၁၀ ရက် အောက်တိုဘာ ၂၀၀၉။ ရိုးမ ၃

နည်းပညာသည် လူသားတိုင်းအတွက်ဖြစ်သည်။
၁၀ ရက် အောက်တိုဘာ ၂၀၀၉။ ရိုးမ ၃
၇ ရက် အောက်တိုဘာ ၂၀၀၉။ လူထုအသံ
Microsoft ၏ Hotmail စံနစ်ကို အသုံးပြု နေသူ (၂၁)သန်း ကျော်အား ၎င်းတို့၏ Password များကို အမြန်ဆုံး ပြောင်းလဲရန် ဗြိတိန် ရဲတပ်ဖွဲ့ က တိုက်တွန်း လိုက်သည်။
Microsoft ၏ နာမည်ကျော် Mail စံနစ်တွင် လုံခြုံရေး ယိုပေါက် တခုကို ရှာဖွေ တွေ့ရှိပြီးနောက် ယခုလို ဆော်ဩခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Hacker များက ဖောက်ထွင်း ရယူသွားပြီး အောက်တိုဘာ (၁)ရက် နေ့က အဆိုပါ လူစာရင်းကို pastebin.com တွင် အမည်မသိသူ တဦးက ဖော်ပြ သွားခဲ့သည်။
ယခု အခြေအနေသည် ဆိုင်ဘာ လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်စရာ ဖြစ်လာရပြီး အချက်အလက် ခိုးယူမှုများ ဖြစ်ပေါ်လာမည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခဲ့သည်။ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က လူတိုင်းအနေနှင့် စီးပွားရေး၊ အခြားကိုယ်ရေး အချက်အလက် များကို တတ်နိုင်သမျှ Hotmail တွင် လက်တလော အသုံးမပြုရန်နှင့် Password များကို ပြောင်းပစ်ရန် အကြံပေးလိုကြောင်း ပြောဆိုသွားခဲ့သည်။
ထို လုံခြုံရေး ဟာကွက်နှင့် ပတ်သက်ပြီး နည်းပညာ Blog ဖြစ်သည့် Neowin.net က ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ယခုအခါ ဥရောပရှိ လူ(၁၀၀၀၀)ကျော် တို့၏ အချက်အလက်များ ခိုးယူ ခံထားရပြီး ဖြစ်နိုင်ကြောင်း ယူဆထားသည်။
Microsoft ကမူ ၎င်းတို့သည် Hotmail ၏ လိုအပ်ချက် မှန်သမျှကို သတိပြု ဖြေရှင်းပေးလျှက် ရှိကြောင်း မယုတ်မလွန် ပြောဆို သွားခဲ့သည်။
၆ ရက် အောက်တိုဘာ ၂၀၀၉။ ခေတ်ပြိုင်
နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။
ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန်အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။
“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်းတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေးဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။
ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာဝစ္စကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက်ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။
ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်းသုံးနေသည်။ ဖမ်းဆီးထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာနကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီးထားသော သံဃာတော်အချို့ ရှိနေသည်ဟုလည်း သိရသည်။
၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန်အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာနကျောင်းဆောင်၌ ဦးစွာစစ်ဆေးလေ့ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။
ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပခရီးထွက်ခွာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။
တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။
နယ်စပ်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်သတင်းများ ထွက်ပေါ်အပြီး သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေးခွင့်ပြုချက် လက်မှတ်ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။ယခုအခါ ပြည်ပသာသနာပြုခရီးအတွက် ပြည်ပထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ်ကြာသည့်တိုင် ခွင့်ပြုချက်မချသေးကြောင်း ပြည်တွင်းမှ ဆရာတော်တပါးက မိန့်သည်။
၂၄ ရက် စက်တင်ဘာ ၂၀၀၉။ ခေတ်ပြိုင်
လာမည့်အောက်တိုဘာ (၃) ရက်၊ သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုရာတွင် သံဃာ့နာယကဆရာတော်ကြီးများလည်း ပါဝင်ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။
“အဲဒါကတော့ ၀ိနည်းဥပဒေကံနဲ့အညီ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေမှာလည်း တာဝန်ရှိတယ်။ သူတို့လည်း သံဃာတပါးဖြစ်တယ်။ သူတို့က ပစ္စည်းလာဘ်လာဘကို မကြည့်ဘဲနဲ့ မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကိုပဲ ကြည့်မယ်ဆိုရင် သူတို့ ကြိမ်းသေမုချလုပ်ရမှာပဲ။ အဲဒါကို သူတို့ကိုယ်တိုင်က ဆန့်ကျင်ပြီးတော့ အစိုးရဘက်လိုက်မယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို ချိုးဖောက်သောသူဖြစ်တယ်ပေါ့။ ဒါကတော့ ၀ိနည်းဥပဒေကို လေးစားမှု ရှိမရှိနဲ့၊ လိုက်နာမှုရှိမရှိ စံချိန်နဲ့ သတ်မှတ်ရမှာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နအဖအနေဖြင့် ဖမ်းဆီးထားသည့်သံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများအား ၀န်ချတောင်းပန်ရန် တောင်းဆိုထားပြီး ယင်းသို့မလုပ်ဆောင်ပါက လာမည့် အောက်တိုဘာ (၃) ရက်တွင် နိုင်ငံတ၀န်းရှိ သံဃာတော်အားလုံး သပိတ်မှောက်ကံဆောင်ရန် နှိုးဆော်ထားသည်။ ယင်းသို့ ကံဆောင်ရာတွင် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများလည်း သပိတ်မှောက်ကံဆောင်ပေးကြရန် စက်တင်ဘာ (၁၇) ရက်နေ့တွင် ထပ်မံလျှောက်ထားခဲ့သည်။
“ဦးဇင်းတို့ကတော့ ဆရာတော်တွေ တညီတညွတ်တည်းနဲ့ တာဝန်အရှိဆုံးဆိုပြီးတော့ လျှောက်တာပေါ့လေ။ တကယ်လုပ်ပေးဖို့ကတော့ ဆရာတော်တွေ သူတို့တာဝန်ကျေပွန်စွာနဲ့ ထမ်းဆောင်၏၊ မထမ်းဆောင်၏ဆိုတာတော့ ကျိန်းသေပြောလို့မရဘူးပေါ့။ တချို့ဆရာတော်ကြီးတွေကတော့ ထမ်းဆောင်ကြမယ်လို့ စကားအဖြစ်ရထားတာတွေတော့ ရှိတယ်ပေါ့” ဟု အရှင်ဣဿရိယက မိန့်ဆိုသည်။
ပတ္တနိက္ကုဇ္ဇနကံဆောင်မှု ပြုလုပ်သည်ဆိုရာတွင် တတိုင်းပြည်လုံးမှ ကျောင်းများအားလုံး၊ သံဃာတော်များအားလုံး တပြိုင်နက်တည်း သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်ခြင်းမဟုတ်ဘဲ သိမ်တခု ကျောင်းတကျောင်းကျောင်းမှ သံဃာများက ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်လိုက်သည်ကို ကျန်သံဃာများက အသိအမှတ်ပြုလိုက်ပါက အထမြောက်သည်ဟု အရှင်ဣဿရိယက ရှင်းလင်းမိန့်ဆိုသည်။
၎င်းက “တတိုင်းပြည်လုံးက သံဃာတော်တွေအကုန်လုံးက လိုက်ပြီးတော့မှ သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်တာမဟုတ်ဘူး။ သိမ်ထဲမှာ သံဃာ (၄) ပါးနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်လိုက်ပြီဆိုရင်ကို ကျန်တဲ့သံဃာတွေက သပိတ်မှောက်ကံဆောင်တာကို အသိအမှတ်ပြုလိုက်ရင် အထမြောက်သွားတယ်။ သံဃာလုပ်တဲ့ကံဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ကျန်သံဃာတွေက လိုက်နာရတယ်။ သံဃာ (၄) ပါးဆိုရင် သံဃာ့ကံဖြစ်သွားတယ်။ အကုန်လုံးက ဒီကံကို လေးစားလိုက်နာရတယ်။ ဒါကြောင့် မဖြစ်မနေ အဲလိုလုပ်ပြီးသွားလို့ မလိုက်နာရင် မြတ်စွာဘုရားရဲ့ဝိနည်းတော်ကို ချိုးဖောက်တဲ့အတွက်ကြောင့် အဲဒီမလိုက်နာတဲ့သံဃာက အပြစ်ရှိသွားတယ်” ဟု မိန့်ဆိုသည်။
နအဖစစ်အစိုးရက သံဃာတော်အပါး (၂၄၀) နှင့် သီလရှင် (၁၀) ပါးတို့အား အကျဉ်းထောင်ထဲတွင် ဖမ်းဆီးအကျဉ်းချထားပြီး ယခုလည်း သံဃာတော်များအား ဆက်လက် ဖမ်းဆီးမှုများရှိနေကြောင်း၊ အချို့သံဃာတော်များမှာ ကျောင်းတိုက်တွင်မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရပြီး လူဝတ်လဲကုန်ကြရသည်များ ရှိသဖြင့် သာသနာတော်ပျက်စီးဆုတ်ယုတ်လာသည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း သံဃာ့တပ်ပေါင်းစုအဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် သာသနာတော်တွင် အန္တရာယ်ကြုံတွေ့လာပါက မြတ်စွာဘုရားချမှတ်ထားသည့် ၀ိနည်းဒေသနာတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် တားမြစ်ပိတ်ပင် ကာကွယ်ရမည်ဖြစ်သဖြင့် သပိတ်မှောက်ပွဲကို သာသနာတော်တွင် တာဝန်အရှိဆုံး ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်ပါဝင်ကြရန် လျှောက်ထားတိုက်တွန်းထားသည်။
၁၆ ရက် စက်တင်ဘာ ၂၀၀၉။ ခေတ်ပြိုင်
ရန်ကုန်တိုင်းရဲမှူး ရဲမှူးကြီးဝင်းနိုင်နေရာတွင် ရဲမှူးကြီးအောင်နိုင်သူ တာဝန်ယူပြီးနောက် တိုင်းအတွင်း တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ယူမှုပုံစံ ပြောင်းလဲလာကြောင်း ပုံမှန် ဆက်ကြေးပေးနေရသူများက ပြောသည်။
ဗဟန်းမြို့နယ်မှ ဘောလုံးပွဲ လောင်းကစားဒိုင်တဦးက ၎င်းအနေဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကို နဂိုက တလကျပ် (၂) သိန်းပေးနေရရာမှ ယခုရဲမှူးကြီးအသစ်ပြောင်းလာပြီးနောက် ကျပ် (၃) သိန်း တောင်းခံလာကြောင်း ပြောသည်။
ဒဂုံမြို့နယ်၌ အနှိပ်ခန်းဖွင့်လှစ်ထားသူတဦးက “ကျနော်တို့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို တလ ပုံမှန် (၆) သိန်းလောက် ပေးရတယ်။ အခု ရဲမှူးကြီးအသစ်ပြောင်းတော့ ဈေးနှုန်းလည်း ပြောင်းမယ် ပြောတယ်။ နောက် အနှိပ်ခန်းနဲ့ ပြည့်တန်ဆာကိစ္စ ရောလုပ်တဲ့လုပ်ငန်းတွေကိုတော့ လောလောဆယ် ပြည့်တန်ဆာကိစ္စတွေ နားထားဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ကတော့ ရိုးရိုးအနှိပ်ခန်းပဲဆိုတော့ ကိစ္စမရှိဘူး။ ဆက်လုပ်ပါလို့ ပြောထားတယ်” ဟု ရှင်းပြသည်။
ပန်းပဲတန်းမြို့နယ်ရှိ လမ်းဘေးတွင် တရားမဝင် ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူတဦးကလည်း ၎င်းအနေဖြင့် ဌာနဆိုင်ရာ စုစုပေါင်း (၁၁) ဦးခန့်ကို လစဉ်ဆက်ကြေးပေးရကြောင်း၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တလကို ကျပ် (၂,ဝဝဝ) ကောက်ကြောင်း၊ ယခု ရဲမှူးကြီးပြောင်း၍ ဆက်ကြေးပမာဏ တိုးမည်ပြောဆိုသော်လည်း ပမာဏ မည်မျှတိုးမည်ဆိုသည်ကို မသိသေးကြောင်း ပြောသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ ရဲသတင်းတပ်ဖွဲ့များ၊ စရဖများပါအဝင် အာဏာပိုင်အဖွဲ့အစည်း အသီးသီးသည် ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ခံနေကြခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ နိုက်ကလပ်၊ ကာရာအိုကေဘား၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဘောလုံးပွဲလောင်းကစားဒိုင်၊ ချဲထီဒိုင်၊ ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူများ၊ ပုံနှိပ်လုပ်ငန်းရှင်များ စသဖြင့် ဥပဒေနှင့် ငြိစွန်းပြီး စီးပွားရှာနေသူများထံမှ ပုံမှန်ဆက်ကြေးကောက်ခံလေ့ ရှိကြသည်။
ဆက်ကြေးကောက်သည့် အဖွဲ့များအနက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ပေးရသည့် ဆက်ကြေးငွေမှာ အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်သည်လည်း မြို့နယ်ရဲမှူးတို့၏ ကတော်များမှတဆင့် လာဘ်ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ်(၃) နှစ် ကျခံသွားရခြင်းဖြစ်သည်။
၎င်းနေရာကို ရဲမှူးကြီးအောင်နိုင်သူ တာဝန်ဆက်ယူပြီးနောက် ယခုကဲ့သို့ ဆက်ကြေးပမာဏ အပြောင်းအလဲသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
၁၆ ရက် စက်တင်ဘာ ၂၀၀၉။ မင်းနိုင်သူ (ခေတ်ပြိုင်)
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ညောင်ပင်သာရွာမှ မောင်ရဲဇော်ထက်ဆိုသည့် ကလေးငယ်တဦး လွန်ခဲ့သော (၃) လခန့်က ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။
မောင်ရဲဇော်ထက်သည် အသက် (၁၅) နှစ်နှင့် နှစ်လသာရှိသေးပြီး ဆယ်တန်းတက်နေသော ကျောင်းသားတဦးဖြစ်ကာ ၎င်းနေထိုင်ရာရွာမှ ပြည်မြို့ရှိ အစ်ကိုဖြစ်သူထံသို့အသွား ပြည်ကားဝင်းအတွင်း၌ လလက (၉၅၉- ပြည်) တပ်မှ တပ်ကြပ်တင်မြင့် (ကပ/၅၇၀၆၀၄) က အတင်းအဓမ္မခေါ်ဆောင်သွားကြောင်း နောက်ပိုင်းတွင် ပြန်လည်စုံစမ်းသိရှိရသည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။
