ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ

၆ ရက် အောက်တိုဘာ ၂၀၀၉။ ခေတ်ပြိုင်
နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။
ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန်အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။
“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်းတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေးဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။
ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာဝစ္စကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက်ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။
ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်းသုံးနေသည်။ ဖမ်းဆီးထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာနကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီးထားသော သံဃာတော်အချို့ ရှိနေသည်ဟုလည်း သိရသည်။
၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန်အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာနကျောင်းဆောင်၌ ဦးစွာစစ်ဆေးလေ့ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။
ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပခရီးထွက်ခွာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။
တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။
နယ်စပ်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်သတင်းများ ထွက်ပေါ်အပြီး သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေးခွင့်ပြုချက် လက်မှတ်ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။ယခုအခါ ပြည်ပသာသနာပြုခရီးအတွက် ပြည်ပထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ်ကြာသည့်တိုင် ခွင့်ပြုချက်မချသေးကြောင်း ပြည်တွင်းမှ ဆရာတော်တပါးက မိန့်သည်။

အပြည့်အစုံ...>>

သရက်ထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ထောင်တွင်းအတွေ့အကြုံများ ပြောကြား


၂၆ ရက် စက်တင်ဘာ ၂၀၀၉။ ခေတ်ပြိုင်

မြန်မာစစ်ကြောရေးက အဓမ္မပြုမူခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသားများ ကြီးမားသောနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေကြရသည်ဟု မကြာသေးခင်က သရက်ထောင်မှပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။
