နအဖ ဖန်တီးသောနာဂစ် ရခိုင်ပြည်နယ်တွင် ဖြတ်သန်းတိုက်ခတ်နေ

ရခိုင်ပြည်နယ်တွင် နအဖ အာဏာပိုင်များက နာဂစ် လေဘေးအတွက်ဟုဆိုကာ ပထမ အနေဖြင့် အလှူငွေများကို ရခိုင်ပြည်သူများထံက ကောက်ခံခဲ့ပြီး ယခုအခါ ကျေးရွာ အုပ်စုလိုက် နွား၊ ကျွဲနှင့်စပါးများကို ခွဲတန်းချပြီး အတင်း ကောက်ခံနေသည်။အမည်မဖေါ်လိုသူ ဘူးသီးတောင်မြို့နယ်မှ အရပ်လူကြီး တဦးက “သဘာဝက ဖန်တီးတဲ့ နာဂစ်ကြောင့် ကျနော်တို့ ပြည်သူတွေ သိန်းချီသေဆုံးပြီး သန်းချီ ဒုက္ခရောက်ခဲ့ကြရပါပြီ။ အခုလည်း ကျနော်တို့ ရခိုင်ပြည်သူတွေက နအဖဖန်တီးတဲ့ နာဂစ်ကြောင့် တော်တော် ဒုက္ခရောက်နေကြရပါပြီ။”ဟု ပြောသည်။
နအဖ စစ်အာဏာပိုင်များက ရခိုင်ပြည်နယ် တ၀န်းလုံးတွင် နာဂစ် တိုက်ခတ်ပြီးနောက်ပိုင်း လေဘေး ဒုက္ခသည်များအတွက်ဟုဆိုကာ တမြို့နယ်ကို ကျပ်ငွေ သိန်း သုံရာထက် မနည်းစီရဟုဆိုကာ အလှူငွေများကို အတင်းအဓမ္မ ကောက်ခံသွားခဲ့ပြီး ယခုအခါ ကျေးရွာ အုပ်စုအလိုက် ကျွဲ၊နွားများနှင့် စပါးများကို ခွဲတန်းချ ကောက်ခံနေသည်။
“သူတို့က မြို့နယ် မယက ဥက္ကဌကတဆင့် ကျေးရွာ ရယက ဥက္ကဌတွေကို ညွှန်ကြားပြီး ကျေးရွာအုပ်စု တအုပ်စုကို နွား သုံးကောင်နဲ့ စပါးတင်းပေါင်း ၅၀၀-စီ မပေးမနေရ ပေးရမယ် ဆိုပီး ကောက်ခံနေပါတယ်။ ဘူးသီးတောင်ပိုင်းက ကျေးရွာ အုပ်စုတွေဖြစ်တဲ့ ညောင်ချောင်း၊ သည်ကံခွဆုံ၊ စေတီတောင်၊ ဖုံညိုလိပ်စတဲ့ ကျေးရွာအုပ်စုတွေမှာ ခုလက်ရှိ ကောက်ခံနေ ပါတယ်။”ဟု အဆိုပါ အရပ်လူကြီး ကပြောသည်။
မောင်တောမြို့နယ်တွင် ကျွဲ၊ နွားနှင့်စပါး မပေးသွင်းနိုင်သော ကျေးရွာအုပ်စုများက ရယက ဥက္ကဌများအနေဖြင့် အိမ်ထောင်စုတစုစီက ကျပ်ငွေ ၄၀၀၀ စီကောက်ခံနေသည်။
အလားတူ ကောက်ခံမှုမျိုးကို ရခိုင်ပြည်နယ်အတွင်းမှ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ စစ်တွေ၊ မင်းပြား၊ ကျောက်ဖြူနှင့်မြေပုံ စသည့် မြို့နယ်များတွင်လည်း ပြုလုပ်နေသည်ဟု ဒေသအတွင်းကလာသော သတင်းများအရ သိရှိရသည်။
များမကြာမှီက တက်ကနက်မြို့ကို ရောက်ရှိလာသူ ခရီးသည်တဦးက “လူတွေ စီးပွားရေး အဆင်မပြေလို့ ငတ်သူငတ် သေသူသေ ဖြစ်နေတဲ့ အချိန်မှာ ခုလို အစိုးရ အာဏာပိုင်တွေက ငွေတွေကို အတင်း ကောက်ခံနေတဲ့အတွက် လူတွေက အထူး ဒုက္ခရောက်နေကြရပါပြီ။”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းအတွက် လိုအပ်သော ဓါတ်မြေသြဇာ၊ အပ်ကိုင်းနှင့် တခြားပစ္စည်းများ ၀ယ်ယူရန်အတွက် ရှိစုမဲ့စု ရွှေ၊ ငွေများကို ပေါင်နှံရောင်းချပြီး ငွေကြေးများ စုဆောင်းနေရချိန်တွင် အာဏာပိုင်များက နာဂစ်လေဘေး အတွက် ငွေများ အတင်းစုဆောင်း ကောက်ခံနေသဖြင့် ရခိုင်ပြည်သူလူထု တရပ်လုံးမှာ မဖေါ်ပြနိုင်သော အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သတင်းများ ရရှိသည်။

