အနဖ ရဲဘက်စခန်းမ သံဃာတစ်ပါးထွက်ပြေးလွတ်မြောက်

၁၊ ဗုဒ္ဓဟူး၊ ၂၀၀၈
ရွှေဝါရောင်တော်လှန်ရေးတွင် ခေါင်းဆောင်ခဲ့ပြီး အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော သံဃာတော်တစ်ပါး နအဖ အလုပ်ကြမ်းစခန်းမှ ထွက်ပြေးလွတ်မြောက် လာခဲ့သည်။ထွက်ပြေး လွတ်မြောက်လာသူ အရှင်ပညာသီရိသည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု (ABMA)ကို တည်ထောင်ခဲ့သူ ဦးသြဘာသနှင့် တွဲဘက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ချင်းပြည်နယ် တီးတိန်မြို့ အနောက်ဘက် မိုင် (၂ဝ)ခန့်အကွာတွင်ရှိသော (လင်တန်)ရဲဘက်စခန်းမှ ယခုနှစ် စက်တင်ဘာ (၁၆) ရက်နေ့ နံနက် (၁)နာရီ အချိန်တွင် စတင်ထွက်ပြေးခဲ့ပြီး တောတွင်းခရီးကြမ်းကို (၂)ရက်နှင့် (၂)ညကြာ မနားမနေ ဖြတ်ကျော်လာခဲ့ကာ အိန္ဒိယနယ်စပ်သို့ လွတ်မြောက်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။၂ဝဝရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးအား နအဖ စစ်အစိုးရမှ အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းပြီးနောက် ရှောင်တိမ်း လှုပ်ရှားနေစဉ် အောက်တိုဘာ ၁၈ ရက်နေ့တွင် မုံရွာမြို့အင်တာနက် ကဖေးဆိုင်တစ်ခု၌ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ၂၄ ရက်နေ့အထိ စစ်ထောက်လှမ်းရေးတို့၏ လူမဆန်စွာ စစ်ကြော နှိပ်စက် ညှဉ်းပမ်းမှုများကို ခံခဲ့ရကာ ၂ဝဝ၈ခုနှစ် မေလတွင် အဆိုပါအလုပ်ကြမ်းစခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။သက်တော်(၂၅)နှစ်ရှိ အရှင်ပညာသီရိသည် ဆယ်တန်းအောင်ပြီးနောက် သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး စစ်အစိုးအဆက်ဆက်တို့၏ တိုင်းပြည်အပေါ် မတရားဖိနှိပ်အုပ်ချုပ်မှုကို မကျေနပ်၍ ကျရာနေရာမှ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။ (Grassroots Human Rights Education and Development - http://ghre.org/mm/index.php?option=com_content&view=article&id=194:2008-10-01-05-18-22&catid=1:latest-news&Itemid=54 မှ ပြန်လည်ဖေါ်ပြပါသည်) (နစ်နေမန်း)

Comments :

0 comments to “အနဖ ရဲဘက်စခန်းမ သံဃာတစ်ပါးထွက်ပြေးလွတ်မြောက်”