ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ

၁၀ ရက် အောက်တိုဘာ ၂၀၀၉။ ရိုးမ ၃

စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ဝသဖ) ဒေသကို ထိုးစစ်ဆင်ရန် နယ်မြေဒေသ အတွေ့ကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြင့် ပြင်ဆင်နေလျက်ရှိသည်။ မိုင်းလား၊ ပန်ဆန်းဒေသများကို ထိုးစစ်ဆင်ရန် တမခ (၉၉) နှင့် ရမခ လက်အောက်ခံတပ်များကို စနစ်တကျ ပြင်နေပြီဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။
“တမခ (၉၉) နဲ့ အရင် အဲဒီဒေသဘက်တွေကို ထိုးစစ်ဆင်ဖူးတဲ့ တပ်တွေပါမယ်။ လောလောဆယ် အဲဒီတပ်တွေကို မွန်းမံ သင်တန်းတွေ လုပ်နေတယ်” ဟု ပြောသည်။ယင်းစစ်ဆင်ရေးအတွက် မိတ္ထီလာအမြောက်တပ်ရင်းများလည်း အသင့်အနေအထား ပြင်ဆင်ထားပြီး (ဝသဖ) နှင့် ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့များအနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်များ မပယ်ဖျက်ပါက တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိက ဆက်ပြောသည်။“တရုတ်ရဲ့ နောက်ခံရှိနေတာကိုလည်း သိတယ်။ ဒါကြောင့် လုပ်ရကိုင်တွယ်ရ နည်းနည်းခက်နေတယ်။ တရုတ်နဲ့ ဆက်ဆံရေးက မရှိမဖြစ်လိုအပ်နေတော့ ဘယ်တော့ စစ်ဆင်ရေးစရမယ်ဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းရခက်နေတုန်းပဲ။ ဒါပေမဲ့ တပ်တွေအားလုံးကတော့ အသင့်အနေအထားပဲ” ဟု ပြောသည်။ယခုစစ်ဆင်ရေးတွင် ပါဝင်မည့် အမှတ် (၉၉) တပ်မဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းများမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုက်ပွဲများအတွင်း အတွေ့အကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။မြန်မာပြည်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအထဲတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် စစ်အင်အား နှစ်သောင်းခွဲမှ သုံးသောင်းအကျော်ထိရှိပြီး လက်နက်ကိုင် ပြည်သူ့စစ်အင်းအား လေးသောင်းခန့်ရှိသည့် အင်အားတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

အပြည့်အစုံ...>>

မိုက္ကရိုဆော့ ဟော့(ထ်)မေးလ် သုံးစွဲသူတို့၏ Password များ အမြန်ပြောင်းလဲရန် တိုက်တွန်း

၇ ရက် အောက်တိုဘာ ၂၀၀၉။ လူထုအသံ
Microsoft ၏ Hotmail စံနစ်ကို အသုံးပြု နေသူ (၂၁)သန်း ကျော်အား ၎င်းတို့၏ Password များကို အမြန်ဆုံး ပြောင်းလဲရန် ဗြိတိန် ရဲတပ်ဖွဲ့ က တိုက်တွန်း လိုက်သည်။
Microsoft ၏ နာမည်ကျော် Mail စံနစ်တွင် လုံခြုံရေး ယိုပေါက် တခုကို ရှာဖွေ တွေ့ရှိပြီးနောက် ယခုလို ဆော်ဩခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Hacker များက ဖောက်ထွင်း ရယူသွားပြီး အောက်တိုဘာ (၁)ရက် နေ့က အဆိုပါ လူစာရင်းကို pastebin.com တွင် အမည်မသိသူ တဦးက ဖော်ပြ သွားခဲ့သည်။
ယခု အခြေအနေသည် ဆိုင်ဘာ လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်စရာ ဖြစ်လာရပြီး အချက်အလက် ခိုးယူမှုများ ဖြစ်ပေါ်လာမည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခဲ့သည်။ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က လူတိုင်းအနေနှင့် စီးပွားရေး၊ အခြားကိုယ်ရေး အချက်အလက် များကို တတ်နိုင်သမျှ Hotmail တွင် လက်တလော အသုံးမပြုရန်နှင့် Password များကို ပြောင်းပစ်ရန် အကြံပေးလိုကြောင်း ပြောဆိုသွားခဲ့သည်။
ထို လုံခြုံရေး ဟာကွက်နှင့် ပတ်သက်ပြီး နည်းပညာ Blog ဖြစ်သည့် Neowin.net က ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ယခုအခါ ဥရောပရှိ လူ(၁၀၀၀၀)ကျော် တို့၏ အချက်အလက်များ ခိုးယူ ခံထားရပြီး ဖြစ်နိုင်ကြောင်း ယူဆထားသည်။
Microsoft ကမူ ၎င်းတို့သည် Hotmail ၏ လိုအပ်ချက် မှန်သမျှကို သတိပြု ဖြေရှင်းပေးလျှက် ရှိကြောင်း မယုတ်မလွန် ပြောဆို သွားခဲ့သည်။

အပြည့်အစုံ...>>

ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ

၆ ရက် အောက်တိုဘာ ၂၀၀၉။ ခေတ်ပြိုင်
နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။
ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန်အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။
“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်းတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေးဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။
ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာဝစ္စကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက်ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။
ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်းသုံးနေသည်။ ဖမ်းဆီးထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာနကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီးထားသော သံဃာတော်အချို့ ရှိနေသည်ဟုလည်း သိရသည်။
၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန်အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာနကျောင်းဆောင်၌ ဦးစွာစစ်ဆေးလေ့ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။
ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပခရီးထွက်ခွာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။
တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။
နယ်စပ်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်သတင်းများ ထွက်ပေါ်အပြီး သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေးခွင့်ပြုချက် လက်မှတ်ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။ယခုအခါ ပြည်ပသာသနာပြုခရီးအတွက် ပြည်ပထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ်ကြာသည့်တိုင် ခွင့်ပြုချက်မချသေးကြောင်း ပြည်တွင်းမှ ဆရာတော်တပါးက မိန့်သည်။

အပြည့်အစုံ...>>