ရန်ကုန်နက်မှဖော်ပြသည်။

အပြည့်အစုံ...>>

မူးယစ်ဆေးမှု သတင်းပြေးနေသော အနုပညာရှင်များ ပုဂ္ဂလိကဂျာနယ်များတွင် ငြင်းဆို

မိုးအောင်တင် ဇွန် ၂၇၊ ၂၀၀၈ (ဧရာဝတီ)
မေလကုန်ခါနီးနှင့် ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် အနုပညာရှင်များ ခေါ်ယူစစ်မေးခြင်း ဖမ်းဆီး ခြင်း ခံနေရသည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် သီတင်း ၂ ပတ်ကျော်၌ ပြည်တွင်း ပုဂ္ဂလိက သတင်းဂျာနယ် များတွင် အနုပညာရှင်များအား ဆက်သွယ်မေးမြန်းပြီး ယခုလိုထွက်ပေါ်ခဲ့သည့် ကောလာဟလ သတင်းများ မှန်ကန်မှုမရှိ ကြောင်း ရှင်းလင်းပြောဆိုချက်များအား ဖေါ်ပြထားသည်ကို တွေ့ရသည်။
ဇွန်လ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေသော Weekly Eleven ဂျာနယ်တွင် သရုပ်ဆောင် နန္ဒာလှိုင်နှင့် တွေ့ဆုံ မေးမြန်း ရာတွင် လတ်တလောပြောဆိုနေကြသည့် မူးယစ်ဆေးသုံး စွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး နန္ဒာလှိုင်က “အဖြေမှန်မပေါ် သေးခင်တော့ ဂယက်ဆိုတာရှိမှာပါ။ အဲဒီကိစ္စ ကအချိန်တန် ရင် အဖြေမှန်ပေါ်လာမှာပါ။ အဲဒီ အခါ ပရိသတ်တွေလည်း သိသွားမှာပါ။ အကုန်လုံးကိုယ်စား ဘာမှမပြောလိုပါဘူး” ဟုဖြေဆိုသည်ကို ဖေါ်ပြ ထားသည်။
ထို့အတူ ယခုတပတ်ထုတ် ဆဲဗင်းဒေးစ် သတင်းဂျာနယ်၊ News Watch သတင်းဂျာနယ် စသည်တို့တွင်လည်း မူးယစ်ဆေး သုံးစွဲမှုကြောင့် ခေါ်ယူစစ်မေးခြင်းခံခဲ့ရသည့် အနုပညာရှင်တချို့ကို ဆက်သွယ်မေးမြန်းကာ ဖြေဆိုချက် များကို ဖေါ်ပြခဲ့ကြ သည်။ ဂျာနယ်ဖတ်သူ အိမ်ရှင်မ တဦးကမူ “ကျမကတော့ ဂျာနယ် ထဲမှာ ရေးထားတဲ့ ဘာမှ မဖြစ်ပါဘူးဆိုတာကို သိပ် မယုံဘူး။ လူတွေ အားလုံးသိနေကြတဲ့ ကိစ္စကို ဘာမှမဖြစ်သလို ပြန်ဖြေတဲ့အတိုင်းရေးထားတော့ နောက်ကွယ် မှာ အကြောင်း တခုခုကြောင့် အမှန်အတိုင်း မဖြေတာ၊ မဖေါ်ပြတာလို့ဘဲ ထင်တယ်” ဟုပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာ တဦးက''သတင်းမှန်ကို ရေးခွင့်မရဘဲ နအဖ အစိုးရက ပုံဖေါ်တဲ့ဖြစ်စဉ်အတိုင်း ဖေါ်ပြကြရတာဟာ သတင်းစာဆိုင်ရာ ကျင့်ဝတ်နဲ့မညီပါဘူး။ အဖြစ် မှန်က ရုပ်ရှင် သရုပ်ဆောင် တချို့ကို ပြန်ကြားရေးဝန်ကြီးက ၀ါဒဖြန့်ကားတွေ ရိုက်လက်စ ရှိနေတာကြောင့် အရေးမယူဖို့ အာမခံပြီး လွှတ်စေလိုက် တာ၊ အဲဒီအနုပညာရှင်တွေလည်း ပြန်ကြားရေးဝန်ကြီးရဲ့ အာမခံမှု အပေါ်နောက်နောင် ၀ါဒဖြန့်ဇာတ်လမ်းနဲ့ သီချင်းတွေ ရိုက်ပေးရ ဆိုပေးရ ဦးမှာပါ။ ဒီအဖြစ်ကို ဖုံးကွယ်ပြီး ရေးသားဖေါ်ပြတဲ့ ဟာတွေက စာဖတ်သူကို လှည့်ဖြား သလို ဖြစ်စေ တယ်၊ အမှန်ကို ရေးသားခွင့်မရရင် အဲဒီလိုသတင်းမျိုးကို မဖေါ်ပြဘဲ လက်ရှောင်သင့်ပါတယ်” ဟု ဝေဖန် ပြောဆိုသည်။
မေလကုန်နှင့် ဇွန်လဆန်းတွင် မကြာမီရက်ပိုင်းကမှ ရာထူးမှဖယ်ရှားခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်၊ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၊ သရုပ်ဆောင် နန္ဒာလှိုင်၏ ညီမဖြစ်သူ နွေးနွေးလှိုင်နှင့် သရုပ်ဆောင် အဆိုတော် အများအပြား မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး မေးမြန်း ခြင်းခံရသည့်သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။ သို့သော် နအဖ အစိုးရအရာရှိကြီးများ ၏ သားသမီးများနှင့် ပတ်သက်နေသဖြင့် တရားဝင်ထုတ်ပြန်ခြင်း မပြုသောကြောင့် အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်ပြီး ယခုလို ပြည်တွင်း ပုဂ္ဂလိက မီဒီယာများတွင် ဖြေရှင်းချက်များကိုသာ ဖေါ်ပြခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

အပြည့်အစုံ...>>

မြို့တော်ခန်းမအနီး ဆန္ဒပြသူအမျိုးသမီး (၁) ဦးဖမ်းဆီးခံရ

NEJ (ခေတ်ပြိုင်)၂၆ ဇွန် ၂၀၀၆

ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုဆန္ဒပြသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။
အဆိုပါအမျိုးသမီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးသော်လည်း သူမသည် မြို့တော်ခန်းမ အနီး လူစည်ကားရာနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၁၀) မိနစ်ခန့် ကြွေးကြော်သံများ အော်ဟစ်၍ တကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ရဲ၏ ဆွဲခေါ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင် သက်သေတို့၏ ပြောဆိုချက်ကိုကိုးကားပြီး သတင်း၌ ဖော်ပြသည်။
ဆန္ဒပြသည့်သတင်းကို ကြားသိရသော်လည်း ဆန္ဒပြသူအမျိုးသမီးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင် ဟုတ်မဟုတ် မသိရှိရသေးဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
