လပွတ္တာတွင် ၀မ်းဖောဝမ်းရောင်ရောဂါ စိုးရိမ်ရ ခေတ်ပြိုင်-ကျော်ထင်/ ၁၃ ဇွန် ၂၀၀၈

မုန်တိုင်းအပြီး (၁၀) ရက်ကျော်လောက်မှစ၍ ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် ၀မ်းဖော ၀မ်းရောင် ရောဂါဖြစ်ပွားမှု စတင်ခဲ့ပြီး ယခုထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။အာဏာပိုင်များနှင့် မပတ်သက်သည့် အထွေထွေကုဆရာဝန်များ စုပေါင်းပြီး ဝေဒနာသည်များကို နေ့စဉ်လက်ခံကုသနေကြကြောင်း လပွတ္တာမြို့မှ ဒေါက်တာအေးကြူက ပြောသည်။၎င်းက “လူသေအလောင်းတွေကြောင့်ပဲ ယင်ကောင်တွေများသလား၊ အခု လူသေအလောင်း တွေကလည်း တော်တော်ပျော့သွားပြီ။ နံတာစော်တာက ကျွဲနွားတွေသေတာတွေက နံတယ်၊ ပိုပြီးတော့ ယင်ကောင်တွေ များတယ်၊ အဲဒီကြောင့်ဖြစ်လိမ့်မယ်။ တခါမှ မတွေ့ဖူးတဲ့ ယင်ကောင် အကြီးကြီးတွေ တွေ့ရတယ်၊ တွေ့ပြီးတော့ ၀မ်းဖောဝမ်းပျက်သဘောမျိုးပေါ့နော်၊ ၀မ်းရောဂါ အဆင့်တော့ မဟုတ်ဘူး။ ကျနော့်ဆေးခန်းကို ၀မ်းဖောဝမ်းပျက်ဖြစ်နေသူတွေ တနေ့ (၅) ယောက်အထက် လာကြတယ်” ဟု ပြောသည်။မြို့နေရာအနှံ့ ပိုးသတ်ဆေးဖြန်းနိုင်ရေးအတွက် လိုအပ်သည့် အချက်လက်များကို လပွတ္တာမြို့ အထွေထွေကုဆရာဝန်များအဖွဲ့က ဒေသဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သို့ ယမန်နေ့က ပေးပို့ထားပြီး ကူညီပံ့ပိုးမှုရမှ ဆေးဖြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆေးဝါးကုသမှုများနှင့် ပတ်သက်ပြီး ဒေါက်တာအေးကြူက “တို့ အထွေထွေကုဆရာဝန်တွေက အခမဲ့ ဆေးခန်းတွေနဲ့ သရက်တောကျောင်းမှာ (၁၂) နာရီကနေ ညနေ (၃) နာရီအထိ ကုသ ပေးနေကြတယ်။ ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားတဲ့ ဆရာဝန်တွေက ကုပေးရင်းနဲ့ ၀မ်းအတွက်ကို စိုးရိမ်လာကြလို့ ဆွေးနွေးကြတော့ အရေးကြီးတာက ဆေးဖြန်းဖို့လေ။ တော်တော်များများ ဒီရောဂါဖြစ်နေကြတယ်၊ တောက တက်လာတဲ့ ဒုက္ခသည်တွေတင်မကဘူး မြို့ပေါ်က လူတွေပါ ဖြစ်နေတယ်” ဟု ပြောသည်။မြို့နယ်တွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများအကြားတွင်လည်း အဆိုပါရောဂါ ဖြစ်ပွားလျက်ရှိပြီး အခမဲ့ဆေးခန်းများသို့ ရောက်ရှိလာသော အခြေအနေ ဆိုးဝါးသူများကို လပွတ္တာမြို့ဆေးရုံကြီးသို့ လွှဲပြောင်းပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများကို စစ်အစိုး ရက ကန့်သတ်မှုများစွာနှင့် လက်ခံနေသောကြောင့် နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ ရှိနေသည်။

Comments :

0 comments to “လပွတ္တာတွင် ၀မ်းဖောဝမ်းရောင်ရောဂါ စိုးရိမ်ရ ခေတ်ပြိုင်-ကျော်ထင်/ ၁၃ ဇွန် ၂၀၀၈”