ဆယ်တန်းစာမေးပွဲ အဖြေလွှာများ စတင်ဖျက်နေဇွန်တွင် အောင်စာရင်း ထွက်ပေးနိုင်သည်ဟု သိရ

၇ ဧပြီ ၂၀၀၉။ NEJ
မကြာခင်က ကျင်းပပြီးစီးသွားသည့် ဆယ်တန်းစာမေးပွဲ အဖြေလွှာများကို ဧပြီ (၁) ရက်နေ့ကတည်းက တက္ကသိုလ် အသီးသီးတွင် စတင်အမှတ်ဖျက်နေပြီဖြစ်ပြီး အမှတ်ဖျက်ဆရာ ဆရာမများကို လာစောင့်သော အမှတ်စာရင်းပွဲစား များ ကျောင်းဝန်းကျင်၌ တရုန်းရုန်းရှိနေကြောင်း သိရသည်။ပင်စင်ယူခါနီး ဆရာကြီး ဆရာမကြီးများ၊ ကျန်းမာရေးချို့တဲ့၍ ဆေးစာတင်ထားသော ဆရာကြီးများမှလွဲ၍ မြန်မာတနိုင်ငံလုံးရှိ အထက်တန်းပြအားလုံး သက်ဆိုင်ရာ ဘာသာရပ်အလိုက် အမှတ်ဖျက်ပေးရသည်ဟု သိရသည်။
ယမန်နှစ်ကအထိ အမှတ်ဖျက်ခ (တအုပ်) အဖြေလွှာတစောင် (၂၄) ကျပ်သာရပြီး ယခုနှစ်တွင် (၅၀) ကျပ်သာရရှိ မည်ဟု သိရသည်။ နယ်မှ လာရောက်ကြသူ ဆရာ ဆရာမအချို့သည် အမှတ်ဖျက်အပြီး နယ်အပြန်၌ ငွေဘယ်လောက်၊ ရွှေဘယ်လောက်သားခန့် ရရှိတတ်ကြကြောင်း အစဉ်အလာရှိခဲ့သည်။
“ဆယ်တန်းစာမေးပွဲဖြေပြီးလို့ တပတ်ဆယ်ရက်ကြာရင် Code လုပ်တဲ့ ဆရာတွေကို တကြော အရင်ခေါ်တယ်။ ကွန်ပျူတာဘယ်က အဲလောက်များများ ရှိရမှာလဲ။ အဖြေလွှာတွေရဲ့ ဘယ်ထိပ်ထောင့်မှာ ခုံနံပါတ်ရှိတယ်။ အဲဒီခုံနံပါတ်ကို အဖြေလွှာစစ်သူမမြင်အောင် ထောင့်ချိုးကို ကော်ကပ်တဲ့စနစ်ပဲ။ ဟိုတချိန်ကတော့ Stapler Pin နဲ့ ချုပ်တဲ့ စနစ်လုပ်ဖူး တယ်။ ဒါပေမယ့် ကော်ကပ်တာက အဆင်ပြေတယ်နဲ့တူပါတယ်။ တခါတလေ အဲဒီကော်ကပ် ထားတဲ့ နေရာက ဟနေလို့ သူ့ဟာသူ ပြုတ်နေတာဆိုပြီး သွားပြောရသေးတယ်။ ဒါပေမယ့် ဘယ်လိုက ဘယ်လို လိုင်းတွေ ရိုက်ကြလဲ မသိပါဘူး။ တချို့သူ့ဟာနဲ့သူ အလုပ်ဖြစ်နေတာပဲ” ဟု ရန်ကင်းမြို့နယ်မှ နှစ်စဉ် အဖြေလွှာ စစ်နေကျ အထက်တန်းပြ ဆရာတဦးက ဆိုသည်။အဖြေလွှာစစ်တရာသီတွင် ဆရာအများစုသည် အုပ် (၃၀၀) ခန့်သာပြီးစီးပြီး အချို့သွက်သောဆရာများမှာ အုပ် (၅၀၀) ခန့် ပြီးစီးသည်။ အဖြေလွှာများ တောက်လျှောက်စစ်ဆေးပါက အလုပ်ပြီးစီးနိုင်သော်လည်း အဖွဲ့ (၃) ဖွဲ့ လှည့်ပတ်စစ်ရသည့် Cross