မြန်မာစစ်အစိုးရသည် ဆန္ဒပြသူများကို ပြင်းထန်စွာအရေးယူလေ့ရှိပြီး ယမန်နှစ် သြဂုတ်လက အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို ထောင်ဒဏ်တသက် တကျွန်းချမှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်၌ အကျဉ်းချထားခဲ့သည်။ ။

အပြည့်အစုံ...>>

RFA အာအက်ဖ်အေသို့ ပေးစာ

ညနေက ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်မှ ပြောလာပါတယ်။ မင်းတို့ လေဘေးသင့်တဲ့သူတွေကို အိမ်တွေပြန်ဆောက်ပေးနေတဲ့အကြောင်းကို RFA က ပြောသွားတယ်တဲ့။ မင်းတို့ကို ဦးဆောင်လုပ်နေတဲ့ ကိုညီလင်းဆက်ဆိုတဲ့ ကွန်ပျူတာသမားက မန်နေဂျာရာထူးကတောင်ထွက်ပြီး လုပ်နေတယ်။ ရံပုံငွေ ဒေါ်လာသောင်းချီပြီးရနေတော့ အတားအဆီး၊ အနှောက်အယှက်မခံရပဲနဲ့ ဆက်လုပ်လို့ရနေတယ်ဆိုပြီး ပြောသွားတယ်တဲ့။ အဲဒီအကြောင်းကို ကျွန်တော်တို့ အားလုံးသိသွားတာနဲ့ တော်တော် ဒေါသထွက်သွား ပါတယ်။ ဒီမီဒီယာတွေနဲ့ ပတ်သတ်လို့ အရင်တုန်းကလည်း ကျွန်တော် တော်တော်ပြောခဲ့ဖူး ပါတယ်။ ဘေးကနေတီးပေးမနေကြပါနဲ့လို့။ ခင်ဗျားတို့ မိုင်ပေါင်းများစွာဝေးတဲ့နေရာက မဆင်မခြင် ဒါမှမဟုတ် ရည်ရွယ်ချက် ရှိရှိပြောလိုက်တဲ့ စကားတွေက စိတ်သန့်သန့်နဲ့ လုပ်နေကြတဲ့သူတွေအတွက် ဘယ်လောက်အထိ ထိခိုက်ခံစားသွားရနိုင်သလဲဆိုတာ သတင်းသမားတစ်ယောက်အနေနဲ့ သိသင့်ပါတယ်။ ဒါမျိုးက သတင်းသမားမှမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အခြေခံ အသိစိတ်ဓါတ်လောက်ရှိရင်တောင် ပြောသင့် မပြောသင့် သိပါတယ်။ ခင်ဗျားတို့ အဲဒီလို ပြောလိုက်တာ သတင်းဟုတ်ပါသလား။ ဘယ်သူတွေများ အကျိုးထူးရသွားမလဲ။ ကျွန်တော်တို့အားလုံးဟာ လူအချင်းချင်း တတ်နိုင်သလောက် ၀ိုင်းကူနေကြတာပါ။ ခင်ဗျားတို့လို အဝေးကြီးကနေ ခံစားခွင့်တွေ တစ်ပုံကြီးနဲ့ လေကိုရင်းပြီး လုပ်စားနေကြတဲ့သူတွေ တစ်ယောက်မှ မပါပါဘူး။ ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေတာက ကျွန်တော်တို့လက်ထဲ ရောက်လာသမျှသော ရံပုံငွေမှန်သမျှကို လေဘေးရော၊ ရေဘေးပါ တကယ်ခံခဲ့ရတဲ့သူတွေဆီကို အကျိုးရှိရှိရောက် သွားဖို့ပါ။ ခင်ဗျားတို့ ထင်ထားတာက ဒေါ်လာ သောင်းဂဏန်းလောက်က ကျွန်တော်တို့ရှေ့ကို ဒုန်းဆိုရောက်လာ၊ ကျုပ်တို့က အဲဒီပိုက်ဆံတွေကို ၀ယ်စရာရှိတာ အလွယ်တကူဝယ်ပြီး ကားကြီးနဲ့ ငြိမ့်ငြိမ့်လေး လပွတ္တာကို ရောက်၊ ဟိုဟိုဒီဒီ လှူစရာရှိတာတွေ လှူပြီး ပြန်လာကြ ဒီလိုများ ထင်နေကြသလား။ အဆင့်တိုင်း အဆင့်တိုင်းမှာ ဆက်လုပ်ချင်စိတ်ကုန်လောက်တဲ့အထိ အခက်အခဲတွေ အများကြီးပါ။ ကျွန်တော်တို့မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်မှုတွေ အများကြီးရှိပါတယ်။ ဒါတွေကို ဘယ်သူမှ ကျွန်တော်တို့လောက် မသိပါဘူး။ ဒီကောင်တွေ ဘာကြောင့်အတားအဆီး မခံရတာလဲဆိုတာလောက်ပဲ ခင်ဗျားတို့ စဉ်းစားတတ်သလား။ ငါတို့ ပြောလိုက်လို့ ဒီကောင်တွေ ဒုက္ခရောက်သွားရင် ငါတို့ ဖွစရာ သတင်းရမယ်ဆိုတာလောက်ပဲ တွေးသလား။ နည်းနည်းငြိမ်သွားရင် မပွ ပွအောင် ထပြီး ဖွ၊ ခံစရာရှိတော့ တကယ်လုပ်နေရတဲ့ကောင်တွေခံ၊ အဲဒီအချိန်ကျမှ ခင်ဗျားတို့ လျှာတွေယားနေအောင် ပြောချင်နေတဲ့ အကြောင်းတွေကို အတုံးလိုက် အတစ်လိုက် ၀ိုင်းပြောကြ။ အဲဒီအချိန်မှာ လေဘေးရေဘေးခံခဲ့ရသူ တွေအတွက်လည်း ထိခိုက်နစ်နာမှုအများကြီး ရှိသွားမှာပဲဆိုတာ တွေးမိသလား။ လက်ရှိပြန်လည် ထူထောင်ရေးနဲ့ လှူဒါန်းကူညီနေတဲ့သူတွေက စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အားလုံးကို အထိခိုက်ခံပြီး လုပ်နေရတဲ့အထဲ ဘယ်သူတော့ ဘယ်လို ဖြစ်သွားပြီဆိုပြီး ကြားရရင် ဒီအလုပ်ကို လုပ်နေတဲ့ လူ ၁၀၀ မှာ ၉၀ လောက်က ဆက်မလုပ်တော့ဘူးဆိုရင် ဘယ်သူတွေ အကျိုးယုတ်မလဲ။ဘယ်သူမှ မတားလဲ ကျွန်တော်တို့မှာ Fund မရှိသလောက် နည်းနေပြီ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ ဆက်လုပ်ဖြစ်မယ် မထင်တော့ပါဘူး။ အခုလောလောဆယ် ကိုညီလင်းဆက်တို့ ဆိပ်ကလေးကုန်းရွာမှာ အိမ်အလုံး ၂၀ နဲ့ ကွင်းသုံးဆင့် ရွာမှာ အိမ် အလုံး ၂၀ ဆောက်ပေးနေကြပါတယ်။ ဒီရွာတွေမှာတော့ အိမ်တိုင်တွေက အစ ပံ့ပိုးပေးတဲ့အတွက် ကုန်ကျစရိတ်တွေလည်း ပိုပြီးကုန်ကျလာပါတယ်။ ကျွန်တော်တို့မှာ Fund လည်း မရှိ၊ ဆက်လက်လုပ် ဆောင်ဖို့အတွက် အခြေအနေလည်း မပေးတော့ဘူးဆိုရင်တော့ ဘယ်လောက်ပဲ လုပ်ချင်စိတ်ရှိရှိ ဆက်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။်