၎င်းက “အခုကလေးက တောင်တွင်းကြီးမြို့နယ် အမှတ် (၇) လေ့ကျင့်ရေးကျောင်းမှာ စစ်သင်တန်းတက်နေရတယ်။ ကလေးနဲ့တော့ တွေ့ရပြီ။ ဒါပေမယ့် ပြန်လွှတ်မပေးဘူး။ ကလေးက ဆယ်တန်းဆိုတော့ အားလုံးသိတယ်။ သူ့ကို တပ်ထဲသွင်းတဲ့ တပ်ကြပ်ရဲ့ ကိုယ်ပိုင်အမှတ်တွေကိုရော ဘာတွေရော သူအကုန်မှတ်ထားတယ်” ဟု ပြောသည်။
အဆိုပါ ကလေးစစ်သားအဖြစ် စုဆောင်းခံရမှုနှင့်စပ်လျဉ်း၍ နေပြည်တော်ရှိ စစ်ရုံးချုပ်သို့ ဇူလိုင်လအတွင်းက စာရေးတိုင်ကြား ခဲ့သော်လည်း အကြောင်းတစုံတရာပြန်ကြားမှု၊ ကိုင်တွယ်ဆောင်ရွက်မှု မရှိခဲ့ကြောင်း သိရသည်။
ကလေးစစ်သားအဖြစ် သွပ်သွင်းခံရသူ မောင်ရဲဇော်ထက်သည် ညောင်ပင်သာရွာမှ ဦးမြင့်ရွှေ၊ ဒေါ်အေးမြင့်မော်တို့၏ သားဖြစ်ပြီး ငယ်စဉ်ကပင် မိခင်ကွယ်လွန်သွားသဖြင့် ယခုအခါ အဘိုးဖြစ်သူ ဦးကံရှိန်နှင့် အတူနေရသူဖြစ်သည်။
“အဘိုးကလည်း သူ့မြေးကို ပြန်လိုချင်ရှာတယ်။ စစ်ချုပ်ရုံးကို စာရေးတိုင်ပေမယ့် ဘာမှလုပ်မပေးသေးတော့ အများကြီး စိတ်ဆင်းရဲနေရှာတယ်။ သူ့အဖေဆိုတာလည်း နောက်အိမ်ထောင်နဲ့လည်းဖြစ်၊ ရွာခံလူရိုးတွေလည်း ဖြစ်တော့ ဘာလုပ်ဘာကိုင်ရမယ်ဆိုတာ မသိရှာကြဘူး။ အိုင်အယ်လ်အိုရုံးကို တိုင်ဖို့တော့ အကြံပေးထားကြတာပဲ” ဟု နီးစပ်သူက ပြောသည်။
ယခုနှစ် ဧပြီ (၂၃) ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း၌ မြန်မာ့တပ်မတော်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၉) ဖွဲ့၌ ကလေးစစ်သား စုဆောင်းမှုများ ရှိနေသေးကြောင်း ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်အစိုးရက ကလေးစစ်သား (၆၈) ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကလေးများ၏ မိဘနှင့်ဆွေမျိုးတို့၏ တိုင်ကြားချက်များအရသာ ကလေးစစ်သားစုဆောင်းမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
နအဖစစ်အစိုးရအနေဖြင့် ယခင်က ကလေးစစ်သားမရှိပါဟု ငြင်းဆိုနေရာမှ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ဖော်ထုတ်ချက်များကြောင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ကလေးစစ်သားပပျောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သော်လည်းယနေ့အချိန်ထိ ကလေးစစ်သားစုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။
၁၅ ရက် စက်တင်ဘာ ၂၀၀၉။ သျှမ်းသံတော်ဆင့်
စက်တင်ဘာ ၉ ရက်နေ့တွင် ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ ကေအိုင်အိုက ၄င်းတို့တပ်ဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် အမြောက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။နှစ်ဘက် လိပ်ခဲတင်းတင်းဖြစ်နေကြသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စနှင့် ပတ်သက်၍ ဗိုလ် ချုပ်ရဲမြင့် နှင့်ဆွေးနွေးရန် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားမြို့သို့ ထွက်ခွာသွားချိန်နှင့် တိုက်တိုက် ဆိုင်ဆိုင်ပင် ယခုလို အမြောက်ကြီးများ ပစ်ခတ်စမ်းသပ်လိုက်ခြင်းဖြစ်သည်။
၎င်းနေ့နံနက်ပိုင်းက ကေအိုင်အေ ဂိုဒေါင်အတွင်း၌ သိမ်းဆည်းထားသည့် အမြောက်ကြီးတစ်လက်အား စစ်တပ် စခန်းရှိရာ တောင်ကုန်းများသို့ ကားဖြင့်ယူဆောင်သွားသည်ကို မြင်တွေ့လိုက်ရသည့် မျက်မြင်ဒေသခံ တစ်ဦးက အခုလိုပြောသည်။“ဟာဝိုင်ဇာအမြောက်လားမသိဘူး ကားပေါ်မှာမိုးကာနဲ့အုပ်ပြီး တောင်ကုန်းပေါ်မောင်းတက်သွားတာ တွေ့လိုက် တယ် သူတို့လည်း လာပြောထားတယ် လက်နက်ကြီးပစ်စမ်းမယ် အထိတ်တလှန့်မဖြစ်ကြဖို့ ” လို့သူကပြောသည် ။နောက်ထပ်ဒေသခံတစ်ဦးကလည်း ကေအိုင်အိုက လိုင်ဇာဒေသခံများအား လက်နက်ကြီးပစ်ရန် ကြိုတင် အကြောင်းကြား မှုရှိခဲ့ကြောင်း ထပ်ပြောသည်။ “ကေအိုင်အေက လိုင်ဇာမှာရှိတဲ့ ဒေသခံတွေကို ကြိုတင်ပြီးအကြောင်းကြားတယ်လေ အခုလို လက်နက်ကြီး ပစ်မဲ့အကြောင်းပေါ့ မကြောက်ကြဖို့ပေါ့ လိုင်ဇာမှာဆိုပေမဲ့ လိုင်ဇာနဲ့တော့ဝေးတယ် စစ်တပ်တွေထိုင်တဲ့ တပ်စ ခန်းမှာပစ်ခတ်မယ်ထင်တယ် အသံတော့မကြားလိုက်ရဘူး ” လို့ ဒေသခံနောက်တစ်ဦးက ပြောသည်။ကေအိုင်အိုတပ်ဖွဲ့များအနေဖြင့် တဘက်ကဆွေးနွေးပွဲများပြုလုပ်နေသလို တဘက်ကလည်း စစ်ရေးအရ ပြင်ဆင်မှု ပြုလုပ်နေသည်ကို ယခုလုပ်ရပ်က ဖေါ်ပြနေသည်။အလားတူ နအဖစစ်တပ်များက ကေအိုင်အို ဌာနချုပ်လိုင်ဇာမြို့ အနီးတ၀ိုက် နေရာများအထိ စစ်အင်အား အလုံးအရင်းဖြင့် တပ်စွဲနေရာယူမှုများရှိနေကြောင်း သိရသည်။ယခုနောက်ဆုံး သတင်းအရ မြစ်ကြီးနားမြို့တွင် နအဖစစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်နှင့်ဆွေးနွေး ခဲ့ကြသည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ ဌာနချုပ်လိုင်ဇာသို့ ယနေ့ပြန်လည်ရောက်ရှိလာကြောင်းနှင့် နှစ်ဘက် ဆွေးနွေးပွဲတွင် နအဖဘက်မှ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ပြုလုပ်ရန်သာ ဇောင်းပေးပြောဆိုခဲ့ ကြောင်း သိရသည်။ကေအိုင်အိုဘက်မှ မည်သို့ဆက်လုပ်မည်ဆိုသည်ကို စောင့်ကြည့်ကြရန်သာရှိပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စအား လာမည့်အောက်တိုဘာလ နောက်ဆုံးအကြောင်းပြန်ရမည်ဖြစ်သည်။ကေအိုင်အိုကမူ နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့စည်းရေးကို တင်ပြတောင်းဆိုထားသည်။လတ်တလောတွင် လိုင်ဇာမြို့တွင်းအခြေအနေသည် တည်ငြိမ်မှုရှိနေသေးကြောင်း ဒေသခံများကဆိုသည်။
၁၅ ရက် စက်တင်ဘာ ၂၀၀၉။ ဗွီအိုအေ
မြန်မာပြည်မှာ ရှေ့နှစ် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ၀င်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေး ပါတီသစ်တခု ဖွဲ့စည်းတဲ့အခါ လွတ်လပ်ရေးရပြီး လူထုက ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေတို့ရဲ့ သမီးများ ပါဝင်ကြမယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ၂၀၀၄ ခုနှစ်မှာ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသုဝေက ဥက္ကဋ္ဌ၊ ဦးရဲထွန်း ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ဒီမိုကရေစီပါတီမှာ ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဦးဗဆွေရဲ့သမီး ဒေါ်နေရီဗဆွေ၊ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ ပါဝင်ကြမယ်လို့ ရန်ကုန်ကလာတဲ့ သတင်းများမှာ ပါရှိပါတယ်။
စစ်အစိုးရက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေများ ကြေညာပြီးမှသာ နိုင်ငံရေးပါတီများ ဖွဲ့စည်း မှတ်ပုံတင်နိုင်ကြမှာ ဖြစ်ပါတယ်။ စစ်အစိုးရက ဘယ်တော့ကြေညာမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီမိုကရေစီနည်းအရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ၀န်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ အစိုးရကို ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း ဖြုတ်ချပြီးတဲ့နောက် မြန်မာနိုင်ငံကို အုပ်စိုးလာခဲ့တာ ဖြစ်ပါတယ်။
စစ်အစိုးရက ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အာဏာမြဲရေးအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ဆန်းစစ်သူတချို့က ဝေဖန်ကြပါတယ်။
၁၉၉၀ ခုနှစ်မှာ စစ်အစိုးရက ကြီးမှူးပြီး ရွေးကောက်ပွဲ ကျင်းပတာ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိလိုက်တာကို အာဏာလွှဲပြောင်းပေးခြင်း မရှိဘဲ စစ်တပ်က ဆက်လက် အုပ်ချုပ်နေခဲ့ပါတယ်။
၁၄ ရက် စက်တင်ဘာ ၂၀၀၉။ မိုးမခအထောက်တော်
ယမန်နေ့ (၁၃ ရက်၊စက်တင်ဘာ) မွန်းလွှဲ ၃ နာရီကျော်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာအတိုက်အခံရုံးများကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး နေထိုင်ခွင့်လက်မှတ် မရှိသူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
အဓိကနေရာများမှာ သင်တန်းပြုလုပ်နေသော ဌာနများကို ၀င်ရောက်စစ်ဆေးခြင်းဖြစ်ပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားသည်ဟု သိရသည်။ ဘာကြောင့် အခုလို ရှောင်တခင် ၀င်ရောက်ဖမ်းဆီးတယ်ဆိုတာ အသေးစိတ်မသိရသေးသော်လည်း ပြီးခဲ့သည့် အပတ်က နအဖနဲ့ ပူးပေါင်းသွားတဲ့ ကိုထွဋ်ဆိုသူ နဲ့ ပတ်သက်နေသည်ဟု ထင်မြင်နေကြသည်။
ထို ကိုထွဋ်ဆိုသူက စက်တင်ဘာ ၃ ရက် ၀န်းကျင်က နယ်စပ်ကို ဖြတ်ကျော်ပြီး စစ်အာဏာပိုင်တို့ထံ သွားရောက် ပူးပေါင်းခဲ့ကြောင်း၊ ၎င်းနှင့်အတူ မိသားစုဝင်များကိုပါ ခေါ်ဆောင်သွားကြောင်း၊ ၎င်းသည် နယ်စပ်ဒေသတွင် အလုပ်သမားအရေးကိစ္စများဆောင်ရွယ်သည့် မြန်မာအတိုက်အခံအဖွဲ့တခုတွင် ၀င်ရောက်လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း၊ အနည်းဆုံး နယ်စပ်တွက် ၅ နှစ် ကျော် နေထိုင်ကျက်စားခဲ့သည်ဟု သိရှိရကြောင်း၊ ထိုင်းရဲတို့နှင့် နီးစပ်သူတို့အဆိုအရ မြန်မာစစ်အာဏာပိုင်တို့က ထိုင်းကိုဖိအားပေးပြီး သတင်းအတိအကျနှင့် ၀င်ရောက်စီးနင်းခိုင်းသည်ဟု ကြားကြောင်း မြန်မာနယ်စပ်အတိုက်အခံနှင့် နီးစပ်သူတဦးက ပြောကြားခဲ့သည်။
၈ ရက် စက်တင်ဘာ ၂၀၀၉။
မြတ်စွာဘုရားရှင်လက်ထက်တွင် လိစ္ဆ၀ီမင်းသားက သံဃာတော်တွေကိုစော်ကားခဲ့တဲ့ အတွက်ကြောင့် မြတ်စွာဘုရားမှ အချက် (၈) ချက်ထုတ်ပေးထားခဲ့ပါသည်။ ထိုအချက်မှာ
(၁) ရဟန်းသံဃာတော်တို့အား ပစ္စည်းလေးပါးမရစိမ့်သောငှာ လုံ့လပြုခြင်း ။
(၂) ရဟန်းတော်များအား ဘေးအန္တရာယ်ဖြစ်စေရန် မတိုးပွါးစေရန် လုံ့လပြုခြင်း။
(၃) ရဟန်းတော်တို့အား ဤနေရာ ထိုနေရာတို့၌ မရစိမ့်သောငှာ လုံ့လပြုခြင်း ။
(၄) ရဟန်းတော်တို့ကို ဆဲရေးခြင်းဆယ်ပါးတို့ဖြင့် ဆဲရေးရေရွတ်ခြင်း။
(၅) ရဟန်းတပါးနှင့်တပါး စိတ်ဝမ်းကွဲပြားအောင်လုံ့ပြုခြင်း။
(၆) ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုပြောဆိုခြင်း။
(၇) တရားတော်၏ ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုပြောဆိုခြင်း
(၈)သံဃာတော်၏ ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုပြောဆိုခြင်း စသည့် အချက်ရှစ်ချက်ဖြင့် ညီလာခဲ့လျှင် ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို သပိတ်မှောက် ကံဆောင်ရမည်ဟု မြတ်စွာဘုရားမှ ဟောကြားထားပါသည်။ ထိုကံဆောင် သပိတ်မှောက်ခဲ့ခြင်းကို ဘုရားရှင်လက်ထက်တော်ကထဲက ရှိခဲ့သလို အခုခေတ် မ၀တ၊ န၀တ၊ နအဖ လက်ထက်မှာ ဆိုရင် ၁၉၉၀ခုနှစ် မှာ တကြိမ် ၂၀၀၇ ခုနှစ်မှာတကြိမ် ဖြစ်ပေါ်ခဲ့ပြီး၊ နောက်ဆုံး တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို မကြာမီဆင်နွဲ တော့မည်ဖြစ်သည်။တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဆိုသည်ကို ၂၀၀၉ခုနှစ် သြဂုတ်လ၊ ၁၄ရက်၊ သောကြာနေ့ တွင် သံဃာတော်အဖွဲ့အစည်းများမှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ထိုကြေငြာချက်အကျဉ်းမှာ မတရားဖမ်းဆီးထားသော သံဃာတော်များအား ချက်ချင်းလွတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ်စော်ကားမှုများကို အမြန်ဆုံးပြန် လည်တောင်းပန်ရန် ဖြစ်သည်။ လိုက်နာပါက လာမည့် သီတင်းကျွတ်လဆန်း ၁၄ရက် (၂.၁၀.၂၀၀၉) သောကြာနေ့ နေ့လည် ၁၂ နာရီကို နောက်ဆုံးထား၍ အမြန်ဆုံးပြန်လွတ်ရန်နှင့် သာသနာကို စော်ကားမှူအပေါ် န အ ဖ စစ်အစိုးရအနေနဲ့ အမြန်ဆုံး ၀န်ချတောင်းပန်ရန် ဖြစ်သည်။ ထိုတောင်းဆိုထားသော အချက်နှစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လာမည့် သီတင်းကျွတ်လပြည့် (၁၅) ရက် (၃.၁၀.