နိုင်ဂျီးရီးယားတွင် တိုက်ခိုက်မှုများကြောင့် လူခုနှစ်ရာထက်မနည်းသေဆုံး

၎ ရက် သြဂုတ် ၂၀၀၉။ ပုလဲနက်

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ပြီးခဲ့သော သီတင်း ပါတ်အတွင်းက ဖြစ်ပွားခဲ့သော (၅)ရက်ကြာ စစ်ပွဲများ အတွင်း သေဆုံးခဲ့သူ အရေအတွက်မှာ (၇၀၀) ထက် မနည်း ရှိနိုင်ကြောင်း ကြက်ခြေနီအဖွဲ့နှင့် ကာကွယ် ရေး ဌာန တာဝန်ရှိသူများက ပြောကြားလိုက်သည်။ အစိုးရစစ်ကြောင်းများနှင့် ဘိုကိုဟာရမ် ဘာသာရေး အစွန်း ရောက် သူပုန်များ အပြန်အလှန် ပစ်ခတ်မှုများကြောင့် နှစ်ဖက်စလုံး အကျအဆုံး များခဲ့သလို အပြစ်မဲ့ ပြည်သူများ လည်း သေဆုံး ခဲ့ ကြသည်။
ဘိုကိုဟာရမ်တို့သည် လက်ရှိအစိုးရကို ဖြုတ်ချပြီး မွတ်ဆလင်မ်စည်းမျဉ်းဖြင့် အုပ်ချုပ် လိုသည့် ဆန္ဒရှိနေပြီး ဘော်နိုပြည်နယ်ရှိ မိုင်ဒူဂူရီ မြို့ကို ၀င်ရောက် တိုက်ခိုက် ခဲ့ကြသည်။ အပြန်အလှန် ပစ်ခတ်ခဲ့သော တိုက်ပွဲများ အတွင်း ဘိုကိုဟာရမ်ခေါင်းဆောင် မိုဟာမက်ယူဆွတ်ဖ်နှင့် သူပုန် အမြောက်အမြား ကျဆုံးပြီးနောက် စစ်ပွဲမှာ ပြီးခဲ့ သော လကုန်ပိုင်းက ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
“ကျွန်တော်တို့ ဆက်ပြီးတွေ့နေတဲ့ အလောင်းတွေက သေဆုံးသူ အရေအတွက် (၇၈၀)လောက်ထိ ရှိလာ တယ်ဆိုတာ ညွှန်ပြနေပါတယ်။ နောက်ပြီးတော့ မြို့ထဲမှာလည်း နောက်ထပ်အလောင်းတွေ ထပ်တွေ့ဦး မယ်လို့ မှန်းထားပါတယ်”ဟု နိုင်ဂျီးရီးယား အရှေ့ မြောက်ပိုင်းခရိုင် ကြက်ခြေနီအဖွဲ့ အရေးပေါ် အခြေ အနေ စီမံရေးအဖွဲ့မှ အလီလူ မိုင်ကာနိုက ရိုက်တာစ် သတင်း ဌာနသို့ ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ ပြည်နယ် အစိုးရနှင့် ကျန်းမာရေး ၀န်ထမ်းများသည် စစ်ပွဲကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများ အတွင်းမှ သေဆုံးသူများကို ရှာဖွေနေရဆဲဖြစ်သည်။
“အလောင်း (၇၀၀)လောက်ကို မိုင်ဒူဂူရီမှာပဲ တစ်စုတည်း မြေမြှုပ်ဖို့ စီစဉ်ထားပါတယ်။ အများစုကိုတော့ သင်္ချိုင်းလို့ ပြောင်းပြီးသတ်မှတ်ထားတဲ့ ယူဆွတ်ဖ် ရဲ့ စခန်းမှာပဲ မြှုပ်ဖြစ်မှာပါ”ဟု နိုင်ဂျီးရီးယား အကြီးတန်း ကာကွယ်ရေး တာဝန်ခံတစ်ဦးက ဆိုသည်။ ဘောင်ချီပြည်နယ်မှ စတင်ခဲ့သော တိုက်ပွဲများသည် အသက်(၃၉)နှစ်အရွယ် ယူဆွတ်ဖ်အား ဇူလိုင်လ (၃၀)ရက်နေ့တွင် ရဲများက ပစ်သတ်ခဲ့ပြီးနောက် ဆုံးခန်းတိုင်သွားခဲ့သည်။

Comments :

0 comments to “နိုင်ဂျီးရီးယားတွင် တိုက်ခိုက်မှုများကြောင့် လူခုနှစ်ရာထက်မနည်းသေဆုံး”