ကိုမျက်လုံး ဘလော့မှ ကူယူဖော်ပြသည်။

http://myomyintaungmm.blogspot.com/2008/06/to-rfa.html

အပြည့်အစုံ...>>

ရန်ကုန်မြို့နေရာအချို့တွင်စစ်အစိုးရက ထိုသို့ထားမြစ်ထားလေသည်။
ဓါတ်ပုံ enigmaimages.net မှရယူပါသည်။

အပြည့်အစုံ...>>

လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ၏ စာပေလက်ရာများ အထက်တန်း သင်ရိုးညွှန်းတမ်းမှဖြုတ် (ကိုစိုး ဧရာဝတီ) | ဇွန် ၂၄၊ ၂၀၀၈

စစ်အစိုးရက ၂၀၀၈-၂၀၀၉ ခု ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းကို အသစ် ပြင်ဆင်၍ ပြောင်းလဲ ပြဌာန်းရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့နှင့် သက်ဆိုင်သော စာပေများကို ဖြူတ်ပယ် ပြဌာန်းထားသည်ကို တွေ့ရှိရသည်။
သခင်ကိုယ်တော်မှိုင်း
ဗိုလ်ချုပ်အောင်ဆန်း
မြန်မာအမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်ကိုယ်တော်မှိုင်းတို့နှင့် သက်ဆိုင်သည့် သမိုင်း ကြောင်းနှင့် စာပေများသည် နောက်မျိုးဆက်သစ် လူငယ်များ သိသင့်သိထိုက်ပြီး အတုယူရမည်ဖြစ်သော ကြောင့် သင်ရိုးညွှန်းတန်းမှ မဖြုတ်ပယ်သင့်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအတွက် ပညာရေးဝန်ဆောင်မှု ပြုလုပ်ပေးနေသော ဒေါက်တာ သိန်းလွင်က ပြောသည်။
“ပညာရေးက သမိုင်းကြောင်းနဲ့ဆက်စပ်နေတာဆိုတော့၊ လူငယ်တွေသိသင့်သိထိုက်တာ၊ အနာဂတ်မှာ သင်ခန်း စာယူရမှာ တွေကို ကျောင်းသင်ခန်းစာမှာ ထည့်ရမှာပဲ၊ အခုအချိန်အထိ သခင်ကိုယ်တော်မှိုင်းတို့ ဗိုလ်ချုပ် အောင်ဆန်း တို့ဆိုတာ မြန်မာအမျိုးသားရေးခေါင်းဆောင်တွေပဲ၊ သူတို့ရဲ့ သမိုင်းတွေ၊ သူတို့ရဲ့အမြင်တွေ ကို ကျောင်းသားတွေ သိထိုက်တယ်၊ ဒါတွေကို ကျောင်းသင်ခန်းစာမှာ သင်ထိုက်တယ်”ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။
ယခု သင်ကြားရမည့် ၁၀ တန်း သင်ရိုးသစ် တွင် ယခင် သင်ရိုးဟောင်း ပင်ရင်းစကားပြေမှ ဗိုလ်ချုပ်အောင်ဆန်း၏ “ပြည်သူ့ ညီလာခံ”အမည်ရှိ မိန့်ခွန်းကောက်နုတ်ချက် စကားပြေအပါအဝင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ “လူကြီးနှင့် လူငယ်” စကားပြေနှင့် မြန်မာကဗျာလက်ရွေးစဉ်မှ “သပြေနုချိန်”ကဗျာတို့ကို ဖြုတ်ပယ်ခဲ့ခြင်းသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့၏စာပေနှင့် အတွေးအခေါ်တို့သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ခြိမ်းခြောက်နေသောကြောင့် စစ်အစိုးရက ကျောင်းသင်ခန်းစာမှ ဖြုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် စာရေး ဆရာ ဇင်လင်းကလည်း ပြောကြားသည်။
“သူတို့ရေးခဲ့တဲ့စာတွေ၊ ပြောခဲ့ဟောခဲ့တဲ့ စကားတွေ၊ အဆိုတွေ၊ အစဉ်အလာတွေ၊ အတွေးအခေါ်တွေ အားလုံးက အမြဲတမ်း ပြည်သူနဲ့တသားတည်း ရှိတယ်၊ နိုင်ငံနဲ့ အမျိုးသား အကျိုးစီးပွားနဲ့ တသားတည်း ရှိတယ်၊ အဲဒီလို အမျိုးသားရေး အစဉ် အလာနဲ့ တကယ့် မျိုးချစ်စိတ် အစစ်အမှန်ကို ဖော်ကျူးတဲ့ စာတွေက စစ်အာဏာရှင်စနစ်နဲ့ အမြဲတမ်း ဖီလာဆန့်ကျင်နေတာ ဖြစ်တဲ့အတွက် ဒီစာတွေကို ကျောင်းသုံးပြဌာန်းနေ တာဟာ ပျံ့ပွားကျယ်ပြန့်အောင် လုပ်သလိုဖြစ်နေတယ်၊ ဒါကိုမလိုလားတဲ့ အတွက် အခုလိုဖြုတ်ပစ်တာပဲ ဖြစ်ပါတယ်”ဟု ဆရာဇင်လင်းက ပြောသည်။
စစ်အစိုးရ အနေနှင့် ယင်းသို့ သင်ရိုးညွှန်းတမ်းကို ပြောင်းလဲပြဌာန်းရခြင်းမှာ နိုင်ငံတကာ အဆင့်မီရန် အတွက်ဟု ကြေညာ ပြောဆိုနေသော်လည်း ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်းတို့နှင့် သက်ဆိုင်သည်များကို ဖြုတ်ပစ်ခြင်း သည် သမိုင်းကြောင်းကို ဖြောက်ပစ်ချင်၍ဖြစ်ကြောင်း ရန်ကုန်မြို့မှ အခြေခံပညာ အထက် တန်း အဆင့် သင်ကြားနေသော ဆရာတဦးက ပြောဆိုသည်။
“သင်ရိုးပြောင်းတာက အစိုးရ ကြေညာချက်အရ ဆိုရင် နိုင်ငံတကာ အဆင့်မီအောင်၊ ဂျီစီအီး လယ်ဘယ်နဲ့ ညီအောင်လို့ ဆိုတယ်၊ တကယ် တန်းကျ နိုင်ငံတကာ အဆင့် မီသလားဆိုတော့ သင်ရိုးကို အစအဆုံး ပြောင်းတာ မဟုတ်ဘဲနဲ့ နဂို သင်ရိုး ပေါ်မှာ မွမ်းမံ တာပဲ ရှိတယ်၊ နည်းနည်းစီ ထပ်တိုးတယ်၊ နည်းနည်းစီ ဖြုတ်ပစ်တယ်၊ မနှစ်ကလည်း ၉ တန်းကို ပြောင်းထား တယ်၊ နိုင်ငံတကာ အဆင့် က လုံးဝ မမီပါဘူး၊ သူငယ်တန်းကစပြီး၊ အခြေခံကစပြီး အကုန်လုံးပြင်မှ ရမှာ၊ စာမေးပွဲ စနစ် တွေပြောင်းရမယ်၊ စာအုပ်စာတမ်းတွေ နိုင်ငံတကာမီအောင် လုပ်ပေးရမယ်၊ ၉ တန်း ၁၀ တန်းကျမှ စပြောင်းလို့ မဖြစ် နိုင်ဘူး”ဟု လည်း ၎င်းကပြောသည်။
ယခု သင်ရိုးသစ်သည် အင်္ဂလိပ်စာတွင်လည်း အနည်းငယ်သာပြောင်းလဲမှုရှိပြီး ရူပဗေဒ ဘာသာရပ်တွင်မူ သင်ခန်းစာ ထပ်တိုးလာကြောင်းနှင့် ကျောင်းသားနှင့် ဆရာများအတွက် ခက်ခဲထူးခြားမှု များစွာမရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
မြန်မာစစ်အစိုးရ စာမေးပွဲ စနစ်မှာ အရည်အသွေးထက် အတန်းအောင်ရေးအတွက် နှစ်စဉ် အောင်ချက် ရာခိုင်နှုန်း ညီမျှမှု ရှိရန် ထိန်းညှိပြုလုပ်ထားသော စနစ်ဖြစ်၍ ယခု နှစ် ၁၀ တန်းအောင်နှုန်းမှာလည်း ယခင်နှစ် များကနှင့် ကွာခြားမှု မရှိဟု အထက်ပါ ရန်ကုန်အခြေစိုက် အထက်တန်းပြ ဆရာ၏ ပြောကြားချက်အရ သိရ သည်။
ဒေါက်တာ သိန်းလွင် က မူ ပညာရေးသည် ကျောင်းသား၊ မိဘ ၊ နိုင်ငံနှင့် သက်ဆိုင်သည့် လွတ်လပ်စွာ လေ့လာ သင်ယူနိုင် သော ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ အုပ်ချုပ်သူ အလိုကျ ပြောင်းလဲကျင့်သုံးသည့် ပညာရေးမျိုး မဖြစ်သင့်ကြောင်း ပြောသည်။
“နိုင်ငံတကာ အဆင့်မီတာ မမီတာထက် အုပ်ချုပ်တဲ့လူတစုရဲ့အမြင်နဲ့ ပြောင်းလဲတာမျိုး မဖြစ်သင့်ဘူး၊ လွတ်လွတ်လပ်လပ် လေ့လာ သင်ယူနိုင်ရမယ်၊ လွတ်လွတ်လပ်လပ် တွေးခေါ်စဉ်းစားနိုင်ရမယ် ဆိုတဲ့ ပညာရေးမျိုး Critical Thinking မျိုးကို သွားရမယ်၊ အဲဒီလို ဆိုရင် လူငယ်တွေက အားလုံးကို လေ့လာမယ်၊ လေ့လာနိုင်ဖို့ လည်း လမ်းဖွင့်ပေးရမှာပဲ”ဟု ၎င်းက ပြောကြားသည်။
ယခုသင်ရိုးသစ်၌ ပြည်ပတွင်ရောက်ရှိနေထိုင်လျှက်ရှိသော ကဗျာ ဆရာ မောင်စွမ်းရည်၏ “ဘဝနှင့်အလှ”ကဗျာနှင့် လယ်တီ ဆရာတော်ကြီး၏“ခွင့်သာခိုက်မှ မလိုက်ချင်လျှင်”တေးထပ်တို့ကိုလည်း ဖြုတ်ပယ်ထားသည်။ ဆရာ မောင်စွမ်းရည်သည် ပြည်ပသို့ရောက်ရှိချိန်မှ စ၍ စစ်အစိုးရ ဝေဖန်စာများကို အစဉ်တစိုက်ရေးသား နေသူတဦး ဖြစ်သည်။ယင်းသို့ ပြောင်းလဲပြဌာန်းလိုက်သည့် သင်ရိုးသစ်ကို ယခုလ ၂ ရက်နေ့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်မှ စတင်ကာ ကျောင်းသားများ သင်ကြား နေကြရပြီဖြစ်ကြောင်း သိရသည်။