၂၀၀၉) စနေနေ့ သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာတစ်နိုင်ငံလုံး သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များအားလုံး ပူးပေါင်း၍သာသနာ့သိမ်တော်အသီးသီးတွင် တပြိုင်နက်တည်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုကာ န အ ဖ စစ်အစိုးရနှင့်တကွ အလိုတော်ရိ ကြံ့ဖွတ် စွမ်းအားရှင် ၀န်ထမ်းများ အားလုံးကို သပိတ်မှောက်ပါမည် ဟူ၍ ဖြစ်သည်။ထိုသတင်းထွက်ပေါ်လာသည်နှင့်အမျှ စစ်အစိုးရမှ သံဃာတော်များ စုဝေးနိုင်သည့် နေရာများနှင့် ကမ္ဘာအေးစေတီလမ်းပေါ်တွင် လုံခြုံရေးများစွာ ပိုမိုချထားခဲ့ကြောင်းသိရပါသည်။ ကျောင်းတိုက်များ၊ စာသင်တိုက်များတွင် စစ်တပ်မှ လူများကို သတင်းရရှိရေးအတွက် ဘုန်းကြီးဝတ်ခိုင်းပြီး ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့မှ လှုပ်ရှားဆောင်ရွက်နေသော သံဃာတော်များ၏ မိန့်ကြားချက်အရသိရပါသည်။လက်ရှိ မြန်မာနိုင်ငံတွင် သံဃာတော်အပါးရေမှာ (၄) သိန်းကျော်ရှိပြီး၊ ထိုသံဃာတော်များကို စိတ်ဝမ်းကွဲအောင် စစ်အစိုးရမှ နည်းမျိုးစုံဖြင့်ပြုလုပ်နေကြောင်း သိရသည်။ မကြာသေးမီက နေပြည်တော်တွင် မဟာန ဆရာတော်ကြီး ၄၇ ပါးအား ပင့်ကာ နိုင်ငံတော်အကြီးအကဲမှ သံဃာတော်များ အစိုးရဆန့်ကျင်မှုလုပ်ငန်းများ ပါဝင်ဆောင်ရွက်ပါက နှိမ်နင်းရန် တစ်မြို့နယ်လျှင် ၁၀ ပါးဖြင့် ဖွဲ့စည်းထားသော သာသနာသန့်ရှင်းရေး အမည်ခံ သံဃစွမ်းအားရှင်အဖွဲ့များ ဖွဲ့စည်းကာ နှိမ်နင်းမှုတွေပြုလုပ်သွားရန် လျှောက်ထား/ညွှန်ကြား ထားကြောင်းသိရသည်။ထို သံဃာစွမ်းအားရှင်အဖွဲ့များ ကို ရန်ကုန်ရှိမြို့နယ် အတော်များများတွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အခြားပြည်နယ်နှင့်တိုင်းများပါ ဖွဲ့စည်းဆောင်ရွက်နေကြောင်း မိန့်ကြားသွားသည်။ ၄င်းမှာ သံဃာတော်များကို အချင်းချင်းရန်တိုက် ပေးခြင်းသက်သက်သာဖြစ်ပေသည်။ယခုအပတ်အတွင်းမှာပဲ ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်ရှာဖွေမှုတွေ၊ သံဃာတော်များအားစောင့်ကြည့်မှုတွေနှင့် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရပါသည်။၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့ဆုတောင်း လမ်းလျှောက်ဆန္ဒပြပွဲများဖြစ်ပွါးရာ ပြည်နယ်နှင့် တိုင်း၊ မြို့နယ်အသီးတွင် လုံခြုံရေးအထူးတိုးမြှင့်ကာ စောင့်ကြည့်နေသည်။ အဆိုပါရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ဖူးသည့် သံဃာတော်များကို ရှာဖွေဖမ်းဆီးနေကြောင်းသိရသည်။ယခုသပိတ်မှောက်ကံဆောင်ရာတွင် မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့ သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့ သံဃာတော်တွေကိုချမှတ်ထားတဲ့ လမ်းစဉ်ကို မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့် ထိုသံဃာတော်များကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်မည်ဟု သိရသည်။တဖက်မှာလည်း ဘာသာခြားများနှင့် သံဃာတော်များကြားတွင် ဘာသာရေးအထိကရုံးပွဲများ ဖြစ်ပေါ်လာနိုင်ရေးအတွက် စစ်အစိုးရလက်ပါးစေများမှ သွေးခွဲဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါသည်။ မည်သို့ပင် အခက်ခဲများရှိစေကာမူ သံဃာတော်အဖွဲ့အစည်းများကို ပေါင်းစည်းကာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီး အဖြစ် တစုတစည်းတည်းဖွဲ့စည်းပြီး တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဖြစ်သည်။အခုချိန်မှာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာရန် (Opportunity) အခွင့်အလမ်းသည် မိဘပြည်သူများနှင့် သံဃာတော်များရှေ့သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့ မြန်မာလူမျိုးတိုင်းတွင် တာဝန်ရှိပါသည်။ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် မိဘပြည်သူများဘက်မှ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ သံဃာတော်များနှင့်အတူ ပူးပေါင်းပါဝင် အားပေးကူညီမှုများ ပြုလုပ်သွားပါက အောင်မြင်မှုရမှာသေချာနိုင်သည်။ ၂၀၀၇ ခုနှစ်တွင် အတွေ့အကြုံရှိခဲ့ကြသော သံဃာတော်များနှင့် စစ်အုပ်စုသည် ယခုတိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံဗုဒ္ဓဘာသာနိုင်ငံရှိ မြန်မာပြည်သူများ၏ အကြပ်အတည်းကို ဘာသာရေးရှုဒေါင့်မှ ဝိနည်းတော်နှင့်အညီ ကူညီဖြေရှင်းပေးရန်နှင့် ဘာသာရေးအရဖိနှိပ်ခံရမှုများအား ဦးဆောင်နိုင်ရန် သံဃာတော်များ၏ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် ပြည်သူများဘက်မှ သံဃာတော်များနှင့်အတူ ပူပေါင်းဆောင်ရွက်မှုများ၊ အားပေးကူညီမှုများ အမှန်တကယ်ပင် လိုအပ်နေပါသည်။နိုင်ငံရေးအဖွဲ့အစည်းများမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုပါသည်။ နိုင်ငံရေးဟုဆိုရာဝယ် နိုင်ငံရေးဆိုသည်မှာ နိုင်ငံနှင့်ဆိုင်သောရေးကိစ္စဟူသမျှကို ဆိုလိုသဖြင့်ကျယ်ပြန့်လှပါသည်။ မတရားသည့်စစ်အုပ်စုကို ဆန့်ကျင်ခြင်းသည်လည်းနိုင်ငံရေးပင်ဖြစ်ပြီး နိုင်ငံတခုကိုအုပ်ချုပ်ခြင်းသည်လည်း နိုင်ငံရေးပင်ဖြစ်ပါသည်။ စစ်အုပ်စုကို ဆန့်ကျင်ခြင်းဖြစ်သည့် အတွက်ကြောင့် နိုင်ငံရေးသမားများမှလည်း ပါဝင်ကူညီဆောင်ရွက်ခြင်းများ ပြုလုပ်လာမည်ဟု မျှော်လင့်မိပါသည်။ ယခုဆိုလျှင် အကောင်းဆုံးမြေသြဇာအဖွဲ့သည် သံဃာတော်များနှင့် ပူးပေါင်းပါဝင်လှုပ်ရှားနေပြီဖြစ်ကြောင်းသိရသည်။ မိဘပြည်သူများအနေနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မိမိတို့တက်နိုင်သည့်ဘက်မှ ပြုလုပ်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဖြိုးဝေ-mmp
ကိုးကားသံဃာတော်အဖွဲ့အစည်းများမှ ကြေငြာချက်များအရှင်ထာဝရ
မိန့်ကြားချက်များမြန်မာအွန်လိုင်းစွယ်စုံကြမ်း
အီးမေးလ်မှတဆင့် ရယူတင်ပြပါသည်။
၇ ရက် စက်တင်ဘာ ၂၀၀၉။ ကိုထိုက်
စစ်တပ်က ထိန်းချုပ်ထားမှ တိုင်းပြည် တည်ငြိမ်နိုင်မယ် ... တပ်ပြိုကွဲရင်(ဒါမှ မဟုတ်) စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင် တပ်တွေရှိနေရင် တိုင်းပြည် မတည်ငြိမ်ဘူး၊ အစိပ်စိပ် အမွှာအမွှာကွဲမယ် ဆိုတဲ့ အယူအဆတွေက ဒီနေ့ အထိ စစ်တပ်ထဲက စစ်သား အချို့နဲ့ စစ်တပ်ဝါဒကို ထောက်ခံသူ အချို့ စိတ်ထဲမှာ ရှိနေတာကို ကျွန်တော်တို့ တွေ့နေရဆဲပါပဲ။
တကယ်တော့ ဒါတွေဟာ လက်နက်ကိုင် အကြမ်းဖက် စစ်ဝါဒီ ခေါင်းဆောင် အကြမ်းဖက်သမားသန်းရွှေနဲ့ သူ့ လူတချို့ စားပေါက်ကောင်းအောင် ဝါဒဖြန့်ထားတဲ့ လှိမ့်လုံး၊ ဖြီးလုံးတွေ ဆိုတာကို အဲဒီ တပ်ထဲက လူနဲ့ တပ်ကို ထောက်ခံတဲ့ လူတွေ သတိမထားမိသေးတာ တွေ့နေရလို့ပါပဲ။ရှင်းရှင်းလေးပါပဲ။ စစ်သား ဆိုတာ စစ်သား အလုပ် လုပ်ရမှာပါ။ စစ်သား အလုပ်ဆိုတာ ဘာလဲ။ ရှင်းပါတယ်။ တိုင်းပြည်ရဲ့ ပြည်ပရန်ကို ကာကွယ်ဖို့က နိုင်ငံတိုင်းက စစ်တပ်တွေရဲ့ အခြေခံကျတဲ့ အဓိက အလုပ်ပါ။အခုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ အကြမ်းဖက်သမားတွေက မတော် လောဘကြီးလာပြီး တိုင်းပြည်ကို အုပ်ချုပ်တယ်။ ကမ္ဘာမှာ လူတကာ လေးစားခံရတဲ့ အငြိမ်းချမ်းဆုံး ဘာသာလို့ သတ်မှတ်ထားခံရတဲ့ ကိုယ်တိုင် ကိုးကွယ်တယ်လို့ ပြောထားပြီး ဗုဒ္ဒဘာသာ သံဃာတော်တွေရဲ့ ဦးခေါင်းကို စစ်ဖိနပ်နဲ့ တတ်နင်းရတဲ့ အဖြစ်အထိ ဖြစ်လာအောင် မတော်လောဘတွေ ဖုံးလွှမ်းနေပါတော့တယ်။စစ်သားအလုပ်ဆိုတာ သံဃာတော်တွေရဲ့ ဦးခေါင်းကို စစ်ဖိနပ်နဲ့ နင်းဖို့ မဟုတ်ဘူး။ တိုင်းပြည် ပြည်ပရန်ကို ကာကွယ်ဖို့ ဖြစ်တယ်။ ဒါကို သိဖို့လိုပါတယ်။ ဒါပေမယ့် အဲဒီ မတော်လောဘရဲ့ စေခိုင်းချက်အရပဲ ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်၊ အဲဒီ ရွေးကောက်ပွဲ အပြီး ထပ်ပြီးတော့ တိုင်းပြည်အာဏာကို ယူထားမယ်လို့ အကြမ်းဖက်ခေါင်းဆောင်တွေက ကြံနေပြန်တယ်။ စစ်သားကောင်းဖြစ်အောင် မကြံတော့ဘူး။ဒီတော့ အကြမ်းခေါင်းဆောင်တွေက အဲဒီလို အာဏာမြဲနိုင်အောင် ခုနက ဖြီးလုံး၊ လှိမ့်လုံးတွေနဲ့ စစ်သားတွေကို စည်းရုံးရပါတော့တယ်။ စစ်တပ် မပြိုကွဲမှ ဖြစ်မယ်။ တိုင်းပြည်မှာ စစ်တပ်ဆိုတာ တခုပဲ ရှိရမယ်တွေ ဖြစ်လာပါတော့တယ်။ငြိမ်းချမ်းရေးကို ဦးတည်ပြီး လက်နက်မဲ့ ဆန္ဒထုတ်ဖေါ် တောင်းဆိုတဲ့ သံဃာတော်တွေကိုတောင် သေနတ်နဲ့ပစ်၊ ဒုတ်နဲ့ရိုက်၊ ထောင်ချတာတွေ လုပ်ရဲတဲ့ သတ္တိရှင် တပ်မတော်သားတွေကို လက်နက်ကိုင် တိုင်းရင်းသားတွေက မယုံတာ ယုတ္တိရှိတယ် ပြောလို့ရပါတယ်။အခုလို မယုံကြည်တော့တဲ့ အခါ ငါ့ကို မယုံရကောင်းလား ဆိုပြီး စစ်အင်အားနဲ့ လိုက်ရမ်းကားတာတွေ လုပ်ပြန်ပါလေရော။ ဒီတော့ ပို မယုံ ဖြစ်တယ်။ .. စစ်အင်အားနဲ့ တိုင်းပြည်ကို သေနတ်မိုးပြီး ငြိမ်အောင် ထိန်းလို့ရမယ်လို့များ အဲဒီ လူတွေ အိမ်မက် မက်နေကြလားမသိ။ စိတ်ကူးတော့ အတော်ယဉ်တတ်တဲ့ အကြမ်းဖက်သမားတွေလို့ ပြောရမှပါပဲ။ဒီတော့ ပထမစကား ပြန်ကောက်ရရင် တိုင်းပြည်မှာ စစ်တပ် တခုတည်းရှိမှ အေးချမ်းမယ်လို့ ပြောတာ မှားသလားဆိုတော့ မမှားပါဘူး။ မှန်သလား ဆိုရင်လည်း .. လက်ရှိ တိုင်းပြည်ကို လက်နက်ကိုင် အကြမ်းဖက်သမားအဖွဲ့ (နအဖ)တွေ ဖျက်ဆီးထားတဲ့ ဒဏ်ရာ ဒဏ်ချက်တွေအရ အဲဒီ အဆိုက လုံးဝ မမှန်ပါဘူး။တိုင်းပြည် ငြိမ်းချမ်းဖို့မှာ တပ်အင်အား တောင့်တင်းခြင်း၊ အားနည်းခြင်း ... စစ်တပ်က ခေါင်းဆောင်တွေ ပါလီမာန်မှာ ဝင်ထိုင်ခွင့် ရခြင်း မရခြင်းတွေအပေါ်မှာ လုံးဝ မူတည်ခြင်း မရှိပါဘူး။ ထို့အတူပါပဲ လက်နက်ကိုင် တိုင်းရင်းသားတပ်မတော်တွေ ရှိနေခြင်း အပေါ်မှာလည်း တိုင်းပြည် ပြိုကွဲမယ်လို့ ပြောနေတာတွေလည်း အဓိပ္ပါယ် လုံးဝ မရှိပါဘူး။တိုင်းပြည် အေးချမ်းဖို့နဲ့ တိုးတတ်ဖို့မှာ အဓိက ကျတဲ့ အချက်တွေကတော့ ...(၁) တိုင်းပြည်တွင်း ပြည်သူတွေက အုပ်ချုပ်သူ လူတန်းစားကို ကျေနပ် ချစ်ခင်ဖို့ (လက်ရှိ နအဖ ကိုတော့ ပြည်သူလူထုက အော့နှလုံး နာနေကြပါတယ်။ စစ်သားကို မုန်းတာ မဟုတ်ပါ။ စစ်ဝါဒီ လက်နက်ကိုင် အကြမ်းဖက်သမားများကို မုန်းတာပါ။)(၂) တိုင်းပြည်တွင်း တရားဥပဒေ မဏ္ဍိုင် ဖြောင့်မှတ်ပြီး၊ လူတိုင်းက လေးစားလိုက်နာဖို့ (လက်ရှိ နအဖ လက်ထက်မှာတော့ တရားရေး စနစ် တခုလုံး ပျက်ဆီးနေပါတယ်။ ... ထင်ရှားတဲ့ ဥပမာ .. လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အမှု ကိစ္စ။)အဲဒီ အချက် (၂) ချက်က အရမ်း အရေးကြီးပါတယ်။ ခုနက လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိနေခြင်း ပြဿနာထက် ပိုအရေးတကြီး ဖြေရှင်းရမယ့် ကိစ္စပါ။အထက်က အချက် (၂) ချက် ရှိမယ်ဆိုရင် .. ဖက်ဒရယ်မူ တစ်ခုကို အဲဒီ အချက် (၂) ချက်ကို ဦးတည်ပြီး အခြေခံ ဥပဒေမှာ ထည့်ဆွဲမယ်ဆိုရင် ကိုးကန့်ကိစ္စလို .. ရဲနဲ့ စစ်သားအချို့ရဲ့ မိန်းမတွေ အခုလို မုဆိုးမ ဖြစ်သွားကြမှာ မဟုတ်ပါဘူး။ဖက်ဒရယ်မူမှာ ရှိတဲ့ အာဏာသုံးရပ်ကို ခွဲဝေရာမှာ ဘယ်လိုပုံနဲ့ ခွဲဝေ မလဲဆိုတာကို အခြေခံဥပဒေမှာ အားလုံး ကျေနပ်သဘောကျအောင် ထည့်ဆွဲလိုက်ရင် စစ်သားနဲ့ ရဲတွေ ရဲ့ မိန်းမတွေ အတော် စိတ်ချမ်းသာကြမယ် ထင်ပါတယ်။အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာ စတာတွေကို ဗဟိုအစိုးရနဲ့ ဒေသခံ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက ဘယ်လို ခွဲဝေယူမယ် .. လုံခြုံရေးကို ဘယ်လို တာဝန်ယူမယ်၊ ဘယ်လို တာဝန်ခံမယ်။အဲဒီ အချက်တွေကို ဥပဒေရေးရာနဲ့ ဘယ်လို ထိန်းမယ်။ ဗဟို အစိုးရက အစစ အရာ လက်ဝါးကြီး မအုပ်ဘူး။ ဒေသခံပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက စီးပွားရေး လုပ်ငန်းတွေနဲ့ အကျိုးအမြတ်တွေကို ပြည်နယ်တိုးတတ်ရေးအတွက် ဘယ်လောက် သုံးမယ်၊ ဗဟိုအစိုးရကို ဘယ်လောက် အခွန်ပေးမယ်။ ဗဟို အစိုးရက ဘာတွေကို တာဝန်ယူပေးမယ်။တစ်ဦးအပေါ် တစ်ဦး လေးစား ယုံကြည်မယ်။ မလိုအပ်ပဲ ဝင်မစွက်ဖက်ဘူး။ .. အဲဒီ အချက်တွေကိုသာသေသေ ချာချာ ကျေကျေနပ်နပ် အခြေခံဥပဒေမှာ ထည့်ဆွဲမယ်ဆိုရင် ...တိုင်းပြည်မှာ တပ်မတော် တခုမက ရှိခြင်း၊ မရှိခြင်းက အဓိက မကျတော့ပါဘူး။ ရဲနဲ့ စစ်သားတွေရဲ့ မိန်းမတွေလည်း မုဆိုးမ ဖြစ်ပြီး၊ သားသမီးတွေ ဖခင်မဲ့ ကလေးတွေ ဖြစ်နေတာတွေ ရပ်တန့်သွားလိမ့်မယ်လို့ ယုံကြည်ပါကြောင်း ....
