အမေရိကန် အထက်လွှတ်တော်အမတ်၏ ခရီးစဉ် မြန်မာ့နိုင်ငံရေးအတွက် မျှော်လင့်စရာမရှိ


၁၇ ရက် သြဂုတ် ၂၀၀၉။ ခေတ်ပြိုင်

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ်၏ ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ မျှော်လင့်စရာမရှိကြောင်း မြန်မာ့နိုင်ငံရေး လှုပ်ရှားနေသူ များက ပြောသည်။ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “သူ့ရဲ့ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပါအ၀င် ဒီမိုကရေစီအရေး ပြောင်းလဲမှုတွေရှိလာနိုင်မယ် လို့ ကျနော်မထင်ဘူး။ မစ္စတာယက်တောကို အမေရိကန်နိုင်ငံကို ပြန်ခေါ်သွားနိုင်တာကိုလည်း သူ့ရဲ့ကြီးမားတဲ့ ဆောင်ရွက်နိုင်မှုလို့ ကျနော်မမြင်ပါဘူး။ အရင်ကတည်းက ကျနော်ပြောနေပါတယ်။ ဂျွန်ယက်တောကို နယ်နှင်ဒဏ်ပေးပြီး အမေရိကန်ကို ပြန်ပို့မှာပဲဆိုပြီး ပြောနေပါတယ်။
ဘာ့ကြောင့် ပြောနိုင်လဲဆိုတော့ ကျနော်တို့ ထောင်ထဲမှာရှိစဉ်က ပြစ်ဒဏ်ချထားတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို သူ့မိခင်နိုင်ငံဆီ ပြန်ပို့တာတွေ ကြုံဖူးတယ်။ ထောင်ထဲမှာ ကျနော့်အခန်းဘေးက တောင်ကိုရီးယားတယောက်က မပြန်ချင်ပါဘူး။ ပြောတာတောင် မရဘူး။ အတင်းပြန်ပို့လိုက်တာပဲ” ဟု ပြောသည်။ဦးအေးသာအောင်ကဲ့သို့ အခြားသော ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း မြန်မာစစ်အစိုးရအနေဖြင့် ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံခြားသားများ မြင်တွေ့မည်ကို စိုးရွံ့သည့်အတွက် ထောင်တွင်း၌ နိုင်ငံခြားသားများကို ထားရှိရန် ၀န်လေးလေ့ရှိသည်ဟု ပြောဆိုကြသည်။အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာဂျင်မ်ဝက်ဘ်သည် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံသို့ (၃) ရက်ကြာ လာရောက်ခဲ့ပြီး ယမန်နေ့က ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။မစ္စတာ ၀က်ဘ်က ၎င်း၏ခရီးစဉ်အတွင်း မစ္စတာယက်တောအား ပြန်လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ခွင့်ရရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး စဉ်းစားပေးရန် စသည့် အချက် (၃) ရပ်ကို မြန်မာစစ်အစိုးရအား တောင်းဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။အမေရိကန်အထက်လွှတ်တော်အမတ်အနေဖြင့် မစ္စတာယက်တောကို ၎င်းနှင့်တပါတည်း ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တွေ့ခွင့်မရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။ထိုကဲ့သို့ မစ္စတာဂျင်မ်ဝက်ဘ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုခဲ့သည့်အပေါ် အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ တဦးဖြစ်သည့် ဦးအုံးကြိုင်က “မစ္စတာဘန်ကီမွန်းလာစဉ်က ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခံနေရလို့ ပေးမတွေ့နိုင်တာ ပါလို့ အကြောင်းပြချင်လည်း ပြလို့ရတာပဲလေ။ ခုချိန်ကတော့ဖြင့် သူတို့ပြောတဲ့ တရားစီရင်ရေးကာလလည်း ပြီးသွားလို့ ပေးတွေ့တယ်လို့ ပြောချင်လည်း ပြောနိုင်တယ်။ မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံရေးအခြေအနေကို ရှင်းပြလိမ့်မယ်ထင်ပါတယ်။ မစ္စတာ ၀က်ဘ်ကလည်း မှန်မှန်ကန်ကန် သုံးသပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရန်တို့အတွက်မှာ ဆက်လက်လုပ်ဆောင်ရလိမ့်ဦး မည်ဟု ၎င်းက သုံးသပ်သည်။ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းကမူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စမှာ မစ္စတာဂျင်မ်၏ ခရီးစဉ်အတွက် ကျွဲကူးရေပါကိစ္စတခုသာ ဖြစ်သည်ဟု ပြောသည်။“ကျနော့်အထင်တော့ သူမလာခင်ကတည်းက ယက်တောကိုလွှတ်မယ့်ကိစ္စ နအဖနဲ့ပြောပြီးသား။ အဲဒါအတွက် လာတာ၊ ကျန်တဲ့ဟာက ကျွဲကူးရေပါပဲ။ စာရင်းချုပ်လိုက်တော့ အမေရိကန်နိုင်ငံကလာတဲ့ မစ္စတာယက်တောက အမေရိကန်ကို ပြန်သွားနိုင်တယ်။ နေအိမ်အကျယ်ချုပ်ကျနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ထပ်ကျတယ်ဆိုတော့ နစ်နာတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ဗမာပြည်သားတွေပဲ” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်သည်။ဦးအေးသာအောင်နှင့် ရဲဖိုးသံချောင်းတို့က နအဖစစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် လူထု ပေါင်းစပ်ခွင့်မပေးလိုခြင်းကြောင့် မစ္စတာဂျင်မ်ဝက်ဘ်တောင်းဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စမှာ လည်း အောင်မြင်မည်မဟုတ်ဟု ပြောသည်။“သိပ်မကြာခင်မှာလည်း နအဖစစ်အစိုးရက နိုင်ငံရေးထိုးစစ်တခု လုပ်လိမ့်မယ်။ ရွေးကောက်ပွဲဥပဒေ ကြေညာတာမျိုး လုပ်တော့မယ်။ သူတို့လူတွေ ခုန်ထွက်လာပြီး ရွေးကောက်ပွဲအတွက် စည်းရုံးတာ၊ လှုံ့ဆော်တာတွေ လုပ်နိုင်အောင်ပေါ့လေ။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေကို နှိပ်ကွပ်တာတွေ လုပ်လာမယ်။ ဒီလိုပြင်ဆင်နေတဲ့ အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုနဲ့ပေါင်းမိမှာ၊ ပါတီက တက်ကြွလှုပ်ရှားသူတွေနဲ့ ပေါင်းမိမှာကို နအဖလိုလားမှာ မဟုတ်ဘူး။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာမဟုတ်ပါဘူး” ဟု ရဲဘော်ဖိုးသံချောင်းက ပြောသည်။

Comments :

0 comments to “အမေရိကန် အထက်လွှတ်တော်အမတ်၏ ခရီးစဉ် မြန်မာ့နိုင်ငံရေးအတွက် မျှော်လင့်စရာမရှိ”