အပြည့်အစုံ...>>

ရန်ကုန် ကုန်ဈေးနှုန်း

နာဂစ်မုန်တိုင်းအပြီးမှစတင်ကာ ခုန်ပျံတက်သွားသော စားသောက်ကုန်ဈေးနှုန်းများမှာ မုန်တိုင်းပြီးဆုံးသွားချိန်မှာ များစွာကြာမြင့်သွားပြီဖြစ်သော်လည်း ပြန်လည်ကျဆင်းခြင်းမရှိသေးပဲ တရွှေ့ရွှေ့နှင့် ပြန်တက်လာသည်မှာ မုန်တိုင်းပြီးစ ကုန်ဈေးနှုန်းများသို့ပင် ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံများမှဆိုသည်။ လတ်တလော ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးမှု့ဆိုရာတွင် “အခု ဆန်တစ်ပြည်ကို တစ်ထောင်ကျော်ပေးဝယ်ရနေပြီ။ ဒါက ရိုးရိုးစားလို့ဖြစ်တဲ့ဆန်ပါ။ ပေါ်ဆန်းမွှေးလို ဆန်မျိုးဆိုရင် (၁၆၀၀) ကနေ (၁၈၀၀) လောက်အထိရှိနေပြီ။ ပေါ်ကျွဲက (၁၃၀၀) ကနေ (၁၄၀၀) လောက်ရှိနေပါတယ်။ အခုရက်ပိုင်းမှာတော့ နာဂစ်ဆိုတဲ့ ဆန်တစ်မျိုး အသစ်ပေါ်လာတယ်။ သူက နည်းနည်းဝါတယ်။ မုန်တိုင်းမိ ရေစိုထားတဲ့ဆန်တွေပါ။ အဲ့ဒီဆန်ကတော့ တစ်ပြည်ကို (၈၀၀) ကနေ (၉၀၀) လောက်အထိရှိတယ်။ ဒီဆန်ကိုပဲ ကျွန်မတို့ အများသောအားဖြင့်စားရတယ်။ ဒီဆန်တွေက ချက်လိုက်ပြီးရင် ဒံပေါက်လိုအရောင်မျိုးတွေ ထွက်လာတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မညွတ်တော့ ကျွန်မတို့မသိဘူး။ ဈေးချိုတာကို ကျွန်မတို့ရွေးစားနေရတယ်။ အခုဟာက ရန်ကုန်မှာမိသားစုတစ်ခုအနေနဲ့ တစ်နေကို ဆန်ဆီအပါအ၀င် ဈေးဖိုးက တစ်ရက်ကို (၂၅၀၀) ကနေ (၃၀၀၀) အတွင်းမှာကုန်နေတယ်လေ။ သာမန်အစိုးရ၀န်ထမ်းတစ်ယောက်ရဲ့လစာက တစ်လမှ (၃၅၀၀၀) ကနေ (၅၀၀၀၀) အထိပဲရကြတာလေ။ ဈေးဖိုးကတစ်ရက်ကို သုံးထောင်ဆိုရင် တစ်လကို မိသားစုတစ်ခုရဲ့ စားသောက်ရေး ကုန်ကျစာရိတ်က (၉၀၀၀၀) နဲ့ (၁၀၀၀၀၀) ကြားထဲမှာရှိနေတယ်။ ဒါ အိမ်လခတို့ မီတာခတို့မပါသေးဘူး။ ဘတ်စကားခမပါသေးဘူးရှင့်။ ဒါကို အစိုးရ သူတို့ပေးထားတဲ့လစာတွေ တော်တော်များလှပြီလိုများ ထင်နေကြလားမသိဘူး။ ကြာရင် ၀န်ထမ်းတွေအနေနဲ့ အငတ်ဘေးတွေ့ရတော့မှာ။ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် လက်ပေးလက်ယူတွေ များလာတယ်။ နိုင့်ထက်စီးနှင်းမှုတွေများလာတယ်။ အာဏာအသုံးပြု ခေါင်းပုံဖြတ်မှုတွေများလာတယ်။” ဟု သူမ၏ ခံစားချက်များကို ပြောပြသည်။

ရန်ကုန်နက်မှ

အပြည့်အစုံ...>>

စစ်တပ်ကလူတွေထိုင်ခုံရွေ့

မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။၎င်းတို့နှစ်ဦးနေရာတွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့(ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအား အစားထိုးခန့်အပ်ခဲ့သည် ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောသည်။“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့သဘောပဲ၊ (နယက)ကောင်စီမှာ တော့ ဆက်ရှိနေမယ်၊ အရင် (ကစထ)မှူးတွေလည်း အနားယူတယ်ဆိုပေမဲ့ အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါတပ်မတော်အရာရှိတဦးက ပြောသည်။ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုးခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်အများအပြား အပြောင်းအလဲပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် မုံရွာခရိုင်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ်ရာပြည့်တို့ ပြောင်းလဲရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။“ဒါက တပ်တွင်းနေရာအပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာမဟုတ်ဘူး၊ အရင် (ကစထ)မှူးဟောင်းတွေ နားတယ် ဆိုပေမဲ့ နိုင်ငံတော်ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောသည်။တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူး များအဖြစ်အပြောင်းအလဲများရှိမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။ယခုအပြောင်းအလဲများနှင့်ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာအများအပြား အပြောင်းအရွှေ့များ ဖြစ်ပေါ်လာသည့်အတွက် ရှေ့အလားအလာကို ခန့်မှန်းရခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်းအချို့ အတွက် စဉ်းစားစရာဖြစ်နေသည်ဟု အဆိုပါစစ်ဘက်အရာရှိက ပြောဆိုသွားခဲ့သည်။
‘သိပ်တော့မသေခြာဘူး
ရန်ကုန်နက်ကရယူပါသည်။

အပြည့်အစုံ...>>

သတ်မတော်အစိုးရလက်ထက် တိုးတက်ပြောင်းလဲလာသော လူနေမှုအဆင့်အတန်း

အပြည့်အစုံ...>>

သတင်းအကျဉ်းပါ (၁၉၊၆၊၂၀၀၈)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ယနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့  အခမ်းအနားကို အကျဉ်းရုံးလုပ်တာဖြစ်ပေမယ့် ဘဲ ငှက်လွှတ်နေတဲ့အချိန်မှာ ကြံ့ ဖွတ်တွေရဲ့  ပထမ ဒိုင်နာကား ရောက်လာပြီး ၀င်ရိုက်တာဖြစ်ပါတယ်၊ နောက်ထပ် တစ်စီးထပ်ရောက်လာပြီး ဘာမှန်းမသိသော အထုပ်ကြီးတထုပ်အား အခမ်းအနားအား အပြင်မှ ရပ်ကြည့်နေကြသော လူအုပ်ကြားထဲ ပစ်ထည့်ပြီး လူတွေကို အလန့် တကြားဖြစ်စေကာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးနှောင့်ယှက်ခဲ့ပါတယ်။၎င်းအချိန်မှာ ကိုထွန်းမြင့်က ဗီဒီယိုကင်မရာကို ပစ်ချပြီးထားခဲ့ပေမယ့် ရိုးရိုး ကင်မရာ ပါသွားတယ် ပါတယ်။အဲဒီအချိန်မှာ အဘဦးအောင်ရွှေမှ ရောက်ရှိလာပြီး လုံထိန်းရဲအုပ်အား ခေါ်မေးရာ လုံထိန်းရဲအုပ်မှ လက်အုပ်ချီပြီး သူတို.့မသ်ကြောင်း၊ ဘယ်သူတွေ လာဖမ်းတယ်ဆိုတာမသိကြောင်း ဗြောင်ညာကာ အခမ်းအနားအား ပြန်လုပ်လို့ ရကြောင်း ပြောပါတယ်။ရဲတွေက လမ်းတွေ ပြန်ဖွင့်ပေးပြီးနောက်၊ အဘဦးအောင်ရွှေက စောစောက ဖမ်းသွားတဲ့ သူ (၄) ယောက်ကို ပြန်လွှတ်ပေးဖို.ပြောပေမယ့်  အခုအချိန်ထိ ဘယ်သူမှ ပြန်မလွတ်သေးကြောင်း သိရှိရပါတယ်။ရွှေဂုံတိုင်လမ်းကို ပိတ်ထားပါတယ်။ ရဲတွေ လုံထိန်းတွေက ပိတ်ထားပါတယ်။ ဘုရား အင်္ဂါထောင့်လက်ခြမ်းက လမ်းတွေကိုလည်း ပိတ်ဆို့ ထားပါတယ်။ကံဖွတ် တွေကိုတင်ထားတဲ့ ဒိုင်နာကားသုံးစီး၊၀ိုင်ယာလက်ကား ၃ စီးနဲ့ စစ်ကားတွေကလည်း ၀ိုင်းရံထားပါတယ်။အဖွဲ့ ချုပ်ဝင် တွေက ရုံးရှေ့ မှာစုရုံးရောက်ရှိလာပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျမ္မာပါစေဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးစတဲ့ကြွေးကြော်သံတွေကိုတခဲနက်တိုင်လိုက်ကြပါတယ်။ရုံးရှေ့ မှာရောက်နှင့်နေပြီးဖြစ်တဲ့ ကြံဖွတ်တွေက အဖွဲ့ ချုပ်ဝင်ရဲဘော်တွေကို ဒလကြမ်းရိုက်နှက်ဖမ်းဆီးလိုက်ပါတယ်။၁၉-၆-၀၈ ကြံ့ ဖွံ့  များ က nld အ ဖွဲ့  ၀င် များ အား မြေ နီ ဂုံး တွင် ၀ိုင်း ၀န်း ရိုက် နှက် နေ သည် ။ ယ ခု ၁၁း၃၀ နာ ရီ က ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ဝင်းနားမှ အစောင့်ရဲ နှစ်ဦးမှ လွဲပြီး အခြားမည်သူမှ မရှိပါ။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတယ်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းများထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် (ဗိုလ်ချူပ်အောင်ဆန်း၏ဖနီး) ရဲ့  အုတ်ဂူမှာလည်း နှင်းဆီအ၀ါရောင် အပွင့် (၆၄) ပွင့်ကို အမှတ်တရအဖြစ် ထားရှိခဲ့ပါတယ်။ယနေ့ မနက်က ရွှေတိဂုံဘုရားမှာ အန်အယ်ဒီအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ကိုမြင့်စိုးမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့  (၆၃) နှစ်ပြည့်ပြီး (၆၄) နှစ်ထဲဝင်တဲ့အထိမ်းအမှတ်အဖြစ် နှင်းဆီအ၀ါရောင် အပွင့် (၆၄) ပွင့်ကို ကပ်လှူပူဇော်ခဲ့ပါတယ်။ယနေ့  ဇွန်လ (၁၉) ရက်နေ့ တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက်မွေးနေ့ တွင် အန်တီစု အကျဉ်းစံဘ၀မှနေ အမြန်ဆုံး လွတ်မြောက်ပါစေ။
ရန်ကုန်လေဆိပ်မှာ မုန်တိုင်းဘေးကူညီရေးပစ္စည်းတွေကို လေယာဉ်တွေပေါ်ကနေ သိုလှောင်တဲ့နေရာတွေဆီ သယ်ယူလုပ်အားပေးကြဖို့ ဆိုပြီး၊ နအဖက ကရင်ပြည်နယ်မှ ကြံ့ ဖွတ်တွေကို တစ်နေ့  (၃) သောင်းပေးမယ်ဆိုပြီး ခေါ်ခိုင်းခဲ့တာ အခု ပိုက်ဆံလည်းမပေး နေရပ်ကိုလည်း ပြန်မပို့ ဘဲထားလို့  ကြံ့ ဖွတ်အချို့  မကျေမနပ် ဖြစ်နေကြပါတယ်။
မနေ့ ည (၁၀) နာရီခန့် က မုန်သုန်လေပြင်းတစ်ခု မော်လမြိုင်မြို့ က နအဖ စစ်အခြေစိုက်စခန်းတစ်ခုကို တိုက်ခတ်သွားပါတယ်။ သစ်ပင်များပြိုလဲပြီး အဆောက်အဦးအမိုးများလှန်သွားကာ လျှပ်စစ်မီးများ ပြတ်တောက်သွားပါတယ်။
နအဖစစ်တပ်မှ ဗိုလ်မှူးစိုးသိုက်အောင်နဲ့  ရှေ့ နေ မြင့်ဖုန်းတို့  က ချင်းပြည်နယ်မှ အသက် (၁၃) နဲ့  (၁၄) နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့်ခဲ့ပါတယ်။
နအဖအလိုမရှိ၊ အာဏာရှင်စနစ်ကျဆုံးပါစေ စာရွက်စာတမ်းများ ကပ်ကြ ဝေကြသော မြေသြဇာအဖွဲ့ ၏ ရဲရင့်သော လှုပ်ရှားမှုအား လေးစားပါတယ်။