လေးစားစွာဖြင့်
ကိုထိုက်
၎ ရက် စက်တင်ဘာ ၂၀၀၉။ ရန်ပိုင် (ဧရာဝတီ)
စစ်အစိုးရ သတင်းစာများတွင် ကိုးကန့်ဒေသ တည်ငြိမ်လာ သောကြောင့် ဒေသခံများ ပြန်လည်ဝင်ရောက် လာသည်ဟု ဖော်ပြနေသော်လည်း ၀ အပစ်ရပ်အဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းတွင် တရုတ်နိုင်ငံဘက် ရှောင်တိမ်း ထွက်ပြေးသူပိုမို များပြားလာ ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်များအတွင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ၀ ဒေသအတွင်းသို့ပါ ကူးလာနိုင်သည် ဟု ထင်မြင်ချက်များ ရှိနေသောကြောင့် ပန်ဆန်းတွင် စီးပွားရေးလုပ်ကိုင်နေကြသော တရုတ်လူမျိုးများအလုံးအရင်းဖြင့် နယ် စပ်ဖြတ်ကျော် ထွက်ပြေးနေပြီး တခြားသော စီးပွားရေးလာရောက် လုပ်ကိုင်သူများမှာလည်း လားရှိုးသို့ ထွက်ပြေးမှုများ ရှိ သည်ဟု ဒေသခံများက ဆိုသည်။“ပန်ဆန်းမှာ ထွက်ပြေးတဲ့ တရုတ် ကုန်သည်တွေ တော်တော်များလာတယ်၊ တရုတ်နယ်ခြား နမ့်ခါချောင်း တံတားမှာ ဖြတ် ဖို့ စောင့်တဲ့ကားတွေက အစီး ၆၀ ကျော်လောက်ရှိတယ်၊ ဒီတံတားဂိတ်က ည ၆နာရီပိတ်တယ်”ဟု ဒေသခံတဦးက ဧရာဝ တီ သို့ပြောသည်။ ထိုသို့ဖြစ်ရခြင်းမှ ကိုးကန့်ဒေသတွင် တိုက်ခိုက်မှုများကဲ့သို့ မြန်မာစစ်တပ်များက လက်နက်ကြီးများ တင့်ကားများဖြင့် ၀ဒေသကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်ဟုသိရသည်။“၀ခေါင်းဆောင်ပိုင်းက အစည်းအဝေးလုပ်ပြီး လူထုကြားမှာ အထိတ်တလန့် မဖြစ်ဖို့ နှိုးဆော်တဲ့ ပိုစတာတွေကပ်တယ်၊ စာရွက်တွေ ဝေတယ်၊မစိုးရိမ်ဖို့ ကိုယ့်နေရာမှာကိုယ် အေးအေးဆေးဆေးနေဖို့ပါ” ဟု ၎င်းဒေသခံက ပြောသည်။ထိုသို့ နှိုးဆော်မှုများကို ၀ဒေသအာဏာပိုင်များက ပြုလုပ်နေသော်လည်း ဒေသခံ လူထုမှာ နားမထောင်ဘဲ အိုးအိမ် များကို စွန်ခွာ ထွက်ပြေးနေကြောင်း၊ အများစုမှာ တရုတ်ပြည်ထဲမှ ၀ဒေသသို့ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသော တရုတ်လူမျိုးများ ဖြစ်ပြီး မြန်မာနိုင်ငံမှ တရုတ်အများစုမှာ လားရှိုးသို့ထွက်ပြေးကြောင်း သိရသည်။ “ပန်ဆန်းကနေပြီး တာကောအက် တံတားကို ဖြတ်ပြီး တန်ယန်းကိုကူးလာတာ၊ ပြီးရင် လားရှိုးဘက်တက်မယ်၊ ကားခတွေ လည်း ဈေးတက်သွားတယ်၊ ပြီးခဲ့တဲ့ ၄ရက် ၅ရက်ကမှ ကားခက တယောက် ၄သောင်းပဲရှိတယ်၊ အခု၁သိန်းပေးရတယ်” ဟု ၀ဒေသမှ ထွက်ပြေးလာသော စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။ထိုသို့ ဒုက္ခသည်များ ထွက်ပြေးမှုသည် ၀ အပစ်ရပ်အဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင်သာ မက တခြားသော အပစ်ရပ်အဖွဲ့ များဖြစ်သည့် မိုင်းလား အထူးဒေသ (၄) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများတွင်လည်း တရုတ်ပြည်ဘက်သို့ ထွက်ပြေးမှုများ ပိုမိုများပြားလာသည်ဟု သိရသည်။ “မိုင်းလား နဲ့ ပန်ဆန်းက အရပ်သားတွေရယ် ၊ KIA ဌာနချုပ်က တချို့ရယ် မနေ့က တရုတ်ပြည်ထဲကို ပစ္စည်းတွေရွှေ့ တယ်၊ ရုတ်ရုတ်သဲသဲပဲ၊ မိုင်းလားကတော့ မြို့တခုလုံးကို ခြောက်ကပ်သွားပြီ” ဟု တရုတ်မြန်မာနယ်စပ်မှ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။တရုတ်နိုင်ငံ ရှိ Phoenix TV ရုပ်မြင်သံကြားသတင်းဌာန မှ ထုတ်လွှင့်သည် သတင်းတခုတွင် မိုင်းပေါက်နှင့် မိုင်းဖျံဒေသ သို့ စစ်အစိုးရ တပ်မှ တင့်ကား အစီး ၂၀ဖြင့် ၀င်ရောက်လာသည်ဟုကြေညာခဲ့သည်။“တင့်ကားအစီး ၂၀သာ တကယ်ဝင်ရင်တော့ မိုင်းလားနဲ့ ၀ဒေသ အဆက်ပြတ်ပြီ၊ ဖီးနစ်တီဗီ က အဲ့ဒါကို လွှင့်တော့ လူတွေ ကကြောက်ပြီး ပြေးတာပေါ့၊ အခုကတရုတ်ပြည်ဘက်ကိုတင်ပြေးတာမဟုတ်ဘူး၊ မိုင်းယန်းကိုလည်း ၀ကတိုက်မယ်ဆိုလို့ လူတွေက ကျိုင်းတုံဘက်ကိုပြေးပြန်တယ်” ဟု အဆိုပါကုန်သည်က ဆက်လက်ပြောသည်။ဤထွက်ပြေးမှုများနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့် မြန်မာအစိုးရဘက်မှ မှားယွင်းသော သတင်းများကို ထုတ်ပြန်နေ သည်ဟုထင်ကြောင်း တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။အထူးဒေသ (၁) ကိုးကန့်နယ်မြေတွင် WY စာတန်းပါသည့် မူးယစ်ဆေးပြားများ နှင့် ထုတ်လုပ်သည့်စက်များ၊ ဓာတုဆေး ၀ါးများကို စီအောရွာရှိ ဦးဖုန်ကြာဖူး နေအိမ်မှ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့ နှင့် ကိုးကန့်ယာယီ ဦးစီးကော်မတီများက ဖမ်းဆီး ရမိခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါသတင်းစာများတွင် နယ်မြေအေးချမ်းလာပြီဖြစ်၍ ပြည်သူ ၉၃၀၄ ဦး ပြန်လည် ၀င်ရောက်လာပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။အတည်မပြုနိုင်သော သတင်းများအရ ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်နှင့် ညီဖြစ်သူ ဦးဖုန်ကြာဖူး ၊သားများ ဖြစ်သော ဖုန်တာ့လီ နှင့် ဖုန်တာ့ရွှင်တို့ကို လွှဲအပ်ပေးရန် စစ်အစိုးရက ၀တပ်ဖွဲ့ထံသို့ တောင်းဆိုထားသည်ဟု သိရသည်။ကိုးကန့်နှင့်ဝ ခေါင်းဆောင်အများစုသည် မူးယစ်ဆေးဝါးဖြင့် မပတ်သက်သူ နည်းပါးကြောင်း၊ ထိုဒေသသည်လည်း ယခင် က ဘိန်းစိုက်ပျိုးရာ နေရာများအဖြစ် နာမည်ဆိုးထွက်ခဲ့သည့် ဒေသများဖြစ်ပြီး ယခုအခါတွင် စိတ်ကြွဆေးများ ကိုပြောင်း လဲ ထုတ်လုပ်ခဲ့ကြောင်း ယင်းမူးယစ်ဆေးဝါးကိစ္စများတွင် စစ်အစိုးရ၏ အရာရှိများလည်း ပါဝင်ပတ်သက်မှုများ ရှိနိုင် ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က သုံးသပ်သည်။ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန် ယူခဲ့စဉ်က မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခ၀ါချသော လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း ထောက်လှမ်းရေး အရာရှိ ဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာန၏ အသံလွှင့်အစီအစဉ်တွင် ပြောဆိုခဲ့သည်ဝ နှင့် ကိုးကန့်တပ်ဖွဲ့များကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု အပြည်ပြည်ဆိုင်ရာ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက သံသယရှိနေသောကြောင့် ၂၀၀၃ ခုနှစ်တွင် ကိုးကန့်ခေါင်းဆောင်များက မူးယစ် ဆေးဝါးကင်းစင်သောနယ်မြေအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။
၎ ရက် စက်တင်ဘာ ၂၀၀၉။ ကိုထွေး (ဧရာဝတီ)
၎ ရက် စက်တာင်ဘာ ၂၀၀၉။ ခေတ်ပြိုင်
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဓိကတာဝန်ယူထားသည့် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ကိုယ်စားလှယ်များ ယခုလ (၆) ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံရန်ရှိသည်။ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့သည် မနက်ဖန် လိုင်ဇာမြို့တွင် ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစည်းဝေးပြီးနောက်ပိုင်း မြစ်ကြီးနားသို့ သွားရောက်ရန်ရှိကြောင်း ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
၎င်းက “မြစ်ကြီးနားကို မသွားခင် ဘာသာရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အရင်တွေ့မယ်။ အကြံဉာဏ်တွေ၊ ခွန်အားတွေ ယူတဲ့သဘောမျိုးပေါ့။ ပြီးမှ မြစ်ကြီးနားကို သွားမှာ၊ အရင်သွားနေကျသူတွေပဲဖြစ်မှာပါ။ သူတို့ အဲလိုဆွေးနွေးဖို့ ကော်မတီဖွဲ့စည်းထားတာ ရှိတယ်လေ။ ဒေါက်တာလှဂျာတို့၊ ဗိုလ်မှူးချုပ် ဂွမ်မော်တို့တွေနဲ့” ဟု ပြောသည်။ကေအိုင်အိုက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အစား ကချင်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KRGF) အဖြစ် အသွင်ပြောင်းလိုပြီး အနာဂတ် ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် တိုက်ရိုက်ပါဝင်နိုင်ရေး တောင်းဆိုထားသကဲ့သို့ ကေအိုင်အို အဖွဲ့အစည်းတွင် လက်နက်ကိုင်တပ်ဖွဲ့ (KIA) နှင့် အဆင့်အတန်းတူညီသည့် အုပ်ချုပ်ရေး၊ ရဲ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အကောက်ခွန် စသည့်ဌာနများလည်း ရှိနေ၍ အဆိုပါဌာနများကိုလည်း အသွင်ပြောင်းဖွဲ့စည်းရာတွင် ထည့်သွင်းစဉ်းစားရန် တင်ပြထားသည်။ကေအိုင်အိုအဖွဲ့နှင့် နအဖအကြား ယခုတကြိမ် တွေ့ဆုံမှုမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ပြတ်ပြတ်သားသား ဆွေးနွေးရန်ပိုများသည်ဟု တရုတ်-မြန်မာနယ်စပ် အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူတဦးက ပြောသည်။၎င်းက “ကိုးကန့်အရေးအခင်းနဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့ (၂၉) ရက်နေ့မှာ မပခက ဒု-ဗိုလ်မှူးကြီး သက်ပုံ လိုင်ဇာကိုလာပြီး ရှင်းပြပြီးပြီ။ နယ်ခြားစောင့်ကိစ္စက အခုချိန်ထိ မပြတ်သေးဘူး။ ကေအိုင်အိုဘက်က တင်ပြထားတာကို နအဖဘက်က လက်မခံဘူး။ နယ်ခြားစောင့်တပ်က လွဲလို့ အခြားရွေးခွင့် မပေးဘူး။ အလျှော့အတင်းလုပ်လို့မရတဲ့ အခြေအနေအောက်မှာ။ နောက်တခုက နအဖတပ်တွေက အပစ်ခတ်ရပ်အဖွဲ့တွေကို စစ်ရေးအရ ခြိမ်းခြောက်နေသလို၊ အပစ်ခတ်ရပ်အဖွဲ့တွေလည်း စစ်ရေးသတိနဲ့ တပ်လှန့်ထားချိန်မှာ အခုတွေ့မယ်ဆိုတော့ အန္တရာယ်တော့ များတယ်။ အရေးလည်းကြီးတယ်” ဟု ပြောသည်။ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့အနီး ဗန်းမော်-မြစ်ကြီးနား မော်တော်ကားလမ်းတလျှောက်တွင် နအဖစစ်ကြောင်းများ သွားလာလှုပ်ရှားနေ၍ ကေအိုင်အို ထိန်းချုပ်ရာဒေသနှင့် အနီးနားရှိ လူထုမှာ စစ်ဖြစ်မည်ကို စိုးရိမ်ထိတ်လန့်မှုများရှိနေချိန်တွင် နအဖနှင့် ကေအိုင်အို၏ တွေ့ဆုံပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
စောက်သုံးမကျတဲ့ UN အတွင်းရေးမှူးကိုဝေဖန်
၁ စက်တင်ဘာ ၂၀၀၉။ ဗွီအိုအေ
ကမ္ဘာ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ ကျွမ်းကျင်လိမ္မာမှု မရှိဘူး၊ သြဇာတိက္ကမ မရှိဘူးလို့ နော်ဝေးသံတမန် တဦးက စွပ်စွဲပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ရဲ့ ခေါင်းဆောင်မှုပုံစံကို ခုခံပြောဆိုသွားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ နော်ဝေးသံတမန်အဖွဲ့ရဲ့ ဒုတိယအကြီးအကဲ မိုနာ ယူး (Mona Juul) က အော်စလိုမြို့ရှိ နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာနကို သီးသန့်ပေးပို့တဲ့ စာချွန်လွှာမှာ မစ္စတာဘန်ကီမွန်းကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝေဖန်မှုဟာ နောက်ပိုင်းမှာ နော်ဝေးသတင်းစာကို ပေါက်ကြားသွားခဲ့ပါတယ်။
