စက်မှု (၁) ၀န်ကြီးဌာနမှ ဒေါ်လာ (၅) သန်းကျော် ရရန်ရှိဟု ရောင်ခြည်ဦးကုမ္ပဏီပိုင်ရှင်ပြော

NEJ/ ၈ အောက်တိုဘာ ၂၀၀၈။ ။
စက်မှု (၁) ၀န်ကြီးဌာနနှင့် တချိန်က မန္တလေးဘီယာ ဖက်စပ်လုပ်ကိုင်ခဲ့ပြီး တရားတဘောင်ဖြစ်ခဲ့သည့် ရောင်ခြည်ဦး ကုမ္ပဏီမှ ရရန်ငွေရှိနေသည့်အတွက် သက်ဆိုင်ရာ တရားရုံးတွင် စာရင်းရှင်း ဖျက်သိမ်းသူဖြင့် ရှင်းခိုင်းရန် ၀န်ကြီး ဦးအောင်သောင်း မကြာခင်က ညွှန်ကြားထားသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။
စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ စက်ရုံအလုပ်ရုံများအား အောက်တိုဘာ (၃၁) ရက်မတိုင်ခင် စာရင်းပိတ်ရန် လုပ်ကိုင်နေစဉ်မှာ ၁၉၉၈ ခုနှစ်က အမှုဖြစ်ခဲ့သည့် စင်ကာပူအခြေစိုက် ရောင်ခြည်ဦးကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းမှ ငွေရရန်ရှိသည့်အတွက် စာရင်းရှင်း ဖျက်သိမ်းရန် ၀န်ကြီးဦးအောင်သောင်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရောင်ခြည်ဦးကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုကို ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ စက်မှု (၁) ၀န်ကြီးဌာနကသာ ဒေါ်ဝင်းဝင်းနုအား အမေရိကန်ဒေါ်လာ (၅) သန်းကျော် ပေးရန်ရှိသည်ဟု ပြောသည်။
၎င်းက “တရားဥပဒေဘောင်အတွင်းကနေ ကြည့်မယ်၊ ပြီးတော့ စာရင်းအင်း စည်းကမ်းနည်းလမ်းထဲကနေ ကြည့်ခဲ့ မယ်ဆိုရင်တော့ သူ့ဆီက ကျမက ရစရာရှိတာပါ။ သူတို့က မတရားလည်းသိမ်းသေးတယ်၊ ပိုက်ဆံလည်း ကျမကို ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံကိုလည်း ပြန်မပေးဘူး။ ပြီးတော့ စက်ရုံမှာ ကျမတို့ ထွက်လာစဉ်အခါက ဗမာကျပ်ငွေ အားဖြင့် အမြတ်ငွေသားချည်းသက်သက် ဘဏ်ထဲမှာ သိန်း (၆) ထောင်ကျော်ရှိတယ်။ နောက်ပြီးတော့ ယူအက်စ် ဒေါ်လာအားဖြင့် ဒေါ်လာ (၅) သန်းကျော်တယ်။ အဲဒီအချိန်တုန်းက စာရင်းအရ ကျမ ကြည့်ပြောနေတာ” ဟု ပြောသည်။
ဒေါ်ဝင်းဝင်းနုပိုင် စင်ကာပူအခြေစိုက် ရောင်ခြည်ဦးကုမ္ပဏီနှင့် စက်မှု (၁) ၀န်ကြီးဌာနတို့သည် ၁၉၉၂ ခုမှစပြီး မန္တလေးဘီယာလုပ်ငန်းကို ဖက်စပ်လုပ်ကိုင်ခဲ့ကာ ၁၉၉၈ ခု နိုဝင်ဘာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အရဆိုပြီး မြန်မာ့ရောင်ခြည်ဦး ဘီယာဖက်စပ်လုပ်ငန်းကို ပြည်သူပိုင်သိမ်းခဲ့သည်။ တရားလို ဒေါ်ဝင်းဝင်းနုက အာဆီယံ Investment Protection Regulation ဥပဒေအရ စက်မှု (၁) ၀န်ကြီးဌာနအား နိုင်ငံတကာ တရားရုံးသို့ တရားစွဲ ခဲ့သည်။
တရားတဘောင်ဖြစ်နေစဉ် ၀န်ကြီးဦးအောင်သောင်းက ကြေအေးရန် ဆောင်ရွက်ခဲ့ကြောင်းလည်း ဒေါ်ဝင်းဝင်းနုက ဆက်ပြောသည်။ “ဟိုတုန်းက ကျမကို သူတို့ ညှိတယ်။ ညှိတော့ ဦးအောင်သောင်းက အဲတုန်းက ဟိုဥစ္စာလုပ်နေတယ်။ liquidator လုပ်နေတဲ့ ဦးတင်ဝင်းကို။ ကျမ စင်ကာပူရောက်တော့ ဦးတင်ဝင်းက ကျမကို စင်ကာပူမှာ လာညှိတယ်။ သူက ဘာပြောလဲဆိုတော့ ကျမတို့ ရင်းနှီးမြှုပ်နှံထားတာက ဒေါ်လာ (၆.၅) သန်း ရှိတယ်ဆိုတာ လက်ခံပါတယ်တဲ့။ သူစာရင်းအရလည်း တွေ့ပါတယ်တဲ့ ။ ဒါပေမယ့် ၀န်ကြီးက ကျမကို (၂) သန်းခွဲလောက်ပေးရင် ကျေနပ်မလားလို့ သူက ကျမကို လာမေးတယ်။ အဲဒီအမှုတွေ ဖြစ်နေတဲ့အချိန်မှာ။ ဒါပေမယ့် ကျမရဲ့ ရသင့်ရထိုက်တဲ့ အမြတ်အစွန်းက ကျမပြောတယ်လေ ဒေါ်လာ (၅) သန်းကျော်တယ်ဆိုတော့ ကျမတို့ အဲမှာတင် ရစရာရှိတာ (၂) သန်းကျော်နေပြီ” ဟု ပြောသည်။
နောက်ဆုံး စက်မှု (၁) ၀န်ကြီးဌာနမှ အမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည့်ပြင် မြန်မာစစ်အစိုးရ သက်တမ်းတလျှောက် ဒေါ်ဝင်းဝင်းနုအား စစ်အစိုးရမှ တရားမစွဲတော့ကြောင်း စစ်အစိုးရ ရှေ့နေက လက်မှတ်ရေးထိုးခဲ့ရသည်။

Comments :

0 comments to “စက်မှု (၁) ၀န်ကြီးဌာနမှ ဒေါ်လာ (၅) သန်းကျော် ရရန်ရှိဟု ရောင်ခြည်ဦးကုမ္ပဏီပိုင်ရှင်ပြော”