ယခုလ (၁၈) ရက်တွင် သရက်အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ကိုရန်အောင်ရွှေက ပြောကြားခြင်းဖြစ်သည်။၎င်းက “၁၉၉၉ ခုနှစ်မှာ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျတယ်။ အခု (၁၁) နှစ်ရှိတဲ့အချိန်မှာ သရက်ထောင်ကနေ နအဖက ပြန်လွှတ်ပေးတယ်။ ကျနော်က အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း (၉၀၉) မိုးထောင်စခန်းကပါ။ ကျနော့်ကိုဖမ်းပြီး အမှတ် (၆) ထောက်လှမ်းရေး မရမ်းကုန်းမှာ စစ်ကြောရေးဝင်ပြီး စွဲချက် (၃) မှုနဲ့ ထောင် (၁၅) နှစ် ကျခံရပါတယ်။ အဲဒီအမှုတွေထဲမှာ ကျနော်နဲ့ လုံးဝပတ်သက်ခြင်း မရှိတဲ့ ၁၉-က အမှုဖြစ်တဲ့ လက်နက်ရောင်းဝယ် ဖောက်ကားမှုနဲ့ ကျနော့်ကို မတရားအကွက်ဆင်ခဲ့တယ်။ ထောက်လှမ်းရေးက ရိုက်နှက်ပြီး ထမင်းမကျွေး၊ ရေမတိုက်ဘဲ (၃) ရက်ဆက်တိုက် နှိပ်စက်ပြီး စစ်ချက်ကို ရယူခဲ့တယ်။ နိုင်ငံရေးမှုနဲ့ လူတွေအများစုဟာ ဒီလိုပုံစံမျိုးနဲ့ နှစ်ရှည်ပြစ်ဒဏ်တွေ ကျခံနေကြရတယ်” ဟု ပြောသည်။နိုင်ငံရေးနှင့် ဆက်နွှယ်သည့်အမှုများကို ပြစ်မှုကြီးသထက်ကြီးစေရန်အတွက် မတရားဖမ်းဆီးနှိပ်စက်၍ မဟုတ်မမှန် စစ်ချက်များ ထွက်ဆိုရန် မြန်မာစစ်ကြောရေးက အဓမ္မပြုကျင့်သည်ဟုလည်း ၎င်းက ပြောသည်။ထောင်ကျခံနေရစဉ်အတွင်း မိမိအပါအ၀င် နှစ်ရှည်အကျဉ်းသားအချို့မှာ မိသားစုဘ၀ပြိုလဲခဲ့ရကြောင်း၊ သာမန်ပြည်သူတဦး အဖြစ် နေထိုင်ရာမှာလည်း မလွယ်ကူတော့ကြောင်း၊ နိုင်ငံရေးအမှုဖြင့် ထောင်မှထွက်လာသူများသည် အာဏာပိုင်များ၏ စောင့်ကြည့်မှု နေ့စဉ်ခံနေရသဖြင့် ယခုကဲ့သို့ နယ်စပ်သို့ ထွက်ခွာလာရခြင်းဖြစ်ကြောင်း ကိုရန်အောင်ရွှေက ပြောသည်။အချို့နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူပင်မရှိဘဲ ဒုက္ခရောက်နေကြကြောင်း ၎င်းက ပြောသည်။“တချို့ဆို ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး မထွက်ရသေးတဲ့ အကျဉ်းသားတွေရှိတယ်။ ထောင်ထဲမှာ အပြင်လောကနဲ့ ဘာအဆက်အသွယ်မှ မရကြဘူး။ ကျန်းမာရေး ဆိုးရွားနေတဲ့ ကေအန်ယူက ဗိုလ်သန်းမြင့်ရွှေဆိုရင် ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး အခုသရက်ထောင်က အဆောင် (၉) မှာ ရှိတယ်။ ကေအန်ယူကလူတွေ သူ့ကို အဆက်အသွယ်လုပ်ကြဖို့၊ သူရှိနေသေးတယ်ဆိုတာ ပြောပေးဖို့ ကျနော့်ကို အမှာပါးလိုက်ပါတယ်။ အဲလိုလူမျိုးတွေ အခြားထောင်ထဲမှာလည်း အများကြီးရှိတယ်” ဟု ပြောသည်။ကေအန်ယူမှ ဗိုလ်သန်းမြင့်ရွှေသည် ၁၉၈၃ ခုနှစ်က ဘားအံမြို့ မြိုင်ကလေး ဘိလပ်မြေစက်ရုံမှ ပြင်သစ်ပညာရှင် ဇနီးမောင်နှံကို ကေအန်ယူတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ပါဝင်ပြီး မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ ဖြစ်သည်။ကိုရန်အောင်ရွှေကျခံရသည့် ပြစ်ဒဏ်များမှာ လ၀ကအမှုဖြင့် (၅) နှစ်၊ ၁ရ/၁ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် (၃) နှစ်၊ ၁၉-က တရားမ၀င် လက်နက်ရောင်းဝယ်ဖောက်ကားမှု (၇)နှစ် ကျခံခဲ့ရပြီး အကျဉ်းကျကာလ (၁၁) နှစ်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။
Type rest of the post here