မစ္စတာဘန်ကီမွန်းဟာ မြန်မာ့ဒီမိုကရေစီရေး ကိစ္စနဲ့ အာဖရိကတိုက်က ပြဿနာတွေကို တုံ့ပြန်ဖြေရှင်းတဲ့ နေရာမှာ ထိရောက်မှုမရှိဘူးလို့ မိုနာယူးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာဘန်ကီမွန်းဟာ နော်ဝေး၀န်ကြီးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ် (Jens Stoltenberg) နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အော်စလိုမြို့ကို တနင်္လာနေ့က ရောက်ရှိနေခဲ့ပါတယ်။
ဒီလို ဝေဖန်ခံလိုက်ရတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း၊ ဒါပေမယ့် အများပြည်သူအတွက် အလုပ်လုပ်နေတဲ့ သူတယောက် ဖြစ်တာကြောင့် သူ့အနေနဲ့ စောင့်ကြည့်ဝေဖန်မှုတွေကို မျှော်လင့်ထားတယ်လို့ သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
၃၁ ရက် သြဂုတ် ၂၀၀၉။ မိုးမခ
တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းမှာ နယ်စပ်ရှိ ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးရာမှ စတင်ခဲ့ကြောင်း၊ ၎င်းတို့ကို သွားရောက် ကယ်ဆယ်စဉ် ကိုးကန့်တပ်ဖွဲ့က စတင် ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။ တိုက်ပွဲမှာ ၃ ရက် ကြာခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း “တပ်မတော်သား ကျဆုံး ၁၁ဦး၊ ဒဏ်ရာရ ၃၄ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကျဆုံုး ၁၅ ဦး၊ ဒဏ်ရာရ ၁၃ဦး၊ ဦးဖုန်ကြားရှင်ကို သစ္စာခံသော ကိုးကန့်တပ်ဖွဲ့ဝင်များမှ အလောင်းရှစ်လောင်း” ကို တွေ့ရသည်ဟု ဆိုသည်။
အထူးဒေသ (၁) ကို ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့က အုပ်ချုပ်ခဲ့သော်လည်း ယခုအခါ ယာယီဦးစီးကော်မတီ အသစ် ဖွဲ့စည်းထားသည်ဟု ဆိုသည်။
ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ခေါင်းဆောင် ၄ ဦးကို အပြစ်ပုံချထားပြီး တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များအားလုံးကို အရေးယူမည်မဟုတ်ဟု ကြေညာလိုက်သည်။ ခေါင်းဆောင် ၄ ဦးမှာ “ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင် နှင့် ဦးဖုန်တာလီ” တို့ ဖြစ်သည်ဟု ဆိုသည်။
တပ်ဖွဲ့ဝင်များအား “လောက်ကိုင်မြို့ရှိ ကိုးကန့်ဒေသ ယာယီ ဦးစီး ကော်မတီသို့ ဆက်သွယ် ၀င်ရောက်ကြရန်” ဟု စစ်အစိုးရက ကြေညာထားသည်။
ယာယီဦးစီးကော်မတီ အသစ် ကလည်း ကြေညာချက် ထုတ်ပြန်ထားရာ သတင်းစာတွင် ဖော်ပြထားသည်။ ကိုးကန့်ဒေသရှိ လက်နက်ခဲယမ်း ထုတ်လုပ် ရောင်းချသော စက်ရုံကို အစိုးရက ၀င်ရောက် သိမ်းပိုက်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး “ခေါင်းဆောင်များအတွင်းတွင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုများ” ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယခုအချိန်အထိ ဦးဖုန်ကြားရှင် ဘက်မှ လည်းကောင်း၊ ကိုးကန့်အဖွဲ့၏ မဟာမိတ် တိုင်းရင်းသားအဖွဲ့များ ထံမှ လည်းကောင်း တစုံတရာ သဘောထား ထုတ်ပြန်ခြင်း မရှိသေးပေ။
၃၁ ရက် သြဂုတ် ၂၀၀၉။ ခေတ်ပြိုင်
ကိုးကန့်နယ်မြေအတွင်းသို့ မကြာသေးမီရက်ပိုင်းကစ၍ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်နေကြသည့် ကုန်သည်ကြီးများ၏ ဂိုဒေါင်များကိုဖောက်ပြီး ပစ္စည်းများသိမ်းယူနေသည်။ယခုလ (၂ဝ) ရက်တွင် ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့က နအဖနှင့်ဆက်ဆံရေး ယာယီရပ်စဲလိုက်ကြောင်း ကြေညာလိုက်သည့်အချိန်တွင် ဒေသအတွင်း စစ်မက်ဖြစ်ပွားတော့မည်ကို စိုးရိမ်ကြသည့် တရုတ်-မြန်မာနယ်စပ် ကုန်သည်များက ၎င်းတို့ ကုန်ပစ္စည်းများအား ချင်းရွှေဟော်မြို့အတွင်းရှိ ဂိုဒေါင်များတွင် သိမ်းဆည်းသော့ခတ်ကာ မြန်မာပြည်အတွင်းပိုင်းသို့ တိမ်းရှောင်ခဲ့ရာ ကိုးကန့်နယ်မြေသို့ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ယခုကဲ့သို့ ပစ္စည်းများယူနေခြင်းဖြစ်ကြောင်း ချင်းရွှေဟော်ကုန်သည်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “အဲဒီမှာ ဂိုဒေါင် အလုံး (၃၀) လောက်ရှိတယ်။ ဆန်တို့၊ ဆီတို့၊ ဟင်းချိုမှုန့်တို့၊ တရုတ်ဘက်က လူသုံးကုန်ပစ္စည်းတို့ အားလုံးဂိုဒေါင်ထဲ ထည့်ထားခဲ့ပြီး ဆင်းပြေးသွားကြတာ။ သူတို့သုံးနေတဲ့ ကွန်ပျူတာတို့၊ တီဗွီတို့ကအစ ထုတ်ယူကုန်တာ။ တချို့ကုန်သည်တွေ ထားခဲ့တာ သိန်းထောင်ချီပြီး တန်ဖိုးရှိတယ်။ သူတို့ အလုပ်သမားတွေနဲ့ ပစ်ထားခဲ့ရတာ။ အခုတော့ အလုပ်သမားတွေက တွေ့ပေမယ့် အခုအချိန်မှာ ဘာမှပြောလို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ရှိရာ လောက်ကိုင်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ချင်းရွှေဟော်မြို့တွင် အစောပိုင်း နှစ်ကာလများကတည်းက နအဖစစ်တပ်များ ရှိနေခဲ့ပြီး ယခုလ (၂၅) ရက်တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ကိုးကန့်နယ်မြေအတွင်းသို့ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်ခဲ့သည်။ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်အကြား ယခုလ (၂၇) ရက်မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေစဉ်အတွင်း တပ်မ (၃၃) လက်အောက်ခံ တပ်များ၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေစိုက် အမှတ် (၁)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ကိုးကန့်တပ်ဖွဲ့များအား ချေမှုန်းရန်နှင့် နယ်မြေစိုးမိုးရန်အတွက် ကိုးကန့်နယ်မြေအတွင်းသို့ စစ်ဆင်ရေး ဝင်ရောက်ခဲ့သည့် နအဖစစ်တပ်များသည် ကျေးရွာများအတွင်းရှိ နေအိမ်များမှ ပစ္စည်းများ၊ စားသောက်စရာများပါ ယူနေကြသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူတဦးက ပြောသည်။၎င်းက “အခုက စစ်ပြေးတယ်ဆိုတော့ ရှိတဲ့ ရွှေ၊ ငွေလေး၊ အဝတ်အထည်နည်းနည်းပါးပါးနဲ့ ပြေးကြတာ။ ပရိဘောဂပစ္စည်းတွေ၊ တီဗီတွေ ဒီအတိုင်း ပစ်ထားခဲ့ရတာ။ ကိုးကန့်ကျေးရွာတွေကျတော့ တရုတ်နှစ်သစ်ကူးကာလ စားသောက်ဖို့ဆိုပြီး အိမ်တိုင်း လိုလို ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဆီတို့ဖူး၊ မုံညှင်းချဉ်၊ ပဲငါးပိ အဲလိုမျိုးတွေ ကိုယ့်ဘာသာလုပ်ပြီး လှောင်တဲ့ ဓလေ့တွေရှိကြ တယ်။ စစ်သားတွေက ရွာတွေကို ဝင်ရှင်းနေတော့ အဲလို စားသောက်စရာတွေကိုတောင် အလွှတ်ပေး၊ ချန်ထားတာ မဟုတ်ဘူး” ဟု ပြောသည်။၁၉၈၉ ခုနှစ်ကတည်းကစ၍ ပထမဆုံး အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေသည် အနှစ် (၂ဝ) ကြာ တိုက်ပွဲများ ရပ်စဲထားရာမှ ယခုလ (၂၇) ရက်တွင် ဒေသအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံလူထု သုံးသောင်းကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
၂၉ ရက် သြဂုတ် ၂၀၀၉။ ခေတ်ပြိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီမှ အရာရှိ (၃) ဦးနှင့် ယမန်နေ့ ညနေပိုင်းတွင် အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ယင်းသို့ဆွေးနွေးရာတွင် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေတို့နှင့်အတူ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနှင့် ရုံးအဖွဲ့မှူး ဦးလှမင်းတို့လည်း ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံလက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။မြန်မာ့နိုင်ငံရေးဆွေးနွေးရာတွင် အမေရိကန်အောက်လွှတ်တော် အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုက်တွန်းသည့် သဘော၊ ဆောင်ရွက်သင့်သည်ဆိုသည့်သဘောမျိုး ပြောဆိုဆွေးနွေးခြင်းမရှိကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။အန်အယ်လ်ဒီဘက်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့သဘောထားရှိသည်၊ ရွေးကောက်ပွဲပြီးပါက မည်သို့ဖြစ်လာမည် ဆိုသည့်အခြေအနေနှင့် လက်ရှိအပစ်အခတ်ရပ်စဲရေးအဖွဲ့များနှင့် မပြေမလည်ဖြစ်နေသည့် အခြေအနေပေါ်တွင် အန်အယ်လ်ဒီ က ဆုံးဖြတ်နိုင်ခြင်းမရှိသေးသည့် အချက်များကို ရှင်းပြခဲ့ကြောင်း သိရသည်။ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဦးစိုးမြင့်က ရှင်းပြပါတယ်။ လက်ရှိအားဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ရင် နောက်ဆုံးဖြစ်ပေါ်နေတဲ့ နယ်စပ်မတည်မငြိမ်မှု၊ ဒါတွေကို ထည့်သွင်းသုံးသပ်ရမယ်။ နောက်တခုက ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တချို့သောနေရာတွေမှာ ဥပဒေမပြဋ္ဌာန်းသေးဘဲနဲ့ တချို့သောပါတီတွေက ဆိုင်းဘုတ်ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ကြွေးကြော်နေတယ်။ ဒီလိုအခြေအနေတွေကို သူတို့ကို ရှင်းပြတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီကသော်လည်းကောင်း၊ မစ္စတာဘန်ကီမွန်းကသော်လည်းကောင်း အားလုံးပါဝင်နိုင်ရေးလို့ ပြောပြီး ဒီလိုအခြေအနေဖြစ်ပေါ်နေတယ်။ အဲလိုဖြစ်ပေါ်နေတဲ့အခြေအနေမှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဟာ ဆုံးဖြတ်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကို သူတို့ကို ရှင်းပြခဲ့တာပါ” ဟု ဆက်လက်ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ လက်ရှိနေထိုင်ရသည့်အခြေအနေနှင့် ထိန်းသိမ်းထားသည့်အခြေအနေကိုလည်း အမေရိကန်အရာရှိများက မေးမြန်းကြသဖြင့် ယင်းအခြေအနေများကို ၎င်းကိုယ်တိုင်ရှင်းလင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။၎င်းက “ကျနော်က ပြောပြလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က (၃) နှစ်ထောင်ဒဏ်ကျတယ်။ အဲဒီထဲမှာ (၁) နှစ်ခွဲကို ပယ်ဖျက်လိုက်ပြီ၊ (၁) နှစ်ခွဲကျန်တယ်။ ကျန်တဲ့ အဲဒီ (၁) နှစ်ခွဲကို ဆိုင်းငံ့ထားတယ်။ ဆိုင်းငံ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ လွတ်လပ်စွာနေထိုင်ခွင့်ရှိရမယ်၊ သို့သော်လည်းပဲ မလွတ်လပ်ဘူး၊ အကျဉ်းကျတယ်။ အဲလိုအကျဉ်းကျတာဟာ နအဖအစိုးရရဲ့အမိန့်ကြောင့်။ အဲဒီအမိန့်ကလည်း ဥပဒေမှာ ဒီလိုဆောင်ရွက်ခွင့်မရှိဘူးဆိုတာကို ကျနော်ရှင်းပြတယ်” ဟု ပြောသည်။နိုင်ငံရေးအကျဉ်းသားများ (၂,၀၀၀) ကျော်ရှိနေသည်ကို အမေရိကန်အရာရှိများက သိနေပြီး ထိုအကျဉ်းသားများ၏ ထောင်တွင်းနေထိုင်ရသည့် အခြေအနေကိုမေးမြန်းကြောင်း၊ ယင်းအခြေအနေများကို ထောင်တွင်းအတွေ့အကြုံများသည့် ဦးခင်မောင်ဆွေနှင့် ဦးအုန်းကြိုင်တို့က ရှင်းပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ထို့အပြင် အန်အယ်လ်ဒီပါတီအတွင်း generation gap ဖြစ်နေသည့်ကိစ္စကိုလည်း မေးမြန်းခဲ့သဖြင့် အဖွဲ့ဝင်လူကြီးများက အဖွဲ့ချုပ်တွင် လူငယ်များသည် နဂိုကတည်းက စိတ်ဓာတ်ရှိပြီးသား လူငယ်များဖြစ်သည့်အတွက် new generation