ရန်ကုန်နက်မှဖေါ်ပြပါသည်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အဖွဲ့ချုပ်ရုံးတွင် ဆွမ်းကပ်လှူခွင့်မရ (ခေတ်ပြိုင်၊ ၁၉ ဇွန် ၂၀၀၈)

နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံနေရသည့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရည်စူး၍ သံဃာတော်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နေ့ဆွမ်းဆက်ကပ်ရန် အစီအစဉ်ကို အာဏာပိုင်များက ခွင့်မပြုသဖြင့် မလုပ်ဖြစ်တော့ကြောင်း အဖွဲ့ချုပ်မှ ပြောသည်။
“သံဃာတော်တွေကို မနက်ပိုင်းမှာ တန်းဆွမ်းလောင်းပြီးပါပြီ။ နေ့ဆွမ်းကပ်ဖို့ အဖွဲ့ချုပ်ရုံးမှာ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကြွရောက်မယ့်သံဃာတွေကို သက်ဆိုင်ရာတွေက လာတားတဲ့အတွက် သံဃာတွေ မကြွနိုင်ပါဘူး” ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ထို့ကြောင့် သံဃာတော်များအား ကျောင်းသို့ ဆွမ်းချိုင့်ပို့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားကို အဖွဲ့ချုပ်ဝင်များက ရုံးချုပ်တွင် ကျင်းပပြုလုပ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း၏ (၆၃) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် အ၀ါရောင် နှင်းဆီပန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးမှတဆင့် ရွှေတိဂုံဘုရားတွင် ကပ်လှူပူဇော်စေခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။ နိုင်ငံတကာမှ ကန့်ကွက်နေသည့်ကြားမှ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့်လတွင် နေအိမ်အကျယ်ချုပ်သက်တမ်း နောက်ထပ် (၁) နှစ် တိုးခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်ကို နေ့စဉ်စားစရာများ ၀ယ်ပေးနေသူဖြစ်သည့် အဖွဲ့ချုပ်အဖွဲ့ဝင်တဦး ဖြစ်သူ ကိုမြင့်စိုးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရွှေတိဂုံဘုရားတွင် နှင်းဆီဝါ (၆၄) ပွင့် ကပ်လှူခဲ့သည်ဟု အဖွဲ့ချုပ်သတင်းရပ်ကွက်ကို ကိုးကားဖော်ပြသည်။ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်လည်းဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူတွင်လည်း အ၀ါရောင် ဂန္ဓမာပန်း (၆၄) ပွင့် သွားထား ပေးခဲ့သည်ဟုလည်း သတင်းတွင်ပါရှိသည်။ ဒေါ်ခင်ကြည်၏အုတ်ဂူမှာ ရွှေတိဂုံဘုရား ခြေရင်းတွင် တည်ရှိသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မွေးနေ့ကို အင်းလျားကန်ဘေးရှိ နေအိမ်မှာပင် အေးအေး ချမ်းချမ်း နေထိုင်နေသည်ဟုလည်း အိမ်နီးနားချင်းတယောက်ကို ကိုးကား၍ အေပီသတင်းတွင် ဖော်ပြသည်။“အိမ်ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာမှု မတွေ့ရဘူး။ ခြံဝမှာလည်း ရဲနှစ်ယောက်ပဲ စောင့်နေတယ်။ တခြံလုံး ငြိမ်ဆိတ်နေတာပဲ။ သူ့ဆီကိုလာပြီး မွေးနေ့ဂုဏ်ပြုတဲ့ ဧည့်သည်လည်း မရှိဘူး။ အလှူ အတန်း ကန်တော့ခံမယ့် သံဃာတော်လည်း မတွေ့ရဘူး” ဟု အမည်မဖော်လိုသူ အိမ်နီးချင်း တယောက်က ပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် (၁၈) နှစ်ကြာကာလအတွင်း (၁၂) နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရသူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တပြည်လုံး အတိုင်းအတာအထိ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုဘဲ စစ်အစိုးရထိန်းချုပ်မှု အပြည့်ရှိနေသည့် “ဒီမိုကရေစီလမ်းပြမြေပုံ” အတိုင်းသာ အကောင်အထည်ဖော် လုပ်ဆောင်နေသည်။ ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက် မြို့၌လည်း မြန်မာနိုင်ငံသား (၆၃) ဦးအား ဒုလ္လဘရဟန်းခံပေးခြင်း၊ သွေးလှူဒါန်းခြင်းနှင့် အခြား ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးခြင်း၊ ဒေါ်စုမွေးနေ့အထိမ်းအမှတ် သက်ဆိုင်ရာဘာသာအလိုက် ၀တ်ပြုဆုတောင်းခြင်းများ၊ ဂုဏ်ပြုဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားများ ဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ အမျိုးသမီးထုလှုပ်ရှားမှုကော်မတီ (ထိုင်း-မြန်မာနယ်စပ်) အဖွဲ့နှင့် မဲဆောက်အခြေစိုက် လူမှုရေးအဖွဲ့အစည်းအသီးသီးတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