အပြည့်အစုံ...>>

ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား

၂၄ ရက် စက်တင်ဘာ ၂၀၀၉။ ခေတ်ပြိုင်
လာမည့်အောက်တိုဘာ (၃) ရက်၊ သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုရာတွင် သံဃာ့နာယကဆရာတော်ကြီးများလည်း ပါဝင်ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။
“အဲဒါကတော့ ၀ိနည်းဥပဒေကံနဲ့အညီ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေမှာလည်း တာဝန်ရှိတယ်။ သူတို့လည်း သံဃာတပါးဖြစ်တယ်။ သူတို့က ပစ္စည်းလာဘ်လာဘကို မကြည့်ဘဲနဲ့ မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကိုပဲ ကြည့်မယ်ဆိုရင် သူတို့ ကြိမ်းသေမုချလုပ်ရမှာပဲ။ အဲဒါကို သူတို့ကိုယ်တိုင်က ဆန့်ကျင်ပြီးတော့ အစိုးရဘက်လိုက်မယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို ချိုးဖောက်သောသူဖြစ်တယ်ပေါ့။ ဒါကတော့ ၀ိနည်းဥပဒေကို လေးစားမှု ရှိမရှိနဲ့၊ လိုက်နာမှုရှိမရှိ စံချိန်နဲ့ သတ်မှတ်ရမှာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နအဖအနေဖြင့် ဖမ်းဆီးထားသည့်သံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများအား ၀န်ချတောင်းပန်ရန် တောင်းဆိုထားပြီး ယင်းသို့မလုပ်ဆောင်ပါက လာမည့် အောက်တိုဘာ (၃) ရက်တွင် နိုင်ငံတ၀န်းရှိ သံဃာတော်အားလုံး သပိတ်မှောက်ကံဆောင်ရန် နှိုးဆော်ထားသည်။ ယင်းသို့ ကံဆောင်ရာတွင် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများလည်း သပိတ်မှောက်ကံဆောင်ပေးကြရန် စက်တင်ဘာ (၁၇) ရက်နေ့တွင် ထပ်မံလျှောက်ထားခဲ့သည်။
“ဦးဇင်းတို့ကတော့ ဆရာတော်တွေ တညီတညွတ်တည်းနဲ့ တာဝန်အရှိဆုံးဆိုပြီးတော့ လျှောက်တာပေါ့လေ။ တကယ်လုပ်ပေးဖို့ကတော့ ဆရာတော်တွေ သူတို့တာဝန်ကျေပွန်စွာနဲ့ ထမ်းဆောင်၏၊ မထမ်းဆောင်၏ဆိုတာတော့ ကျိန်းသေပြောလို့မရဘူးပေါ့။ တချို့ဆရာတော်ကြီးတွေကတော့ ထမ်းဆောင်ကြမယ်လို့ စကားအဖြစ်ရထားတာတွေတော့ ရှိတယ်ပေါ့” ဟု အရှင်ဣဿရိယက မိန့်ဆိုသည်။
ပတ္တနိက္ကုဇ္ဇနကံဆောင်မှု ပြုလုပ်သည်ဆိုရာတွင် တတိုင်းပြည်လုံးမှ ကျောင်းများအားလုံး၊ သံဃာတော်များအားလုံး တပြိုင်နက်တည်း သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်ခြင်းမဟုတ်ဘဲ သိမ်တခု ကျောင်းတကျောင်းကျောင်းမှ သံဃာများက ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်လိုက်သည်ကို ကျန်သံဃာများက အသိအမှတ်ပြုလိုက်ပါက အထမြောက်သည်ဟု အရှင်ဣဿရိယက ရှင်းလင်းမိန့်ဆိုသည်။
၎င်းက “တတိုင်းပြည်လုံးက သံဃာတော်တွေအကုန်လုံးက လိုက်ပြီးတော့မှ သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်တာမဟုတ်ဘူး။ သိမ်ထဲမှာ သံဃာ (၄) ပါးနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်လိုက်ပြီဆိုရင်ကို ကျန်တဲ့သံဃာတွေက သပိတ်မှောက်ကံဆောင်တာကို အသိအမှတ်ပြုလိုက်ရင် အထမြောက်သွားတယ်။ သံဃာလုပ်တဲ့ကံဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ကျန်သံဃာတွေက လိုက်နာရတယ်။ သံဃာ (၄) ပါးဆိုရင် သံဃာ့ကံဖြစ်သွားတယ်။ အကုန်လုံးက ဒီကံကို လေးစားလိုက်နာရတယ်။ ဒါကြောင့် မဖြစ်မနေ အဲလိုလုပ်ပြီးသွားလို့ မလိုက်နာရင် မြတ်စွာဘုရားရဲ့ဝိနည်းတော်ကို ချိုးဖောက်တဲ့အတွက်ကြောင့် အဲဒီမလိုက်နာတဲ့သံဃာက အပြစ်ရှိသွားတယ်” ဟု မိန့်ဆိုသည်။
နအဖစစ်အစိုးရက သံဃာတော်အပါး (၂၄၀) နှင့် သီလရှင် (၁၀) ပါးတို့အား အကျဉ်းထောင်ထဲတွင် ဖမ်းဆီးအကျဉ်းချထားပြီး ယခုလည်း သံဃာတော်များအား ဆက်လက် ဖမ်းဆီးမှုများရှိနေကြောင်း၊ အချို့သံဃာတော်များမှာ ကျောင်းတိုက်တွင်မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရပြီး လူဝတ်လဲကုန်ကြရသည်များ ရှိသဖြင့် သာသနာတော်ပျက်စီးဆုတ်ယုတ်လာသည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း သံဃာ့တပ်ပေါင်းစုအဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် သာသနာတော်တွင် အန္တရာယ်ကြုံတွေ့လာပါက မြတ်စွာဘုရားချမှတ်ထားသည့် ၀ိနည်းဒေသနာတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် တားမြစ်ပိတ်ပင် ကာကွယ်ရမည်ဖြစ်သဖြင့် သပိတ်မှောက်ပွဲကို သာသနာတော်တွင် တာဝန်အရှိဆုံး ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်ပါဝင်ကြရန် လျှောက်ထားတိုက်တွန်းထားသည်။

အပြည့်အစုံ...>>

နိုင်ငံမဲ့ လူငယ်လေးတဦးရဲ့ အိပ်မက်


၁၇ ရက် စက်တင်ဘာ ၂၀၀၉။ ကိုထွေး (ဧရာဝတီ)