အင်အားများသည် ရှိပြီးသားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အမေရိကန်အောက်လွှတ်တော် အရာရှိများမှာ ဒီမိုကရက်တစ်ပါတီမှ Lynne Weil နှင့် Jessica Lee၊ ရီပတ်ဘလီကန်ပါတီမှ Dennis Halpin တို့ဖြစ်ပြီး ၎င်းတို့သည် (၄) ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ် အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ထိုသို့အရာရှိများ လာရောက်မေးမြန်းမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “သူတို့ပြောတဲ့စကားတွေအရပဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ လာရောက်စုဆောင်းတယ်ဆိုတာ ပေါ်နေတယ်။ ဘယ်အတွက်လဲဆိုတာက ကွန်ဂရက် အတွက်လား၊ မူဝါဒသစ်အတွက်လား ဒါတော့ ကျနော်တို့လည်းမသိပါဘူး” ဟု ပြောသည်။ယခုကဲ့သို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အရာရှိ (၃) ဦး၏ မြန်မာနိုင်ငံခရီးစဉ်သည် သြဂုတ် (၁၄) ရက်တွင် မြန်မာနိုင်ငံသို့ (၃) ရက်ကြာလာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ခရီးစဉ် အပြီး လာရောက်ခြင်းဖြစ်သည်။မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်းပါးတပုဒ်ကို သြဂုတ် (၂၆) ရက်ထုတ် New York Times သတင်းစာတွင် ရေးသားထားပြီး အဆိုပါဆောင်းပါးတွင် အတိုက်အခံ အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ဖို့စဉ်းစားစေချင်ကြောင်း တိုက်တွန်းထားသည်။အဆိုပါ မစ္စတာဝက်ဘ်၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ၏ သဘောထား မည်သို့ရှိသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် (၂၇) ရက်တွင် အယူခံကိစ္စသွားရောက်တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းအား ခေတ်ပြိုင်က မေးမြန်းခဲ့သည်။၎င်းက “ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ခြုံငုံပြီးတော့ သုံးသပ်ချက်ပေးပါတယ်။ တခုချင်း တခုချင်းတော့ သူမပြောဘူး။ သူပြောတာက မစ္စတာဝက်ဘ်ရဲ့ ပြောဆိုရေးသားနေတဲ့ဟာတွေက အိုဘားမားမူဝါဒတွေလို့ သူမယုံကြည်ဘူးတဲ့” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီသဘောထားကို ယခုကဲ့သို့ ရှင်းပြသည်။“ကျနော်တို့ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး စဉ်းစားတာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူလူထုအတွက် အကျိုးရှိလား၊ မရှိလားဆိုတာ ကျနော်တို့လိုချင်တာဖြစ်တယ်။ အဲဒါတွေ လုံးဝမှမရနိုင်ရင် ဘာမှလုပ်စရာမရှိတော့ဘူး” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
၂၉ ရက် သြဂုတ် ၂၀၀၉။ မိုးမခအထောက်တော်
သြဂုတ်လ ၁၆ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်မှာ ဒေါ်စုလွတ်မြောက်ရေးစာတမ်းများ ဖြန့်ချိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ မမာမာအေးကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၆ က ကျောက်မြောင်းအင်တာနက်ဆိုင်မှာ ဖမ်းဆီးခံရသူ ကိုနိုင်ငံလင်း ဆိုသူကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ၎င်းသည် အင်န်အယ်ဒီရုံးချုပ်မှာ အင်္ဂလိပ်စာ ပြနေသူတဦး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ က နေအိမ်တွင် ဖမ်းဆီးခံရသူ ကိုမင်းသိန်းကိုလည်း ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ နိုင်ငံခြားရေးရာ ၀န်ထမ်းများနဲ့ အင်န်အယ်ဒီလူကြီးများတွေ့ဆုံနေချိန်မှာ နိုင်ငံရေးဖိနှိပ်မှုတွေကို စစ်အုပ်စုက ဆက်လက်ဆောင်ရွက်နေဆဲပဲလို့ သတင်းပို့သူက မှတ်ချက်ပေးပါတယ်။
၂၉ ရက် သြဂုတ် ၂၀၀၉။ နိရဉ္စရာ
ရသေ့တောင်မြို့နယ် အလယ်ချောင်းကျေးရွာတွင် ရုတ်တရက် လေဆင်နှာမောင်း ကျရောက်မူကြောင့် အိမ်အများအပြား ပျက်စီးသွားပြီး လူများ ထိခိုက်ဒဏ်ရာ ရရှိသွားသော်လည်း စစ်အစိုးရထံမှ အကူအညီ တစုံတရာ ရရှိခြင်း မရှိကြောင်း သိရသည်။ အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက “အကူအညီ ရမယ်ဆိုပြီး အစိုးရဆီက အကူအညီကို မျှော်နေတာ ခုချိန်ထိ ဘာမှ မရသေးပါဘူး။ ယူအန်က အကူအညီ တချို့တော့ ရရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေးဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။
အလယ်ချောင်းကျေးရွာမှာ နတ်ချောင်းကျေးရွာအုပ်စုတွင် တည်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိသော ကျေးရွာ တရွာ ဖြစ်သည်။ ဇူလှိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ရုတ်တရက် လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် အိမ်ခြေ ၇၀ ခန့် ပြိုပျက်သွားပြီး တချို့အိမ်များမှာ လေထဲသို့ ပါသွားခဲ့သည်။“စုစုပေါင်း လူ ၁၀ ဦးလောက် ဒဏ်ရာရသွားပါတယ်။ လူကြီးတဦးနဲ့ ကလေးတဦးကတော့ လက်တွေကျိုးပြီး အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်” ဟုသူက ပြောသည်။လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ဒေအတွင်းရှိ ယူအန်အိပ်ခ်ျစီအာရ်မှ အရာရှိများ ရောက်ရှိလာပြီး ဒုက္ခရောက်သွားသော မိသားစုများကို အကူအညီများ လာပေးသွားခဲ့သည်။“ယူအန်က ပေးတာကတော့ အိမ်ထောင်စု တစုစီကို ဆန်တအိတ်၊ အိုးနှစ်လုံး၊ အိမ်မိုးတဲ့ ပလစတစ်အမိုးပြား တခုနဲ့ ငွေ ၅၀၀ စီပေးပါတယ်။ အစိုးရဆီကတော့ ဘာဆို ဘာမှ မရပါဘူး” ဟု ပြောသည်။စစ်အစိုးရ အာဏာပိုင်များ အနေဖြင့် လာရောက် စစ်ဆေးမူ မရှိသဖြင့် ဒဏ်ရာ ရရှိသွားသူများ အနေဖြင့် ကိုယ့်စရိတ်ဖြင့်ကိုယ် ဆေးရုံတွင် ဆေးကုသ ရသည်ဟု သိရသည်။ရခိုင်ပြည်နယ်တွင် မိုးရာသီ အတွင်း ပုံမှန် အပူပိုင်း မုန်တိုင်းများ တိုက်ခတ်လေ့ရှိသော်လည်း ယခုကဲ့သို့ လေဆင်နှာမောင်း တိုက်ခတ်မူ မရှိကြောင်း သိရသည်။ ယခုကဲ့သို့ လေဆင်နှာမောင်းတိုက်ခတ်မူကြောင့် ဂွမြို့နယ်နှင့် အမ်းမြို့နယ်တွင်လည်း ဇူလိုင်လ အတွင်းက လူအသေအပျောက်များ ရှိခဲ့သည်။ ဇူလှိုင်လ ၂၅ ရက်နေ့ နံနက်က ဂွမြို့နယ် ပလ္လင်မော်ကျေးရွာမှ ကျွန်းနံ့သာ ကျေးရွာသို့ သွားရောက်သည့် ငါးဖမ်းစက်လှေ တစီးသည် လေဆင်နှာမောင်း တိုက်ခတ်စဉ် နစ်မြုပ်သွားခဲ့ သဖြင့် စက်လှေနစ်မြုပ်သွားခဲ့ပြီး လူ ၅ ဦးပျောက်ဆုံးခဲ့သည်။ အလားတူ ဇူလှိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အမ်းမြို့နယ် တောင်စီသာ ကျေးရွာ အနီး၌ တပ်တောင်မှ ခုတ်မောင်းလာသော စက်လှေ တစီးသည် လေဆင်နှာမောင်း တိုက်ခတ် မူကြောင့် နစ်မြုပ်သွားခဲ့ပြီး စက်လှေမောင်း ဦးစောရွှေသိန်းမှာ သေဆုံးသွားခဲ့သည်။
၂၈ ရက် သြဂုတ် ၂၀၀၉။ သျှင်ထွီးခိုင်(အလွတ်သတင်းထောက်)
ရခိုင့်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ နိုင်ရန် တာင်ကိုးရီးယား ဒေဝူး ကုမ္ပဏီ ဦးဆောင်သော စွမ်းအင် ကော်ပိုရေးရှင်းက ကန်ထရိုက်ရရှိ သွားခဲ့သည်။ ဒေါ်လာ သန်းပေါင်း ငါးထောင် ခြောက်ရာတန်ဖိုးရှိသည့် သဘာဝ ဓာတ်ငွေ့ကို ဒေဝူးကုမ္ပဏီ ဦးဆောင်သည့် စွမ်းအင် ကော်ပိုရေးရှင်းက တရုတ်နိုင်ငံပိုင် CNPC ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီအတွက် ၂၀၁၃ ခုနှစ်မှစပြီး နှစ်ပေါင်း သုံးဆယ်အတွင်း တင်ပို့မည်ဖြစ်သည်။
အဆိုပါ စာချုပ်အရ ဒေဝူးကုမ္ပဏီက ၅၁ ရာခိုင်နှုန်း အိန္ဒိယ နိုင်ငံပိုင် ONGC ရေနံကုမ္ပဏီ က ၁၇ ရာခိုင်နှုန်းနှင့် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ အိန္ဒိယ ရေနံကုမ္ပဏီ (Gal) နှင့် တောင်ကိုးရီးယားကုမ္ပဏီ (Co-gas) တို့မှာ ကျန်ရှယ် ယာဝေစုများကို ရရှိကြမည်ဟု ဒေဝူး အင်တာနယ်ရှင်နယ်က ပြောသည်။ ရခိုင် ကမ်းရိုးတန်းရှိ ရွှေလုပ်ကွက်နှင့် ရွှေဖြူလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ ကို ပင်လယ်ရေအောက်ကြမ်းပြင်မှ ပိုက်လိုင်း သွယ်တန်းပြီး ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့မှ တဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ပိုက်လိုင်းဖေါက်လုပ်ကာ တည်ဆောက်မည် ဖြစ်သည်။ ကမ်းလွန် တွင်းတူးစင်နှင့်ပင်လယ်ရေအောက် ပိုက်သွယ်တန်းရေး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီအချိန်အတွင်း စတင်မည်ဟု သိရသည်။
၂၈ ရက် သြဂုတ် ၂၀၀၉။ ဗွီအိုအေ
မြန်မာနိုင်ငံ အရှေ့ပိုင်းက တရုတ်ပြည်နဲ့ကပ်လျက် ရှမ်းပြည်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ် အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အရပ်သား ထောင်သောင်းချီ နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲကို ထွက်ပြေးနေကြပါတယ်။
တရုတ်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကိုးကန့်ဒေသက လောက်ကိုင်မြို့မှာ မြန်မာစစ်တပ် နေရာယူထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
စစ်အစိုးရ တပ်ဖွဲ့တွေနဲ့ MNDAA မြန်မာပြည် အမျိုးသား သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်မှာကြောက်လို့ ဒေသခံတွေ ထွက်ပြေးကြတာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရထားတဲ့ ကိုးကန့်တပ်ဖွဲ့ဟာ နှစ်ခြမ်းကွဲပြီး ကိုးကန့်အဖွဲ့ထဲက တချို့က စစ်အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပါဝင်ဖို့ မြန်မာစစ်တပ်နဲ့ ပူပေါင်းသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်းမှာ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်ထဲကို မြန်မာနိုင်ငံက ဒုက္ခသည် ၁၀,၀၀၀ ကျော် ၀င်ရောက်လာခဲ့တယ်လို့ တရုတ် သတင်းမီဒီယာတွေမှာလည်း ဖော်ပြနေကြပါတယ်။
၂၆ ရက် သြဂုတ် ၂၀၀၉။ ဉာဏ်မောင် (ရိုးမ၃)
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ပေါ်ရှိ လူငယ်အချို့အား အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ဖမ်းဆီးခံရသူများ၏ နေအိမ်များသို့ အာဏာပိုင်များက ၀င်ရောက်ရှာဖွေခြင်းများရှိပြီး ၎င်းတို့အား ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု သံသယရှိ၍ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။