အပြည့်အစုံ...>>

ကယ်ဆယ်ရေးလုပ်သားများ ဆက်တိုက်အဖမ်းခံနေရ (ကိုသက် ဧရာဝတီ) | ဇွန် ၁၈၊ ၂၀၀၈

စစ်အစိုးရက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းမှုများကို ဆက်တိုက်ပြုလုပ်နေပြီး နောက်ဆုံးအဖမ်းခံရသူမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုတိုးကျော်လှိုင် ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကပြောဆိုလိုက်သည်။
အေအေပီပီ အဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “အခုရက်ပိုင်းမှာ ဖမ်းဆီးနေတာတွေ များပြီ။ အများအားဖြင့် မုန်တိုင်း ဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေလို့ သိရတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ မိသားစုတွေကို အကြောင်းကြားဖို့ လိုတယ်။ အခုလို လက်လွတ်စပယ် ဖမ်းဆီးနေတာကတော့ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက် တာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ကိုတိုးကျော်လှိုင်သည် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဘိုကလေးမြို့မှပြန်လာသည်မှာ ရက်ပိုင်းသာရှိသေးသည်ဟု ၎င်းနှင့် နီးစပ်သူတဦးက ပြောသည်။အာဏာပိုင်တို့က မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။ အတည်မပြုရသေးသည့် သတင်းများအရ ကိုတိုးကျော်လှိုင်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၃ ဦး အဖမ်းခံ ရသည်ဟုလည်း သိရသည်။
ကိုတိုးကျော်လှိုင်သည် အောင်မြင်သည့် အင်္ဂလိပ်စာပြ လူငယ်ကျူရှင်ဆရာတဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦး လည်း ဖြစ်သည်။ သံဃာတော်များ သပိတ်မှောက် ကံဆောင်ခဲ့သည့် စက်တင်ဘာ အရေးအခင်းပြီးနောက် အာဏာပိုင်တို့၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသူတဦးလည်း ဖြစ်သည်။
အေအေပီပီအဖွဲ့က ရရှိသည့်စာရင်းအရ ကိုတိုးကျော်လှိုင်အပါအ၀င် ယခုရက်ပိုင်းအတွင်း အဖမ်းခံရသူ ၁၀ ဦး ကျော်ပြီဖြစ် ကြောင်း သိရသည်။အေအေပီပီက ရရှိထားသည့် အဖမ်းခံရသူများစာရင်းမှာ လူရွှင်တော် ဇာဂနာ၊ အားကစားအယ်ဒီတာ ဇော်သက်ထွေး၊ မအိမ့်ခိုင်ဦး၊ ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်း (ခ) ဆည်းဆာ၊ မတင်တင်ချို၊ ကိုဇော်၊ ကိုတင်မောင်ဦး၊ မနှင်းပွင့်ဝေ၊ ကိုလင်းထက်နိုင်၊ ကိုရဲတံခွန်၊ မနီမိုလှိုင်နှင့် ကိုတိုးကျော်လှိုင်တို့ ဖြစ်ကြသည်။

အပြည့်အစုံ...>>

မုန်တိုင်းသင့် လပွတ္တာတွင် လေဆင်နှာမောင်း ဝင်တိုက်ပြန် (၁၇၊၆၊ ၂၀၀၈)

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကျေးရွာအချို့တွင် ယမန်နေ့က လေဆင်နှာမောင်းတခု တိုက်ခတ်သွားသဖြင့် နေအိမ်အချို့နှင့် ဒုက္ခသည် စခန်းတခု၌ အပျက်အစီးများ ဖြစ်ပွားခဲ့သည်။ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ကျောက်မော်၊ ကျောက်ဖြူ၊ လေးအိမ်တန်း ကျေးရွာနှင့် ဒုက္ခသည် စခန်းတခုတွင် မွှေနှောက် တိုက်ခတ်သွားသော လေဆင်နှာမောင်းကြောင့် အနည်းဆုံး နေအိမ် ၆ လုံးနှင့် ဒုက္ခသည်စခန်းရှိ တဲအချို့ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။“မနက် ၁ဝ နာရီလောက်မှာ လေတအားတိုက်တယ်။ ညနေပိုင်းမှာ မိုးတအားရွာတယ်။ လေဆင်နှာမောင်းက ဒီကနေ ၄ မိုင်၊ ၅ မိုင်လောက် အကွာက ကျောက်မော်၊ ကျောက်ဖြူဆိုတာ ရှိတယ်လေ။ ကျောက်မော်က အိမ် ၆ လုံး ပါသွားတယ်တဲ့။ လေးအိမ်တန်းက အိမ်တွေ ပျက်တယ်။ ၅ မိုင် ဒုက္ခသည်စခန်း ခေါင်မိုးတွေ လန်သွားတယ်။ တချို့ တဲတွေ လန်သွားတယ်” ဟု လပွတ္တာ ဒေသခံတဦးက ပြောသည်။ကျောက်မော်သည် အိမ်ခြေ ၅၃၉ ရှိပြီး နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က သေဆုံးသူ ၁၅ ဦးရှိကြောင်း နအဖ စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့ သော ကျေးရွာ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။လေဆင်နှာမောင်းငယ်သည် ၁၅ မိနစ်ခန့် အကြာတွင် အားပျော့သွားသည်။ယမန်နေ့ မွန်းတည့်ချိန်တွင် မိုးလေဝသနှင့် ဇလဗေဒက ကပ္ပလီ ပင်လယ်အော်နှင့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုန်လေ အားကောင်း နေပြီး မွန်ပြည်နယ်တွင် နေရာအနှံ့ မိုးကြီးနိုင်သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။မိုးလေဝသနှင့် ဇလဗေဒမှ တာဝန်ရှိသူတဦးက မြန်မာ့ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ မကြာခဏ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်မြေပြင်လေသည် တနာရီလျှင် ၄၅ မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်ကြောင်း ပြောသည်။သူက “မုတ်သုန်လေ အားကောင်းမယ်။ ပယ်လယ် ကမ်းရိုးတန်းတလျှောက် မိုးကြီးမယ်။ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်၊ အထက် မြန်မာပြည်မှာ မိုးကြီးမယ်၊ နေရာအနှံ့အပြား။ ကယား၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေရာ ကွက်ပြီး မိုးကြီးနိုင်တယ်။ ရာခိုင်နှုန်း ၈ဝ ။ နောက်နှစ်ရက်အတွက် မုတ်သုန်လေ အားကောင်းမယ်။ အခုဟာက မုတ်သုန်လေပဲလေ။ မုန်တိုင်းတော့ မဟုတ်ဘူး” ဟု ပြောသည်။ကမ္ဘာကြီး ပူနွေးလာမှုများ ဖြစ်ပေါ်လာပြီး ကမ္ဘာ့လေ လမ်းကြောင်းများ ပြောင်းလဲမှုကြောင့် ဘင်္ဂလား ပယ်လယ်အော် (Bay of Bengal) အတွင်း ၌ မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့ပါက ဧရာဝတီတိုင်းသို့ ထပ်မံ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနနှင့် ADPC (Asian Disaster Preparedness Center) တို့မှ ပညာရှင်များက ဇွန်လ ၅ ရက်နေ့ နေပြည်တော် ပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေး၌ ကျင်းပ သော တတိယအကြိမ် မုန်သုန်ဖိုရမ် ၂ဝဝ၈ ဆွေးနွေးပွဲတွင် သုံးသပ် ပြောကြားခဲ့ကြောင်း ရန်ကုန်အခြေစိုက် The Voice ဂျာနယ်တွင် ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။ယခုလ ၁၆ ရက်မှ ၁၈ ရက်နေ့အတွင်း မြစ်ရေ လျှံတက်နိုင်သည် ဆိုသော ကောလာဟလ သတင်းများ ပေါ်ထွက်နေသဖြင့် ရန်ကုန်တွင် အခြေခံ စားကုန်များဖြစ်သော ဆန်၊ ဆီ၊ ကော်ဖီနှင့် ကုန်ခြောက်အချို့ အနည်းငယ် ဈေးတက်သွားသည်။မရမ်းကုန်းရှိ ဘုရင့်နောင်ပွဲရုံ ပိုင်ရှင်က “တချို့ ငါးသေတ္တာတွေဆို ပစ္စည်းပြတ်သလောက် ဖြစ်သွားတယ်” ဟု ဆိုသည်။တာမွေရှိ မင်္ဂလာဈေးမှ ကုန်သည်တဦးကလည်း ဆန်ဈေးနှုန်း အနည်းငယ်သာ တက်သွားပြီး ဝယ်ယူမှုမှာ ထင်သလောက် များပြားခြင်း မရှိကြောင်း ပြောသည်။Copy-ဖနိဒါ

