မန္တလေးမြို့တော် နှစ်(၁၅၀)ပြည့်အခမ်းအနား ကျင်းပမည်

၃ မတ် ၂၀၀၉။ ပုလဲနက်

မန္တလေးမြို့တော် စတင်တည်ထောင်သည့် နှစ်(၁၅၀)ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ မြို့တော်တည်ထောင်သည့် အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို ယခုနှစ် မေလလယ်တွင် ပြုလုပ်မည်ဟု ဆိုသည်။ မေလ(၁၅)ရက်နေ့မှ (၁၉)ရက်နေ့ထိ ပြုလုပ်မည့် (၅)ရက်ကြာ ပွဲတော်အား မန္တလေး တောင်ခြေရှိ အားကစားကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ဈေးပွဲတော်များ၊ ဖျော်ဖြေရေး အစီအစဉ်များလည်း ထည့်သွင်းထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကဆိုသည်။ ပွဲတော်အတွင်း ရိုးရာ လက်ဝှေ့ပွဲများလည်း ထည့်သွင်းထားမည်ဖြစ်ပြီး Mandalay FMအသံလွှင့်ဌာနက ပွဲတော်အစီအစဉ်များအား တိုက်ရိုက်ထုတ်လွှင့် ကြေငြာသွားမည်ဖြစ်သည်။ ပွဲတော်အကြို လှုပ်ရှားမှုအဖြစ် မန္တလေးဇာတ်ရုံတွင် ဧပြီလ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ ဒေသခံအဆိုရှင်များနှင့် နာမည်ရ အဆိုတော်များက စတိတ်ရှိုးဖြင့် တင်ဆက်ဖျော်ဖြေဦးမည်ဟု သိရသည်။မြန်မာ့ရိုးရာ ယဉ်ကျေးမှု မြို့တော်အဖြစ် တင်စားခြင်း ခံရသော မန္တလေးမြို့သည် နောက်ဆုံးမြန်မာမင်းဆက် ထီးနန်းစိုးစံသွားသော မြို့တော်ဟောင်းလည်းဖြစ်ပြီး ရတနာပုံ နေပြည်တော်ဟုလည်း ခေါ်ဝေါ်ကြသည်။ ဧရာဝတီမြစ်ကမ်းနံဘေးရှိ မြို့တော်သည် သက်တမ်းနှစ်ပေါင်း (၁၅၀)တိုင်တိုင် ကြာမြင့်သည့် ယခုခေတ်ကာလတွင် လူဦးရေ (၁)သန်းကျော်မျှ မှီတင်းနေထိုင်နေကြောင်း သိရှိရသည်။

Comments :

0 comments to “မန္တလေးမြို့တော် နှစ်(၁၅၀)ပြည့်အခမ်းအနား ကျင်းပမည်”