“ရဲလည်းပါတယ်၊ စစ်တပ်လည်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ ဝေတဲ့ကိစ္စကို လိုက်ရင်းနဲ့ ဖမ်းတာပေါ့လေ၊ ဖမ်းထားတဲ့ လူငယ်တွေက ဟိုတလောတုန်းက အယောက် ၃၀ လောက် ငပလီဘက်ကို သွားတာ၊ အယောက် ၃၀ ပြည့်အောင် ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ၊ အဲ့ဒီထဲက သုံးလေးယောက်ပဲ ဖမ်းသေးတယ်၊ ခုဖမ်းထားတဲ့ သူတွေက အဲ့ဒီလူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး လုပ်နေတာပါ” ဟု ဒေသခံတဦးက ပြောသည်။ဖမ်းဆီးခံရသူများမှာ ဖြူဖွေး၊ မောင်ဝိုင်းနှင့် ကိုအောင်ဆိုသူများ ဖြစ်ပြီး ၎င်းတို့၏မိဘများမှာ နိုင်ငံဝန်ထမ်းများဖြစ်ကြကာ ကိုအောင်ဆိုသူမှာ ဆောက်လုပ်ရေးဌာန ၀န်ထမ်းတဦးဖြစ်ပြီး ‘Soft Guide’ အမည်ရ ကွန်ပြူတာနှင့် ဗွီစီဒီဆိုင် ဖွင့်ထားသူဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။စစ်အစိုးရအာဏာပိုင်များက ငပလီသို့သွားသည်ဆိုသည့် လူငယ် ၃၀ မှာ တဖက်နိုင်ငံရှိ အဖွဲ့အစည်းများ၏ သင်တန်းသို့ သွားတက်သည်ဟု သံသယဖြစ်ပြီး ယခုဖမ်းဆီးထားသူများနှင့် ဆက်စပ်ပတ်သက်နေသည်ဟု ယူဆနေကြောင်း ဒေသခံများက ပြောသည်။“ရွှေဟင်္သာ နောက်ပေါက်ရပ်ကွက်က ၀န်ထမ်းအိမ်ယာမှာ နေတဲ့ ဖြူဖွေးရဲ့အိမ်ကို စစ်တပ်နဲ့ ရဲ အင်အား ၄၀ လောက်က (၂၃) ရက်နေ့၊ ည (၁၁) နာရီ၊ မိနစ် (၂၀) လောက်မှာ ၀င်ပြီး ၃ ရက်အတွင်း လက်နက်တွေ ထုတ်ပေး၊ မထုတ်ပေးရင် မိဘတွေကိုပါ ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဖြူဖွေး၏မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။ယခုဖမ်းဆီးမှုတွင် ပြည်မြို့ ဥသျှစ်ပင်ရပ်ကွက်တွင် နေထိုင်သူ အမည်မသိနှစ်ဦးနှင့် အောင်လံမြို့မှတဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများ ဖြန့်ဝေခြင်းသာမက အခြားစွပ်စွဲချက်များပါ ပါဝင်နေပြီး မိသားစုအနေဖြင့် ၎င်းတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယနေ့ထိတိုင် မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။စစ်အစိုးရအနေဖြင့် နိုင်ငံအနှံ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်န်အယ်ဒီလူငယ်များနှင့် တက်ကြွသည့် လူငယ်များ၏ ပုံသဏ္ဍာန်မျိုးစုံနှင့် လှုပ်ရှားမှုအား စောင့်ကြည့်လေ့လာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် မကြာမီကျရောက်တော့မည့် စက်တင်ဘာ သံဃာလှုပ်ရှားမှုကာလအတွင်း ဆန္ဒပြ လှုပ်ရှားမှုများ မဖြစ်ပေါ်အောင် ပြည်နယ်၊ တိုင်းနှင့် မြို့နယ်အသီးသီးတွင် လုံခြုံရေးများ ပိုမိုချထားလာသည်။ယခုလဆန်း (၆) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပို့စ်ကဒ်လှုပ်ရှားမှုတခုကို မကွေးတိုင်း၊ ချောက်မြို့ပေါ်အနှံ့ ပြုလုပ်ခဲ့ရာ အဆိုပါကိစ္စအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် အဆိုပါမြို့မှ ရဲဝန်ထမ်း ၇ ဦးအား ဖမ်းဆီးကာ အချို့ကို တပတ်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ယင်းနောက်ပိုင်းတွင် စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားမှုများအား ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသည့် သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူများအား အရေးယူမည်ဟု အတိအလင်း ထုတ်ပြန်ထားသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ဖြစ်ပေါ်နေသည်ဟု ပြည်မြို့ရှိ ဒေသခံများက သုံးသပ်ကြသည်။
၂၆ ရက် သြဂုတ် ၂၀၀၉။ သျှမ်းသံတော်ဆင့်
ကိုးကန့်နှင့် စစ်အစိုးရတပ်ဆက်ဆံရေးတစထက်တစအခြေအနေတင်းမာလာမှုကြောင့် နှစ်ဖက်အကြား အချိန်မရွေး ပစ်ခတ်မှုဖြစ်ပွားနိုင်သဖြင့် တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (China’s People’s Liberation Army ) အင်အား ၇၀၀ ကျော်ကလည်း ကိုးကန့်ဒေသနှင့်မျက်နှာချင်းဆိုင် နယ်စပ်တလျှောက်သို့ ရောက်ရှိအသင့်နေရာယူလျက်ရှိကြောင်း အပစ်ရပ်အဖွဲ့တဖွဲ့ထံမှ သိရသည်။ယခု ၂-၃ ရက်အတွင်း ကိုးကန့်မြို့တော်လောက်ကိုင်အနီးအနားပတ်ဝန်းကျင်တခုလုံး ဗမာစစ်တပ်အင်အား ၂၀၀၀ ကျော် ၀ိုင်းရံနေရာယူထားသည်ဟုလည်း သိရသည်။
“ဗမာစစ်တပ်တွေ အခွင့်ကောင်းကိုစောင့်နေတာဘဲ။ ကိုးကန့်အဖွဲ့အကွဲအပြဲအက်ကြောင်းပေါ်ရင်ပေါ်သလိုသပ်လျှိုဝင်စီးမဲ့ အနေအထားဖြစ်နေတယ်” ဟု အမည်မဖော်လိုသည့် ၀ အရာရှိတဦးကပြောသည်။ကိုးကန့် ဥက္ကဌ ဖုန်ကြားရှင်းမှ သြဇာအာဏာအားလုံး လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသည် ဟုစွပ်စွဲပြီး ၎င်း၏ဒုစစ်ဦးစီးချုပ် ဖြစ်သူ ပိုင်စုန်ချိန်၊ အုပ်ချုပ်ရေးဌာနတာဝန်ခံ မီရှောက်ထင် ၊ အီးစီအဖွဲ့ဝင် လီကိုရှီး နှင့် တပ်မှူး လီအေ တို့က အင်အား ၁၀၀ ကျော်ဖြင့် ဖုန်ကြားရှင်အား ပုန်ကန်အာဏာသိမ်းရန်အတွက် နအဖတပ်နှင့်ပူးပေါင်းသွားရာမှ အခြေအနေပိုမိုဆိုးရွား ရှူပ်ထွေးခဲ့သည်။ယင်းဆန့်ကျင်သူများအနက် တဦးဖြစ်သူ ဝေရှောက်ယန် ကိုမူ ဖုန်ကြားရှင်းတပ်ဖွဲ့ဘက်ကဖမ်းဆီးထားကြောင်းသိရ သည်။“ပိုင်စုန်ချိန်နဲ့ပါသွားတာ အင်အား ၁၀၀ကျော်လောက်ရှိမယ်။ ဒါပေမဲ့ နောက်ပိုင်း ဖုန်ကြားရှင်းဖက်ကပြန်ခေါ်တော့ အားလုံးနီးပါးပြန်လာတယ်။ ၁၀ ယောက်ကျော်ဘဲကျန်တယ်”ဟု ယင်းအရာရှိကပြောသည်။ထိုအာဏာဖီဆန်မှုမျိုး လွန်ခဲ့သောနှစ်များ၌ ရှိခဲ့ဖူးသော်လည်း ယခုဖီဆန်ကွဲပြဲမူအပေါ်သည် ဗမာစစ်တပ်ဘက်က ကိုးကန့်၏ ဟာကွက်ကို ပိုင်ပိုင်နိုင်နိုင်အမြတ်ထုတ်လိုပုံရသည်ဟု ပြောဆိုကြသည်။သြဂုတ် ၂၁ ရက် လောက်ကိုင်ဒေသခံ ဗမာစစ်တပ်က လောက်ကိုင်အရှေ့ဘက်တွင်ရှိသည့် ဖုန်ကြားရှင်း၏ လက်နက်ပြင် စက်ရုံကိုသွားရောက်ရှာဖွေသိမ်းဆည်းခဲ့ပြီး နောက်တစ်ရက် ဖုန်ကြားရှင်း၊ ဖုန်ကြားဖူးနှင့် ဥက္ကဌ၏သား နှစ်ဦးတို့အား လားရှိုးရဲစခန်းက ဖမ်းဝရန်းထုတ်၍ ဆင့်ခေါ်လိုက်သည်။ သို့သော် ၎င်းတို့လေးဦးလည်း သွားရောက်ခြင်းမရှိသဖြင့် ၂၃ ရက်နေ့၌ ဖုန်ကြားရှင်းနေအိမ်ကို ၀ိုင်းရံခဲ့သည်။ယခုနောက်ဆုံးသတင်းအရ ကိုးကန့်တပ်ဖွဲ့များသည် လောက်ကိုင်အရှေ့မြောက်ဘက်ရှိ ၎င်းတို့၏ဗဟိုဌာနချုပ်ရုံးသို့ ယမန်နေ့ညကတည်းက ဆုတ်ခွာသွားခဲ့သည် ဟုသိရသည်။“မနေ့ညတုန်းကလည်း ပစ်ကြတော့မလို့ဘဲ၊ တရုတ်အာဏာပိုင်တွေ ဖျောင်းဖျတားမြစ်တော့ ကိုးကန့်ဘက်က ညတွင်းချင်း အဆင့် ၂ ဆင့်ဆုတ်ခွာနေရာယူလိုက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်၌ ဖုန်ကြားရှင်းက ၎င်း၏ တပ်မှူးများအား ဗမာတပ်များ ဌာနချုပ်ရုံးအနီးထပ်မံကျူးကျော်လာ ပါက ချက်ချင်းပစ်ခတ်နိုင်ကြောင်း အမိန့်ချဆင့်ဆိုလိုက်သည် ဟု ဆိုသည်။ယင်းကိစ္စနှင့်ပက်သက်၍ စစ်ရေးလေ့လာသူများက နအဖစစ်အာဏာပိုင်များသည် အပစ်ရပ်အုပ်စုအချင်းအချင်း အထင်အမြင်လွဲကွဲပြဲစေရန် ကြားထဲမှ အဆက်မပြတ်သွေးဆောင်ထိုးဆွ၍ အခွင့်ကောင်းယူ အမြတ်ထုတ်သောနည်းဖြင့် ပစ်ခတ်မှုမရှိဘဲ စီးနင်းသိမ်းပိုက်မည်ဟု သုံးသပ်ကြသည်။“အခုလဲ ၂၀၀၀ခုနှစ်တုန်းက မိန်းကိုး မှာဖြစ်ခဲ့တဲ့ကိစ္စမျိုးထပ်ဖြစ်အုံးမယ်ထင်တယ်” ဟု တရုပ်စီးပွားရေးသမားတစ်ဦးက လည်း ပြောဆိုသည်။ကိုးကန့်၏မဟာမိတ် ၀တပ်ဖွဲ့နှင့် အခြားတပ်ဖွဲ့ဝင်များအဖို့ ကိုးကန့်ဘက်မှဖိတ်ခေါ်မူမရှိမချင်း၊ သို့မဟုတ် နအဖတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုမရှိမချင်း၊ ၎င်းတို့အနေနှင့်ဝင်စွက်ဖက်မည်မဟုတ်ဟု အမည်မဖော်လိုသည့် ၀အရာရှိတစ်ဦးထံမှ သိရသည်။“အခုအချိန် သူတို့ကိုကူညီနိုင်တာက သူတို့အချင်းချင်း ငြိမ်းချမ်းစွာပြန်လည်သင့်မြတ်အောင် ဖြန်ဖြေပေးရေးဘဲဖြစ်မယ် ထင်တယ်” ဟု သူကဆိုသည်။စက်ရပ်သတင်းရေးပြီးချိန် ၂၁း၀၀နာရီ (ထိုင်းစံတော်ချိန်)
၂၅ ရက် သြဂုတ် ၂၀၀၉။ နိရဉ္စရာ
မောင်တောမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံ အရပ်သားများအား ငွေမပါလျှင် ဆေးရုံတက်ခွင့် မပြုသော်လည်း ဗမာပြည်မှ ပြောင်းရွှေ့လာသူ နတလ စံပြကျေးရွာသား ဗမာ မိသားစုများကိုမူ အခကြေးငွေ တစုံတရာ ပေးသွင်းစရာ မလိုဘဲ အလကား ဆေးကုသ ပေးနေကြောင်း အမည် မဖေါ်လိုသူ အမျိုးသမီး တဦးက ပြောသည်။“ကျွန်မကလေး နေမကောင်းလို့ ဆေးရုံသွားပြတာ ဆေးရုံတင်ဖို့ ပိုက်ဆံ အလုံအလောက်ပါသလားလို့ ဆေးရုံ တာဝန်ရှိသူတွေက မေးပါတယ်။ ပိုက်ဆံပါတယ်ဆိုမှ ဆေးရုံကို သွင်းပါတယ်။ နတလ စံပြကျေးရွာသားတွေကျတော့ သူတို့က အလကား ကုသပေးတယ်။ သူတို့က ဗမာ လူမျိုးတွေကို ဦးစားပေးတဲ့ သဘောမျိုး လုပ်ထား ပါတယ်။ ကျွန်မတို့ဒေသမှာ ဗမာ လူမျိုးဆိုတာ ဒေသခံ ပြည်သူတွေနဲ့ မတူဘဲ အထူး အခွင့်အရေးအရ လူမျိုး တမျိုး ဖြစ်နေပါတယ်။”
အဆိုပါ အမျိုးသမီး၏ ၇ နှစ်ရွယ် သမီး ဖျားနာသဖြင့် မောင်တောဆေးရုံတွင် တက်ရောက် ဆေးကုသရာတွင် ဆေးပြားတပြားမှ အစ ဆေးရုံက မရရှိဘဲ အပြင်က ၀ယ်ယူသုံးစွဲခဲ့ရသည်ဟု သူမက ပြောသည်။ “စုစုပေါင်း သုံးရက်တိတိ ကုသခဲ့တာမှာ ကျပ် ၇ သောင်းကျော် ကုန်ပါတယ်။ ဆရာဝန် စမ်းသပ်ခက အစ အကုန်လုံး ပေးရပါတယ်။ ကျွန်မတို့နဲ့ တခန်းတည်း အတူနေပြီး ဆေးကုနေတဲ့ စံပြ ကျေးရွာသား ဗမာလူမျိုးတွေကိုတော့ ဆေးရုံက ဆေးတွေ အလာကား ထုတ်ပေးပြီး ကုသပါတယ်။ ဘာပိုက်ဆံမှ ပေးစရာမလိုပါ။ လူနာချင်း အတူတူ ကျွန်မတို့က အပြင်က ဆေးတွေကို ကိုယ့်ဟာကိုယ် ၀ယ်ယူပြီး ဆေးကုရပြီး ဗမာလူမျိုးတွေကျတော အလကား ဆေးကုခွင့်ရတာကို မြင်ရတော့ ကျွန်မတို့ စိတ်ထဲမှာ ဘယ်လိုပြောရမှန်းမသိဘူး။ တမျိုးကြီးခံစားရပါတယ်။ ကိုယ့်ကိုကိုယ် လူရာမ၀င်သလို စိတ်တွေ ဖြစ်မိပါတယ်” ။ ရခိုင်ပြည်နယ်ရှိ အစိုးရ ဆေးရုံများတွင် လူနာများအတွက် အစိုးရမှ ဆေးထုတ်ပေးသော စနစ်မှာ မရှိသလောက် ဖြစ်သွားပြီး ဆေးရုံတက်သူများ အနေဖြင့် ဆေးများကို ဆရာဝန်၏ ဆေးစာအတိုင်း အပြင် ဆေးဆိုင်များမှ ၀ယ်ယူပြီး သုံးစွဲရသည်။ထိုသို့ ၀ယ်ယူရာတွင်လည်း ဆေးများကို ဆရာဝန်မှ ညွန်ကြားသော ဆေးဆိုင်များမှ ၀ယ်ယူရပြီး ဆရာဝန်မှ မညွှန်ကြားသော ဆေးဆိုင်များမှ ၀ယ်ယူခြင်း မပြုလုပ်ရဟု သိရသည်။ နအဖ စစ်အစိုးရမှ ဗမာပြည်မှ ပြောင်းရွှေ့လာသူ စံပြ ကျေးရွာသားများမှာ နိုင်ငံတော် စီမံကိန်းအရ ပြောင်းရွှေ့လာသူများ ဖြစ်ကြသဖြင့် အစိုးရ ဆေးရုံများတွင် ငွေကြေး တစုံတရာ အကုန်အကျ မရှိစေဘဲ ဆေးဝါ့းကုသပေးရန် ညွန်ကြားထားသဖြင့် နတလ ကျေးရွာများမှ ဗမာမိသားစုများကို အစိုးရ ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့် ရရှိကြသည်ဟု သိရသည်။
၂၃ ရက် သြဂုတ် ၂၀၀၉။ မိုးမခအထောက်တော်
မြန်မာပြည်တွင်းက အတိုက်အခံအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို စစ်အုပ်စုက အဆက်မပြတ် စောင့်ကြည့်ပြီး ဖိအားပေးမှုတွေ၊ အနှောက်အယှက်ပေးတာတွေနဲ့ ခြိန်းခြောက်မှုတွေကို ကျုးလွန်နေဆဲဖြစ်တယ်လို့ သတင်းများကဆိုပါတယ်။
ပထမသတင်းတခုကတော့ - ကြို့ပင့်ကောက်မြို့နယ်က ကျောင်းတိုက်တခုကို စစ်တပ်က၀င်ပြီး ခြိန်းခြောက်မှုတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ပြန့်နှံ့နေတဲ့ သပိတ်မှောက်ရေး တိုက်တွန်းတဲ့စာများ၊ စစ်အစိုးရကို ကန့်ကွက်ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ ကြေငြာချက်များကြောင့် သံဃာတော်များကို စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်လာတယ်လို့ မှတ်ချက်ပေးပါတယ်။