အပြည့်အစုံ...>>

လပွတ္တာတွင် ၀မ်းဖောဝမ်းရောင်ရောဂါ စိုးရိမ်ရ ခေတ်ပြိုင်-ကျော်ထင်/ ၁၃ ဇွန် ၂၀၀၈

မုန်တိုင်းအပြီး (၁၀) ရက်ကျော်လောက်မှစ၍ ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် ၀မ်းဖော ၀မ်းရောင် ရောဂါဖြစ်ပွားမှု စတင်ခဲ့ပြီး ယခုထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။အာဏာပိုင်များနှင့် မပတ်သက်သည့် အထွေထွေကုဆရာဝန်များ စုပေါင်းပြီး ဝေဒနာသည်များကို နေ့စဉ်လက်ခံကုသနေကြကြောင်း လပွတ္တာမြို့မှ ဒေါက်တာအေးကြူက ပြောသည်။၎င်းက “လူသေအလောင်းတွေကြောင့်ပဲ ယင်ကောင်တွေများသလား၊ အခု လူသေအလောင်း တွေကလည်း တော်တော်ပျော့သွားပြီ။ နံတာစော်တာက ကျွဲနွားတွေသေတာတွေက နံတယ်၊ ပိုပြီးတော့ ယင်ကောင်တွေ များတယ်၊ အဲဒီကြောင့်ဖြစ်လိမ့်မယ်။ တခါမှ မတွေ့ဖူးတဲ့ ယင်ကောင် အကြီးကြီးတွေ တွေ့ရတယ်၊ တွေ့ပြီးတော့ ၀မ်းဖောဝမ်းပျက်သဘောမျိုးပေါ့နော်၊ ၀မ်းရောဂါ အဆင့်တော့ မဟုတ်ဘူး။ ကျနော့်ဆေးခန်းကို ၀မ်းဖောဝမ်းပျက်ဖြစ်နေသူတွေ တနေ့ (၅) ယောက်အထက် လာကြတယ်” ဟု ပြောသည်။မြို့နေရာအနှံ့ ပိုးသတ်ဆေးဖြန်းနိုင်ရေးအတွက် လိုအပ်သည့် အချက်လက်များကို လပွတ္တာမြို့ အထွေထွေကုဆရာဝန်များအဖွဲ့က ဒေသဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သို့ ယမန်နေ့က ပေးပို့ထားပြီး ကူညီပံ့ပိုးမှုရမှ ဆေးဖြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆေးဝါးကုသမှုများနှင့် ပတ်သက်ပြီး ဒေါက်တာအေးကြူက “တို့ အထွေထွေကုဆရာဝန်တွေက အခမဲ့ ဆေးခန်းတွေနဲ့ သရက်တောကျောင်းမှာ (၁၂) နာရီကနေ ညနေ (၃) နာရီအထိ ကုသ ပေးနေကြတယ်။ ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားတဲ့ ဆရာဝန်တွေက ကုပေးရင်းနဲ့ ၀မ်းအတွက်ကို စိုးရိမ်လာကြလို့ ဆွေးနွေးကြတော့ အရေးကြီးတာက ဆေးဖြန်းဖို့လေ။ တော်တော်များများ ဒီရောဂါဖြစ်နေကြတယ်၊ တောက တက်လာတဲ့ ဒုက္ခသည်တွေတင်မကဘူး မြို့ပေါ်က လူတွေပါ ဖြစ်နေတယ်” ဟု ပြောသည်။မြို့နယ်တွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများအကြားတွင်လည်း အဆိုပါရောဂါ ဖြစ်ပွားလျက်ရှိပြီး အခမဲ့ဆေးခန်းများသို့ ရောက်ရှိလာသော အခြေအနေ ဆိုးဝါးသူများကို လပွတ္တာမြို့ဆေးရုံကြီးသို့ လွှဲပြောင်းပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများကို စစ်အစိုး ရက ကန့်သတ်မှုများစွာနှင့် လက်ခံနေသောကြောင့် နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ ရှိနေသည်။

အပြည့်အစုံ...>>

နိုင်ငံခြားမြန်မာသံတမန်များ၏ နိုင်ငံကူးလက်မှတ်များ အသိမ်းခံရ NEJ/ ၁၀ ဇွန် ၂၀၀၈

လန်ဒန်မြန်မာသံရုံး သံတမန်တဦး ထွက်ပြေးပြီးနောက်ပိုင်း နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊ ၀န်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သံအမတ်ကြီးများက သိမ်းထားသည်ဟု ခိုင်လုံသည့် သံတမန် သတင်းရပ်ကွက်က ပြောသည်။နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊ ၀န်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သိမ်းထားရန် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင်စာဖြင့် ညွှန်ကြားချက် မရှိသော်လည်း နှုတ်မိန့်အရ ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်များကို သိမ်းထားခြင်းဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။မြန်မာသံရုံးဝန်ထမ်းများ ထွက်ပြေးမှုများလာပြီးနောက်ပိုင်း အလားတူ ထွက်ပြေးမှုများကို ကာကွယ်သည့်အနေဖြင့် နိုင်ငံကူးလက်မှတ်များကို ယာယီ သိမ်းထားခြင်းဖြစ်သည်ဟု လန်ဒန် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ မြန်မာသံတမန်များအပေါ် သံအမတ်ကြီးများ ပြုမူပုံမှာ မလေးရှားတွင် လာအလုပ်လုပ်သည့် မြန်မာအလုပ်ကြမ်းသမားများ၏ နိုင်ငံကူးလက်မှတ်ကို အလုပ်ရှင်က သိမ်းထားသည့် ပုံစံမျိုးဖြစ်နေ၍ သံရုံးဝန်ထမ်း အများစုက မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။လန်ဒန်မြန်မာသံရုံးမှ ရုံးအုပ်ကြီး ဒေါ်နွယ်နီ ထွက်မပြေးခင် လပိုင်းအတွင်း ဒုတိယအတွင်းဝန် ဦးရဲမင်းထွန်း လန်ဒန်မြန်မာသံရုံးမှ ထွက်ပြေးခဲ့သည်။ ဒုတိယ အတွင်းဝန် ဦးရဲမင်းထွန်းနှင့် မရှေးမနှောင်းမှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးရဲထွဋ်လည်း မြန်မာသံရုံးမှ ထွက်ပြေးခဲ့သည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။၁၉၉၀ ခုနှစ်များ နှောင်းပိုင်းတွင် ဂျာမနီ မြန်မာသံရုံးမှ ဦးဇင်မောင်မောင် ထွက်ပြေးပြီးနောက်ပိုင်း ဂျာမနီ မြန်မာသံအမတ်ကို အရေးယူ ရာထူးမှ ဖြုတ်ပစ်သကဲ့သို့ သံရုံးဝန်ထမ်း အတော်များများ ကိုလည်း အပြောင်းအရွှေ့ လုပ်ခဲ့သည်။နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် လက်ထက်ထိ သံရုံးထွက်ပြေးမှုများနှင့် ပတ်သက်၍ သံအမတ်ကြီးများကို အရေးယူခဲ့သည်။ သို့သော် လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း လက်ထက် သံရုံးပြေးကိစ္စများအတွက် သက်ဆိုင်ရာ သံအမတ်များကို သီးခြား အရေးမယူဘဲ နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊ ၀န်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သံအမတ်ကြီး များက ယခုကဲ့သို့ သိမ်းထားခြင်းဖြစ်သည်။

အပြည့်အစုံ...>>