ကောင်းကင်ကို စိုးမိုး ပျံသန်း နိုင်ဖို့ ဆိုတဲ့ အိပ်မက်ရဲ့ အစိတ်အပိုင်းတခုကို အကောင်အထည် ဖော်ခဲ့တဲ့ မောင်သောင်ဒီ ကတော့ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဂျပန်နိုင်ငံ ချီဘာမြို့မှာကျင်းပ ပြုလုပ်မယ့် အိုမီဂါရီ စက္ကူလေယာဉ် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ဒီနေ့ပဲ ထွက်ခွာသွားခဲ့ပါပြီ။
“ကျနော့်ကို ထိုင်းဝန်ကြီးချုပ်က အကောင်းဆုံး ကြိုးစားဖို့ အားပေးစကားပြောတယ်၊ တကယ်လို့ ပြိုင်ပွဲမှာ ဆုရခဲ့ရင် သူ့ကို အရင်ဆုံးလာ တွေ့ဖို့ပြောတယ်၊ အဲ့ဒါကြောင့် ကျနော် အခု ပထမဆုရဖို့အတွက် လက်တွေ သန်မာအောင် အပြင်းအထန် လေ့ကျင့် နေတယ်” လို့ မောင်သောင်ဒီ က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျောင်းစတက်ခဲ့ရတဲ့ မောင်သောင်ဒီဟာ ၁ တန်း ကျောင်းသား ဘ၀ကတည်းက စက္ကူနဲ့ လေယာဉ်ပျံ ချိုးခေါက်ပြီး သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင် ကစားလေ့ ရှိခဲ့ရာက ၄ တန်းရောက်တော့ ချင်းမိုင် တက္ကသိုလ်က ကြီးမှူးကျင်းပတဲ့ စက္ကူ လေယာဉ်ပျံ ပြိုင်ပွဲမှာ ပထမ ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ National Mental and Material Tenology (Mtec) က ကျင်းပတဲ့ စက္ကူလေယာဉ် ပြိုင်ပွဲမှာလည်း သူရဲ့လေယာဉ်က ၁၂.၅၀ စက္ကန့် ကြာ လေပေါ်မှာ ပျံဝဲနိုင်လို့ ပထမဆု ရရှိခဲ့ပြန်ပါတယ်။
ဒါကြောင့် ဂျပန်နိုင်ငံ အိုမီဂါရီ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီသူ တဦးဖြစ်လာတဲ့ အတွက် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။
မောင်သောင်ဒီက “ကျနော်က လေယာဉ်ပျံ တည်ဆောက်တဲ့သူ ဖြစ်ချင်တယ်၊ စက်မှုလက်မှုကို ၀ါသနာ ပါတယ်၊ ကျနော်က ဖန်တီးရတာကို ၀ါသနာပါတယ်” လို့ သူ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
သို့ပေမယ့်လည်း ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက သူ့ကိုခရီးသွားလတ်မှတ် ထုတ်ပေးဖို့ ငြင်းပယ်ခဲ့တဲ့ အတွက် သူ့ အိပ်မက်တွေ ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ရပါတယ်။
ဆိုပြီး ထိုင်း ပြည်ထဲရေး ဝန်ကြီး Chavarat Charnvirakul က မောင်သောင်ဒီကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်မပေးနိုင်ဘူး ဆိုတာနဲ့ တကယ်လို့ ဒီပြိုင်ပွဲကို သူ ဝင်ချင်တယ်ဆိုရင် မြန်မာပြည် ကိုယ်စားပြုပြီးပဲ ဝင်ပြိုင်လို့ ရမယ် ဆိုပြီး ပြောခဲ့ပါတယ်။
“ကျနော့်ကို ပြည်ထဲရေးဌာနက ငြင်းလိုက်တော့ ၀မ်းနည်းတယ်၊ စိတ်မကောင်းဘူး၊ ကျနော်က ထိုင်းနိုင်ငံသားလို့ ပဲထင်တယ်၊ ထိုင်းနိုင်ငံမှာ ပျော်တယ်၊ ဒါပေမယ့် နိုင်ငံသား ဖြစ်ဖို့ အတွက်ကတော့ အာဏာပိုင်တွေ ပေါ်မှာ မူတည်ပါတယ်၊ မြန်မာပြည်ဆိုတာ သူငယ်ချင်းတွေဆီက တဆင့်ပဲ ကျနော်ကြားဖူးတယ်” လို့ အသက် ၁၂ နှစ်အရွယ် မောင်သောင်ဒီက ပြောပါတယ်။