တိုင်းက တဆင့်ညွန်ကြားထားလို့ မြို့နယ်သံဃာနာယကအဖွဲ့တွေက ရဟန်းငယ်များကို တာဝန်ပေးပြီးတော့ သံဃာအချင်းချင်းကိုလည်း စောင့်ကြည့်ခိုင်းတယ်လို့လည်း ဆိုပါတယ်။
ဒုတိယသတင်းတခုကတော့ ထောင်ဝင်စာသွားရောက်နေကြတဲ့ မိသားစုဝင်တွေကိုလည်း စစ်အုပ်စုရဲ့ လုံခြုံရေးအဖွဲ့ဝင်တွေသာမက နယ်မြေခံသတင်းပေးတွေပါ အနှောက်အယှက်တွေ ပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ထောင်ဝင်စာတွေ့ချိန်မှာ မိသားစုတွေ လွတ်လွတ်လပ်လပ်စကားပြောခွင့်မရှိအောင်လည်း ဆောင်ရွက်တယ်လို့လဲ ပြောကြပါတယ်။ နှစ်ရှည်ထောင်ဒဏ်ကျခံထားရတဲ့ ကျောင်းသားတဦးဖြစ်တဲ့ ဒီငြိမ်းလင်းအတွက် ထောင်ဝင်စာသွားတွေ့တဲ့ မိခင်ကို ကားဂိတ်မှာ ပိုက်စိတ်တိုက်ရှာပြီး အနှောက်အယှက်ပေးခဲ့တယ်လို့ မျက်မြင်တို့က ပြောပြခဲ့ပါတယ်။
တတိယသတင်းတခုကတော့ ကြို့ပင့်ကောက်မြို့နယ်နဲ့ ပတ်သက်ပါတယ်။ သြဂုတ် ၁၆ မှာ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးဟူသော စာရွက်များ ဖြန့်ဝေခဲ့ကြပြီးနောက်မှာ မြို့နယ်က ဒေါ်မာမာအေးနဲ့ ဝေယံဝင်းခိုင်တို့ကို ၁၇ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အဲသည်လို စာရွက်စာတမ်းတွေကို ဖြန့်ဝေကြတဲ့ဖြစ်ရပ်တွေမှာ အချို့တွေကို အတိုက်အခံတွေက ဖြန့်ချိခဲ့တာမျိုး မရှိဘူးလို့လဲ မြို့ခံအချို့က ပြောပါတယ်။
၁၉ ရက် သြဂုတ် ၂၀၀၉။ ရိုးမ၃
တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ကာ ယနေ့ ဝတ်ပြုဆုတောင်းခဲ့ရာ ပြည်သူလူထု ထောင်နှင့်ချီ၍ ပူးပေါင်းပါဝင်ခဲ့ကြသည်။ဝတ်ပြုဆုတောင်းပွဲအား နောက်ဆုံးနေ့အဖြစ် သတ်မှတ်ကာ (NLD)ပါတီဝင်များက တွံတေးမြို့ပေါ်ရှိ ရွှေဆံတော်ဘုရား အင်္ဂါဒေါင့်တွင် ဝတ်ပြုဆုတောင်းပွဲကို ယနေ့ နေ့လည်က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များကလည်း တွံတေးမြို့ပေါ်တွင် လုံခြုံရေးများ ထူထပ်စွာ ချထားပြီး အဆိုပါလှုပ်ရှားမှုကို စောင့်ကြည့်မှုများ ရှိခဲ့သည်။“လုံခြုံရေးကတော့ ဘုရားအောက်မှာတွေ၊ မြို့ထဲမှာတွေကော နောက်ပြီးတော့ ဘုရားအပေါ်မှာလည်း ချထားတယ်၊ လုံခြုံရေးကတော့ တော်တော်များတယ်ဗျ၊ ရဲတွေပါ၊ ဒါပေမဲ့ ယူနီဖောင်းတွေတော့ မပါဘူး၊ ရဲသတင်းပေးတွေလည်း များတယ်၊ ဒီနေ့တော့ ဝိုင်းစောင့်ကြည့်တာတွေ ဗွီဒီယိုရိုတာတွေပဲ ရှိတယ်၊ ဒီနေ့လာတဲ့ ပြည်သူလူထုအများအားဖြင့်ကတော့ အင်္ဂါဒေါင့်မှာပဲ ဝတ်ပြုဆုတောင်းတယ်” ဟု အင်န်အယ်ဒီပါတီ တွဲဘက်အတွင်း ရေးမှူး ကိုဇော်မင်းထွန်းက ပြောသည်။ယနေ့သည် ဝါခေါင်လကွယ် ဥပုသ်နေ့ဖြစ်သည့်အတွက် ပြည်သူလူထုများက အဖြူရောင်များဝတ်ဆင်ကာ ဘုရားပေါ်သို့ တက်ရောက်ခဲ့ပြီး ဝတ်ပြုဆုတောင်းခဲ့ရာတွင် အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး အင်အား ၃,၀၀၀ ခန့်ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ယနေ့နောက်ဆုံးနေ့အဖြစ် အဖြူရောင်ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်မည်ကို တွံတေးမြို့နယ် (NLD)ပါတီအဖွဲ့ဝင်အချို့က ယခင်ရက်များတွင် ပြည်သူများအကြား လိုက်လံပြောဆိုထားခဲ့သည်ဟု ဆိုသည်။“မနေ့ကလည်း ကျနော်တို့ ရဲတွေနဲ့ ပြဿနာတက်တယ်ဆိုတာ ပြည်သူက သိတယ်၊ ဒီနေ့ထပ်ဖြစ်မယ်ဆိုရင် သူတို့က ဥပုသ်လာစောင့်ရင်းနဲ့ ဒီ လှုပ်ရှားနေတဲ့သူတွေကို ဝိုင်းကာကွယ်မယ်ဆိုပြီး လာကြတာပါ၊ ဥပုသ်နေ့တိုင်းမှာ ဒီလို လူအများကြီး ဘုရားပေါ်မတက်ဘူး၊ နည်းနည်းလောက်ပဲ တက်တာ၊ ဘုန်းကြီးကျောင်းတွေလောက်ပဲ သွားကြတာ၊ ခုက ဘုရားပေါ်ကို အများကြီးတက်လာတယ်” ဟု ကိုဇော်မင်းထွန်းက ပြောသည်။ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထပ်မံချထားခြင်းမှာ နိုင်ငံရေးနှင့်ပတ်သက်၍ ထောင်ချောက်ဆင်မှုသာဖြစ်သဖြင့် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကန့်ကွက်ရှုတ်ချသည်ဟုလည်း ၎င်းက ပြောသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် အဓိကတရားခံ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ယက်တောအား စစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်မင်းထွန်းက “နိုင်ငံခြားသားကိုတော့ သဘောထားကြီးစွာနဲ့ လွှတ်ပေးနိုင်တယ်၊ ကိုယ့်လူမျိုးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ သဘောထားမကြီးဘဲနဲ့ နေအိမ်အကျယ်ချုပ်ထားတယ်၊ ထောင်ချတယ်၊ ခုလို အဖြူရောင် လှုပ်ရှားမှုတွေမှာ ရိုက်နှက်တယ်၊ ကျနော်တို့ကတော့ စစ်မှန်သော ဒီမိုကရေစီရတဲ့အထိ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ပြောဆိုသွားသည်။
၁၈ရက် သြဂုတ် ၂၀၀၉။ ဗွီအိုအေ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာထက် ကိုယ့်နိုင်ငံအတွင်းမှာ အချင်းချင်း အရင်ညှိနှိုင်းဖို့လိုတယ်လို့ ပြောလိုက်တဲ့အကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မနေ့က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရှုတ်သိမ်းရေးအတွက် လုပ်ဆောင်တာမှာ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက် က အချက် ၂ချက် ပြန်ပြောခဲ့တယ်လို့ မနေ့က သူနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြပါတယ်။“ပထမ အချက်က Interaction လုပ်ဖို့ ဆိုတာ အဲဒါက ပြည်တွင်းမှာ အရင် လုပ်ရမှာ။ တခြားနိုင်ငံနဲ့ အရင်လုပ်ရမှာ မဟုတ်ဘူး။ ပြည်တွင်းမှာ interaction မဟုတ်ဘဲနဲ့ တခြားနိုင်ငံနဲ့ လုပ်လို့ ဘာမှ အကျိုးမရှိဘူးဆိုတာကို သူရှင်းပြတယ်။ နောက်တခုက saction နဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်ကတည်းက ဆက်ဆံရေး ၀န်ကြီးနဲ့ တွေ့နေတဲ့ ကာလမှာ အဲဒီတုန်းက ထုတ်ခဲ့တဲ့ သူတို့ရဲ့ အကြောင်းကြားစာရှိတယ်လေ။ confrontation တို့ out of devastation တို့ sanction တို့ blockage တို့ ဒါတွေကို မလုပ်တော့ပါဘူး၊ ရှုတ်သိမ်းပါတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့မယ်ဆိုပြီး ဟိုတုန်းက စာထွက်တယ်။ အဲဒီကတည်းက ဆွေးနွေးတဲ့အခါမှာ သူက ပြောတယ်တဲ့ sanction နဲ့ ပတ်သက်လို့ နှစ်ဘက် ပူးတွဲ သဘောထား ထုတ်ပြန်လိုတယ်။ နှစ်ဘက် ပူးတွဲပြီးတော့ sanction တွေ ရှုတ်သိမ်းအောင် ဆောင်ရွက်လိုတယ်လို့ အဆိုပြုခဲ့တယ်တဲ့။ အဆိုပြုတာတွေကို ပထမပိုင်းမှာ သဘောတူသယောင် ရှိပြီး နောက်ပိုင်း မလုပ်နိုင်ဘူးလို့ အဲဒါကို သူ ဂျင်မ် ၀က်ဘ် ကို သူရှင်းပြခဲ့တယ်တဲ့”အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်သူတဦးအဖြစ် အမေရိကန် နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ထင်ရှားသူတဦး ဖြစ်တဲ့အပြင်၊ အခုလို သူ့ရဲ့ ပြောဆိုမှုတွေ အများအမြင်မှာ ထင်ရောင်ထင်မှား ဖြစ်နိုင်စရာရှိတဲ့ အချက်တွေ ပါဝင်နေပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုတွေ ရှုတ်သိမ်းပေးရေးအတွက် သဘောတူသယောင်ယောင် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေတာကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ထိုင်းနိုင်ငံက သတင်းစာ ရှင်းလင်းပွဲအပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာတွေထဲမှာ ဖော်ပြနေတာတွေနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်မေးမြန်းခဲ့တဲ့အကြောင်း ပြောပြပါတယ်။ “ကျွန်တော်က ဒီနေရာမှာ မေးပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းကြားတာကတော့ ယိုးဒယားမှာ ဂျင်မ် ၀က်ဘ်က ရှင်းတာလည်း ကြားတယ်၊ နောက် လန်ဒန်က သတင်းစာ တစောင်မှာလည်း Tourism Sanction ကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်သိမ်းလိုတယ်လို့ ရေးတယ်လို့ ကြားတယ်။ အဲဒါကို ကျွန်တော်တို့က ပြောတော့။ သူက သူ အဲဒီလို လုံးဝ မပြောခဲ့ဘူးတဲ့၊ သူပြောတာက sanction နဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်မယ်၊ ရှုတ်သိမ်းဖို့ သဘောထားကိုလည်း ပူးပေါင်း ထုတ်ပြန်မယ်၊ ဒါပူးပေါင်းဆောင်ရွက်ပါ့မယ်ဆိုတာကို သူအဆိုပြုခဲ့တဲ့ အကြောင်းကို သူရှင်းပြပါတယ်။ အဓိကက သူမပြောဘူး၊ သူပြောတဲ့ sanction က အစိုးရနဲ့ အာဏာပိုင်းတွေနဲ့ ရှုတ်သိမ်းဖို့လိုရင် ပူးပေါင်းပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်ဖို့ အဆိုပြုတယ်၊ သူက ဒါပဲ ပြောပြခဲ့တာတဲ့။” စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးတွေကြောင့် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ အရေးယူရေး မူဝါဒတွေကို ချမှတ်ကျင့်သုံးလာခဲ့တာပါ။ ဒီလို ပိတ်ဆို့မှုတွေကြောင့်လည်း မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်နေတယ်လို့ ဂျင်မ် ၀က်ဘ်က မြင်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်းပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စစ်အစိုးရအပေါ် အတိုင်းအတာတခုအထိ သြဇာသက်ရောက်မှု ရှိတဲ့ တရုတ်နိုင်ငံကို နိုင်ငံတကာ ၀ိုင်းဝန်း ဖိအားပေးကြဖို့ တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက သြဇာ သက်ရောက်မှု ရှိတယ်၊ အင်အားကြီး နိုင်ငံမို့ ကြောက်ရွှံ့ရတယ်ဆိုတဲ့ ပုံစံမျိုး အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောခဲ့တာနဲ့ ပတ်သက်လို့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင် သဘောထားခြင်း ကွာခြားနေတာကို တွေ့ရပါတယ်။ “အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ တချို့အချက်တွေ ပြောတယ်။ ဥပမာ သူတခုပြောတာက ဂျင်မ်ဝက်ဘ် က ပြောတယ်တဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ပတ်သက်ပြီး နိုင်ငံကြီးမို့ စိုးရိမ်ထိတ်လန့် သဘောမျိုးကို သူက အဲဒါကို ပြောတယ်တဲ့။ ဒီစကားလုံးကို သူ လုံးဝ လက်မခံနိုင်ဘူး။ သူ့အနေနဲ့တော့ တရုတ်ကို အိမ်နီးနားချင်း ကောင်းအဖြစ် မိတ်ဆွေနိုင်ငံအဖြစ်၊ သူဒီလိုပဲ သဘောထားတယ်တဲ့။ စောစောကလို ပြောတဲ့စကားလုံးမျိုးကို သူ့အနေနဲ့ မကြိုက်ဘူးဆိုတာကို သူရှင်းပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က တဆက်တည်း ဒါနဲ့ ပတ်သက်ပြီး ပြောတာက ကမ္ဘာပေါ်မှာ ဘယ်လိုပဲဖြစ်ဖြစ် သြဇာရှိတာက တခု၊ အမေရိကန်၊ နောက်ပြီး အိမ်နီးနားချင်းက အိန္ဒိယ၊ တရုတ် ဒီနိုင်ငံတွေနဲ့အတူ အဆင်ပြေပြေ မိတ်ဆွေအဖြစ်ပဲ ကျွန်တော်တို့ ဆက်ဆံလိုတယ်လို့ သူအဲဒီလို ပြောပြခဲ့တယ်တဲ့။”
© Copyright by ဦးကုလားဟုခေါ်ပါသည်။ | Template by Blogspot tutorial