Check အထိန်းစနစ်ကြောင့် ထင်သလို စစ်ဆေး၍မရနိုင်ကြောင်း၊ အစိမ်း၊ ခရမ်း၊ အနီ မင်ရောင် (၃) မျိုးထုတ်ပေးထားရာ ပထမတဖွဲ့စစ်ထားသည်ကို နောက်တဖွဲ့က နောက်တရောင်နှင့် Check ပြန်လုပ်ရကြောင်း၊ အမှတ်ပေးပုံအပေါ် တဖွဲ့နှင့် တဖွဲ့တိုင်ပင်ညှိနှိုင်းကြရကြောင်း၊ လက်ရှိတွင် ရန်ကုန်တက္ကသိုလ် (ပင်မ)၊ ဒဂုံတက္ကသိုလ်နှင့် မြို့လယ်ကျောင်းကြီးတချို့တွင် အမှတ်ဖျက်နေကြပြီး ဘာသာရပ်အလိုက် သက်ဆိုင်ရာ Department များတွင်သာ အမှတ်ဖျက်ရကြောင်း သိရသည်။“ဧပြီ (၁) ရက်နေ့ကတည်းက အဖြေလွှာတွေ စစစ်တာ။ သင်္ကြန်နားရက်မရဘဲ ဧပြီတလလုံး စစ်ရမယ်။ မေဆို မော်ရေးရှင်း ကိစ္စတွေ ပြတ်အောင်လုပ်မယ်။ ဇွန်မှာ အောင်စာရင်း ထွက်မယ်လို့ သိရတယ်။ အရင်က သြဂုတ်မှ အောင်စာရင်းထုတ်ပေး တာ။ သူတို့ပြောတာက နောက်တနှစ် ကျောင်းဖွင့်တာနဲ့ ကျရှုံးကလေးတွေ စာတွေ နောက်ကျမှာစိုးလို့ ပြောတာပဲ။ဒါလည်း အဓိပ္ပာယ်တော့ မရှိဘူး။ ဘာလို့လဲဆိုတော့ အရင်က တနှစ်ကျပြီးရင် နောက်နှစ်ကျောင်းတက်ခွင့်ရှိသေးတယ်။ ခု တနှစ်ကျရင် ကျောင်းထွက်ပဲ။ အပြင်ကဖြေ။ ဒါကို ကျောင်းစာ နောက်ကျမှာစိုးလို့ဆိုတာ မဖြစ်နိုင်တဲ့အကြောင်းပြချက်ပဲ” ဟု ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဖူးသူ ဆရာကြီးတဦးက ဆိုသည်။ပြည်တွင်း ဒေါက်တာဘွဲ့ (Ph.D) ယူထားသူများကို အထက်တန်းကျောင်းများ၌ ကျောင်းအုပ်ကြီးများအဖြစ် လည်းကောင်း၊ တက္ကသိုလ်၊ ကောလိပ်များ၌ လ/ထ ကထိကများအဖြစ် ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းက တာဝန်ချထားပေးနေရာ လုပ်သက်ရင့် ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းတွင်း ပြဿနာအချို့ရှိခဲ့သော်လည်း လူငယ်ကျောင်းအုပ်များမှာ ယခုအခါ တဦးနှင့် တဦး ဆက်ဆံရေး အသားကျလာပြီးဖြစ်ကြောင်း ပြည်တွင်းဒေါက်တာ ဘွဲ့ရ လ/ထ ကထိက တဦးက ဆိုသည်။

Comments :

0 comments to “ဆယ်တန်းစာမေးပွဲ အဖြေလွှာများ စတင်ဖျက်နေဇွန်တွင် အောင်စာရင်း ထွက်ပေးနိုင်သည်ဟု သိရ”