ဒါပေမယ့် ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် မောင်သောင်ဒီဟာ ယာယီ နိုင်ငံကူး လတ်မှတ် ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးအတွက် အကျိုးဆောင် ပေးနေတဲ့ ဒေါက်တာ သိန်းလွင်က “တကယ်လို့သာ သွားခွင့် မရှိဘူး ဆိုရင်တော့ ကလေး တယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာပဲ၊ ထိုင်းဝန်ကြီးချုပ်က ဒီလို ဆုံးဖြတ် လိုက်ခြင်းဟာ ထိုင်းနိုင်ငံက လူ့အခွင့်အရေးကို လေးစားတယ် ဆိုတာ ပြသလိုက်တာပဲ။ မြန်မာ နိုင်ငံသားတွေ အပေါ်မှာ စာနာရာလည်း ရောက်တယ်၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုကို အားပေးခံရတဲ့ အတွက် ဒီထက်ပိုပြီးတော့ ထူးချွန်နိုင်တယ်” လို့ ပြောပါတယ်။
မောင်သောင်ဒီရဲ့ မိဘတွေ အနေနဲ့ကတော့ ကျောင်းလည်း တက်နိုင်၊ အလုပ်အကိုင် ရှာဖွေရတာလည်း လွယ်ကူပြီး အနာဂတ် ခရီး ပိုမိုကောင်းမွန် စေဖို့အတွက် ထိုင်းနိုင်ငံသား ဖြစ်ချင်ကြတဲ့ ဆန္ဒ ရှိနေပါတယ်။
တကယ်တော့ မောင်သောင်ဒီရဲ့ မိဘ ၂ ပါး ဖြစ်တဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ဟာ ရှမ်းပြည်တောင်ပိုင်း ခိုလန် ဇာတိ ဖြစ်ပြီးတော့ ရွာမှာ စီးပွားရေး မကောင်းတဲ့ အတွက် လက်ထပ်ပြီး သိပ်မကြာခင် ၁၉၉၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းကနေ ၄ သန်းထိ အလုပ် လုပ်ကိုင် နေကြပြီး အများစုက တရားမ၀င် လာရောက် လုပ်ကိုင်ကြသူတွေ ဖြစ်ကြပါတယ်။
မောင်သောင်ဒီရဲ့ မိဘတွေ ရောက်စက FANG ဒေသမှာရှိတဲ့ လိုင်ချီး၊ လိမ္မော်တို့ စိုက်တဲ့ ခြံမှာ ၀င်လုပ်ခဲ့ရပြီး အဲဒီ ခြံပိုင်ရှင်ကအလုပ်သမား မှတ်ပုံတင် မလုပ်ပေးခဲ့ဘူးလို့ ဆိုပါတယ်။
၁၉၉၇ ခုနှစ် မောင်သောင်ဒီကို မွေးဖွားခဲ့တဲ့ အချိန်မှာ မှတ်ပုံတင် မရှိတဲ့အတွက် ဆေးရုံကို မသွားရဲတာကြောင့် မွေးစာရင်းမရခဲ့ဘူးလို့ သိရပါတယ်။
“အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတဲ့ အတွက် ဆေးရုံကိုလည်း မသွားရဲဘူး၊ မွေးစာရင်း မလုပ်ခဲ့ရဘူး၊ FANG မှာ ၃ နှစ် ၄ နှစ်လောက် နေပြီးတော့ အလုပ်အကိုင် ပိုကောင်းမယ်လို့ ထင်ရတဲ့ ချင်းမိုင်ကို လာခဲ့တာ၊ အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတော့ ဘယ်မှ မသွားရဲဘူး” လို့ မောင်သောင်ဒီရဲ့ မိခင် နန်းမွဲက ပြန်ပြောပါတယ်။
ချင်းမိုင်ကို ရောက်တော့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ပန်းရံအဖြစ်နဲ့ ၀င်ရောက်လုပ်ကိုင်ပြီးတော့ ၂၀၀၄ ခုနှစ်မှာတော့ အလုပ်သမား မှတ်ပုံတင်ကို ရရှိခဲ့ပါတယ်။
