နေ့တွင် ရဲဝန်ထမ်း ၇ ဦးအား ရေနံချောင်းခရိုင် ရဲမှူးကြီး ဦးစီးသည့်အဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ မြို့ခံတဦးက “ဒုရဲအုပ် မျိုးမင်း၊ ဒုရဲအုပ် ဝင်းဇော်၊ ဒုရဲအုပ် မောင်ခိုင်၊ ဒုရဲအုပ် ရဲမြင့်နဲ့ ရဲတပ်သား အောင်ခိုင်တို့ဆိုတာတော့ သိတယ်၊ သိရသလောက်တော့ သုံးဦးပဲ အပြင်ရောက်သေးတယ်လို့ သိရတယ်၊ တယောက်ကို ကျပ်ငွေ ၅၀,၀၀၀ ပေးရတယ်လို့ ပြောတယ်၊ ရဲတပ်သား အောင်နိုင်ကတော့ ၃၀,၀၀၀ ပေးခဲ့ရတယ်လို့ ပြောတယ်” ဟု ပြောသည်။ အဆိုပါ သြဂုတ်လ (၇) နှင့် (၈) ရက်နေ့များတွင် ချောက်မြို့ရှိ ရပ်ကွက်၊ လမ်းများနှင့် မြို့အဝင်အထွက်ဂိတ်များတွင် လုံခြုံရေးများ ထူထပ်စွာ ချထားခဲ့သည့်အပြင် စာသင်တိုက်များနှင့် ဘုန်းကြီးကျောင်းများကိုလည်း ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးများ ချထားခဲ့သည်။“ဖမ်းထားတဲ့ ရဲဝန်ထမ်းတွေကို ရေနံချောင်းအချုပ်မှာ ထားတာပါ၊ သူတို့ဖမ်းပြီး နောက်နေ့ကျတော့ သူတို့အမျိုးသမီးတွေကို ထမင်းချက်ဖို့ဆိုပြီး ရေနံချောင်းကို ခေါ်သွားတယ်” ဟု မြို့ခံက ဆက်လက်ပြောဆိုသည်။ယင်းသတင်းနှင့်ပတ်သက်၍ ချောက်မြို့ခံများက သိရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမည့် သတင်းကိုသာ ပြီးခဲ့ရက်များက နားစွင့်နေပြီး အမိန့်ချမှတ်သည့် သြဂုတ်လ (၁၁) ရက်နေ့တွင် ချောက်မြို့ ဘုန်းကြီးကျောင်းများ၊ မြို့အဝင်အထွက်လမ်းများနှင့် ရပ်ကွက်များအတွင်း စစ်အစိုးရက လုံခြုံရေးများ ထူထပ်စွာ ချထားခဲ့သည်။ ချောက်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားသည်ကို မကျေနပ်သည့် လှုပ်ရှားတက်ကြွသူများက စာရွက်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် “လွှတ်ပါ” ဟူသည့် စာသားပါ စာရွက်များ ချောက်မြို့ရပ်ကွက်တိုင်းတွင် လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။

Comments :

0 comments to “ချောက်မြို့မှ ဖမ်းဆီးခံထားရသည့် ရဲဝန်ထမ်းအချို့ ပြန်လည်လွတ်မြောက်”