တနှစ်ပြီး တနှစ် သက်တမ်းတိုးလာတဲ့ သူတို့ရဲ့ အလုပ်သမားကတ်ဟာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကချမှတ်မယ့် ရွှေ့ပြောင်းအလုပ်သမား ဥပဒေကို စောင့်ဆိုင်း နေရတယ်လို့လည်း သိရပါတယ်။
မောင်သောင်ဒီရဲ့ ညီမလေး မြူ ကိုတော့ ဟန်ဒုန်း ဘက်က ဆေးရုံတရုံမှာ မွေးဖွားခဲ့ရလို့ မွေးစာရင်းကို ရယူနိုင်ခဲ့ပါတယ်။
“လုပ်အားခအနေနဲ့ ကျနော်က တရက်ကို ဘတ် ၁၈၀ (ကျပ် ၅၅၀၀ ဝန်းကျင်)၊ ကျနော့် မိန်းမက ၁၅၅ ဘတ် (၄၅၀၀ ကျပ် ဝန်းကျင်) ရတယ်၊ မနက် ၈ နာရီ ကနေ ညနေ ၅ နာရီ အထိ နေပူ မိုးရွာမရှောင် လုပ်ရတယ်၊ တခါတလေ အဆင်မပြေဘူး” လို့ စိုင်းညွန့်က ဆို ပါတယ်။
မိဘတွေ အနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး သားသမီးကို ပညာ အမွေပေးဖို့ ဆုံးဖြတ်လိုက်ရင်း မောင်သောင်ဒီကို စတင် ကျောင်းအပ်ခဲ့ပါတယ်။ အရင်က ပညာသင်စရိတ် အနေနဲ့ တနှစ်ကို ဘတ် ၁၀၀၀ (ကျပ် ၃၀၀၀၀ ဝန်းကျင်) ကုန်ကျခဲ့ပေမယ့် ဒီနှစ် ထိုင်းအစိုးရရဲ့ ပြောင်းလဲလိုက်တဲ့ ဥပဒေကြောင့် ငွေကုန်စရာ မလိုတော့ဘူးလို့လည်း ဆိုပါတယ်။
မောင်သောင်ဒီတို့ရဲ့ မိသားစုက အလုပ်လုပ်တဲ့ နေရာကို မူတည်ပြီး ရွှေ့ပြောင်း နေထိုင်ရတာကြောင့် တနေရာ တည်းမှာ အတည်တကျနေလေ့ မရှိဘဲ လက်ရှိ နေထိုင်နေတဲ့ အခန်းကို ပြောင်းလာတာ ၄ လပဲ ရှိသေးတယ် လို့ သိရပါတယ်။
“မောင်သောင်ဒီ မူကြိုတုန်းကတော့ ချင်းမိုင်မဲ့ကြိုးဘက်က ကျောင်းမှာထားတယ်၊ ၁ တန်းရောက်မှ ဒီအခုနေတဲ့ Ban Huay Sai ကျောင်းကို ပြောင်းလာတယ်၊ အိမ်က သူ့ကို အကြိုအပို့ လုပ်ပေးတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
၁၉၉၅ ခုနှစ် ရှမ်းပြည်နယ် ခိုလန်ရွာ ကနေထွက်လာပြီးတော့ ထိုင်းနိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ အတွက်တော့ မောင်သောင်ဒီ့ကြောင့် သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြား နေရတာက စိန်ခေါ်မှုတခု ဖြစ်နေပါတယ်၊
“သတင်းသမားတွေမေးတာကို ဖြေရတော့ ထိုင်းစကားတချို့တောင်ခပ်မေ့မေ့ဖြစ်ကုန်တယ်၊ တခုခုမှားသွားမှာ စိုးရိမ်တယ်၊ ကင်မရာတွေနဲ့ဆိုတော့ မလွတ်လပ်ဘူး၊ နေရခက်တယ်” လို့ သူတို့က ပြောပါတယ်။
ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံလုံးက အသိအမှတ် မပြုတဲ့ နိုင်ငံမဲ့နေတဲ့၊ မောင်သောင်ဒီလို ကလေးတွေဟာ နယ်စပ် တလျှောက်မှာ မြောက်မြားစွာ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
နိုင်ငံမဲ့ဆိုတဲ့ စကားလုံးကို ကြားလိုက်တဲ့ အချိန်မှာတော့ မောင်သောင်ဒီရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝဲလာပြီးတော့ အစောပိုင်း တက်ကြွနေတဲ့ သူ့ရဲ့ အသံဟာ တိမ်ဝင် နစ်မြှုပ်သွားပါတော့တယ်။ ။

အပြည့်အစုံ...>>

ရန်ကုန်တိုင်းရဲမှူး အပြောင်းအလဲ ဆက်ကြေးပုံစံပါ ပြောင်းလဲ

၁၆ ရက် စက်တင်ဘာ ၂၀၀၉။ ခေတ်ပြိုင်
ရန်ကုန်တိုင်းရဲမှူး ရဲမှူးကြီးဝင်းနိုင်နေရာတွင် ရဲမှူးကြီးအောင်နိုင်သူ တာဝန်ယူပြီးနောက် တိုင်းအတွင်း တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ယူမှုပုံစံ ပြောင်းလဲလာကြောင်း ပုံမှန် ဆက်ကြေးပေးနေရသူများက ပြောသည်။
ဗဟန်းမြို့နယ်မှ ဘောလုံးပွဲ လောင်းကစားဒိုင်တဦးက ၎င်းအနေဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကို နဂိုက တလကျပ် (၂) သိန်းပေးနေရရာမှ ယခုရဲမှူးကြီးအသစ်ပြောင်းလာပြီးနောက် ကျပ် (၃) သိန်း တောင်းခံလာကြောင်း ပြောသည်။
ဒဂုံမြို့နယ်၌ အနှိပ်ခန်းဖွင့်လှစ်ထားသူတဦးက “ကျနော်တို့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို တလ ပုံမှန် (၆) သိန်းလောက် ပေးရတယ်။ အခု ရဲမှူးကြီးအသစ်ပြောင်းတော့ ဈေးနှုန်းလည်း ပြောင်းမယ် ပြောတယ်။ နောက် အနှိပ်ခန်းနဲ့ ပြည့်တန်ဆာကိစ္စ ရောလုပ်တဲ့လုပ်ငန်းတွေကိုတော့ လောလောဆယ် ပြည့်တန်ဆာကိစ္စတွေ နားထားဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ကတော့ ရိုးရိုးအနှိပ်ခန်းပဲဆိုတော့ ကိစ္စမရှိဘူး။ ဆက်လုပ်ပါလို့ ပြောထားတယ်” ဟု ရှင်းပြသည်။
ပန်းပဲတန်းမြို့နယ်ရှိ လမ်းဘေးတွင် တရားမဝင် ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူတဦးကလည်း ၎င်းအနေဖြင့် ဌာနဆိုင်ရာ စုစုပေါင်း (၁၁) ဦးခန့်ကို လစဉ်ဆက်ကြေးပေးရကြောင်း၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တလကို ကျပ် (၂,ဝဝဝ) ကောက်ကြောင်း၊ ယခု ရဲမှူးကြီးပြောင်း၍ ဆက်ကြေးပမာဏ တိုးမည်ပြောဆိုသော်လည်း ပမာဏ မည်မျှတိုးမည်ဆိုသည်ကို မသိသေးကြောင်း ပြောသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ ရဲသတင်းတပ်ဖွဲ့များ၊ စရဖများပါအဝင် အာဏာပိုင်အဖွဲ့အစည်း အသီးသီးသည် ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ခံနေကြခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ နိုက်ကလပ်၊ ကာရာအိုကေဘား၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဘောလုံးပွဲလောင်းကစားဒိုင်၊ ချဲထီဒိုင်၊ ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူများ၊ ပုံနှိပ်လုပ်ငန်းရှင်များ စသဖြင့် ဥပဒေနှင့် ငြိစွန်းပြီး စီးပွားရှာနေသူများထံမှ ပုံမှန်ဆက်ကြေးကောက်ခံလေ့ ရှိကြသည်။
ဆက်ကြေးကောက်သည့် အဖွဲ့များအနက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ပေးရသည့် ဆက်ကြေးငွေမှာ အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်သည်လည်း မြို့နယ်ရဲမှူးတို့၏ ကတော်များမှတဆင့် လာဘ်ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ်(၃) နှစ် ကျခံသွားရခြင်းဖြစ်သည်။
၎င်းနေရာကို ရဲမှူးကြီးအောင်နိုင်သူ တာဝန်ဆက်ယူပြီးနောက် ယခုကဲ့သို့ ဆက်ကြေးပမာဏ အပြောင်းအလဲသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အပြည့်အစုံ...>>