၁၀ ရက် အောက်တိုဘာ ၂၀၀၉။ ရိုးမ ၃
စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ဝသဖ) ဒေသကို ထိုးစစ်ဆင်ရန် နယ်မြေဒေသ အတွေ့ကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြင့် ပြင်ဆင်နေလျက်ရှိသည်။ မိုင်းလား၊ ပန်ဆန်းဒေသများကို ထိုးစစ်ဆင်ရန် တမခ (၉၉) နှင့် ရမခ လက်အောက်ခံတပ်များကို စနစ်တကျ ပြင်နေပြီဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။
“တမခ (၉၉) နဲ့ အရင် အဲဒီဒေသဘက်တွေကို ထိုးစစ်ဆင်ဖူးတဲ့ တပ်တွေပါမယ်။ လောလောဆယ် အဲဒီတပ်တွေကို မွန်းမံ သင်တန်းတွေ လုပ်နေတယ်” ဟု ပြောသည်။ယင်းစစ်ဆင်ရေးအတွက် မိတ္ထီလာအမြောက်တပ်ရင်းများလည်း အသင့်အနေအထား ပြင်ဆင်ထားပြီး (ဝသဖ) နှင့် ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့များအနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်များ မပယ်ဖျက်ပါက တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိက ဆက်ပြောသည်။“တရုတ်ရဲ့ နောက်ခံရှိနေတာကိုလည်း သိတယ်။ ဒါကြောင့် လုပ်ရကိုင်တွယ်ရ နည်းနည်းခက်နေတယ်။ တရုတ်နဲ့ ဆက်ဆံရေးက မရှိမဖြစ်လိုအပ်နေတော့ ဘယ်တော့ စစ်ဆင်ရေးစရမယ်ဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းရခက်နေတုန်းပဲ။ ဒါပေမဲ့ တပ်တွေအားလုံးကတော့ အသင့်အနေအထားပဲ” ဟု ပြောသည်။ယခုစစ်ဆင်ရေးတွင် ပါဝင်မည့် အမှတ် (၉၉) တပ်မဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းများမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုက်ပွဲများအတွင်း အတွေ့အကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။မြန်မာပြည်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအထဲတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် စစ်အင်အား နှစ်သောင်းခွဲမှ သုံးသောင်းအကျော်ထိရှိပြီး လက်နက်ကိုင် ပြည်သူ့စစ်အင်းအား လေးသောင်းခန့်ရှိသည့် အင်အားတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၇ ရက် အောက်တိုဘာ ၂၀၀၉။ လူထုအသံ
Microsoft ၏ Hotmail စံနစ်ကို အသုံးပြု နေသူ (၂၁)သန်း ကျော်အား ၎င်းတို့၏ Password များကို အမြန်ဆုံး ပြောင်းလဲရန် ဗြိတိန် ရဲတပ်ဖွဲ့ က တိုက်တွန်း လိုက်သည်။
Microsoft ၏ နာမည်ကျော် Mail စံနစ်တွင် လုံခြုံရေး ယိုပေါက် တခုကို ရှာဖွေ တွေ့ရှိပြီးနောက် ယခုလို ဆော်ဩခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Hacker များက ဖောက်ထွင်း ရယူသွားပြီး အောက်တိုဘာ (၁)ရက် နေ့က အဆိုပါ လူစာရင်းကို pastebin.com တွင် အမည်မသိသူ တဦးက ဖော်ပြ သွားခဲ့သည်။
ယခု အခြေအနေသည် ဆိုင်ဘာ လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်စရာ ဖြစ်လာရပြီး အချက်အလက် ခိုးယူမှုများ ဖြစ်ပေါ်လာမည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခဲ့သည်။ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က လူတိုင်းအနေနှင့် စီးပွားရေး၊ အခြားကိုယ်ရေး အချက်အလက် များကို တတ်နိုင်သမျှ Hotmail တွင် လက်တလော အသုံးမပြုရန်နှင့် Password များကို ပြောင်းပစ်ရန် အကြံပေးလိုကြောင်း ပြောဆိုသွားခဲ့သည်။
ထို လုံခြုံရေး ဟာကွက်နှင့် ပတ်သက်ပြီး နည်းပညာ Blog ဖြစ်သည့် Neowin.net က ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ယခုအခါ ဥရောပရှိ လူ(၁၀၀၀၀)ကျော် တို့၏ အချက်အလက်များ ခိုးယူ ခံထားရပြီး ဖြစ်နိုင်ကြောင်း ယူဆထားသည်။
Microsoft ကမူ ၎င်းတို့သည် Hotmail ၏ လိုအပ်ချက် မှန်သမျှကို သတိပြု ဖြေရှင်းပေးလျှက် ရှိကြောင်း မယုတ်မလွန် ပြောဆို သွားခဲ့သည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၆ ရက် အောက်တိုဘာ ၂၀၀၉။ ခေတ်ပြိုင်
နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။
ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန်အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။
“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်းတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေးဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။
ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာဝစ္စကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက်ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။
ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်းသုံးနေသည်။ ဖမ်းဆီးထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာနကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီးထားသော သံဃာတော်အချို့ ရှိနေသည်ဟုလည်း သိရသည်။
၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန်အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာနကျောင်းဆောင်၌ ဦးစွာစစ်ဆေးလေ့ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။
ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပခရီးထွက်ခွာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။
တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။
နယ်စပ်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်သတင်းများ ထွက်ပေါ်အပြီး သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေးခွင့်ပြုချက် လက်မှတ်ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။ယခုအခါ ပြည်ပသာသနာပြုခရီးအတွက် ပြည်ပထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ်ကြာသည့်တိုင် ခွင့်ပြုချက်မချသေးကြောင်း ပြည်တွင်းမှ ဆရာတော်တပါးက မိန့်သည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>

၂၆ ရက် စက်တင်ဘာ ၂၀၀၉။ ခေတ်ပြိုင်
မြန်မာစစ်ကြောရေးက အဓမ္မပြုမူခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသားများ ကြီးမားသောနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေကြရသည်ဟု မကြာသေးခင်က သရက်ထောင်မှပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။
ယခုလ (၁၈) ရက်တွင် သရက်အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ကိုရန်အောင်ရွှေက ပြောကြားခြင်းဖြစ်သည်။၎င်းက “၁၉၉၉ ခုနှစ်မှာ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျတယ်။ အခု (၁၁) နှစ်ရှိတဲ့အချိန်မှာ သရက်ထောင်ကနေ နအဖက ပြန်လွှတ်ပေးတယ်။ ကျနော်က အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း (၉၀၉) မိုးထောင်စခန်းကပါ။ ကျနော့်ကိုဖမ်းပြီး အမှတ် (၆) ထောက်လှမ်းရေး မရမ်းကုန်းမှာ စစ်ကြောရေးဝင်ပြီး စွဲချက် (၃) မှုနဲ့ ထောင် (၁၅) နှစ် ကျခံရပါတယ်။ အဲဒီအမှုတွေထဲမှာ ကျနော်နဲ့ လုံးဝပတ်သက်ခြင်း မရှိတဲ့ ၁၉-က အမှုဖြစ်တဲ့ လက်နက်ရောင်းဝယ် ဖောက်ကားမှုနဲ့ ကျနော့်ကို မတရားအကွက်ဆင်ခဲ့တယ်။ ထောက်လှမ်းရေးက ရိုက်နှက်ပြီး ထမင်းမကျွေး၊ ရေမတိုက်ဘဲ (၃) ရက်ဆက်တိုက် နှိပ်စက်ပြီး စစ်ချက်ကို ရယူခဲ့တယ်။ နိုင်ငံရေးမှုနဲ့ လူတွေအများစုဟာ ဒီလိုပုံစံမျိုးနဲ့ နှစ်ရှည်ပြစ်ဒဏ်တွေ ကျခံနေကြရတယ်” ဟု ပြောသည်။နိုင်ငံရေးနှင့် ဆက်နွှယ်သည့်အမှုများကို ပြစ်မှုကြီးသထက်ကြီးစေရန်အတွက် မတရားဖမ်းဆီးနှိပ်စက်၍ မဟုတ်မမှန် စစ်ချက်များ ထွက်ဆိုရန် မြန်မာစစ်ကြောရေးက အဓမ္မပြုကျင့်သည်ဟုလည်း ၎င်းက ပြောသည်။ထောင်ကျခံနေရစဉ်အတွင်း မိမိအပါအ၀င် နှစ်ရှည်အကျဉ်းသားအချို့မှာ မိသားစုဘ၀ပြိုလဲခဲ့ရကြောင်း၊ သာမန်ပြည်သူတဦး အဖြစ် နေထိုင်ရာမှာလည်း မလွယ်ကူတော့ကြောင်း၊ နိုင်ငံရေးအမှုဖြင့် ထောင်မှထွက်လာသူများသည် အာဏာပိုင်များ၏ စောင့်ကြည့်မှု နေ့စဉ်ခံနေရသဖြင့် ယခုကဲ့သို့ နယ်စပ်သို့ ထွက်ခွာလာရခြင်းဖြစ်ကြောင်း ကိုရန်အောင်ရွှေက ပြောသည်။အချို့နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူပင်မရှိဘဲ ဒုက္ခရောက်နေကြကြောင်း ၎င်းက ပြောသည်။“တချို့ဆို ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး မထွက်ရသေးတဲ့ အကျဉ်းသားတွေရှိတယ်။ ထောင်ထဲမှာ အပြင်လောကနဲ့ ဘာအဆက်အသွယ်မှ မရကြဘူး။ ကျန်းမာရေး ဆိုးရွားနေတဲ့ ကေအန်ယူက ဗိုလ်သန်းမြင့်ရွှေဆိုရင် ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး အခုသရက်ထောင်က အဆောင် (၉) မှာ ရှိတယ်။ ကေအန်ယူကလူတွေ သူ့ကို အဆက်အသွယ်လုပ်ကြဖို့၊ သူရှိနေသေးတယ်ဆိုတာ ပြောပေးဖို့ ကျနော့်ကို အမှာပါးလိုက်ပါတယ်။ အဲလိုလူမျိုးတွေ အခြားထောင်ထဲမှာလည်း အများကြီးရှိတယ်” ဟု ပြောသည်။ကေအန်ယူမှ ဗိုလ်သန်းမြင့်ရွှေသည် ၁၉၈၃ ခုနှစ်က ဘားအံမြို့ မြိုင်ကလေး ဘိလပ်မြေစက်ရုံမှ ပြင်သစ်ပညာရှင် ဇနီးမောင်နှံကို ကေအန်ယူတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ပါဝင်ပြီး မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ ဖြစ်သည်။ကိုရန်အောင်ရွှေကျခံရသည့် ပြစ်ဒဏ်များမှာ လ၀ကအမှုဖြင့် (၅) နှစ်၊ ၁ရ/၁ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် (၃) နှစ်၊ ၁၉-က တရားမ၀င် လက်နက်ရောင်းဝယ်ဖောက်ကားမှု (၇)နှစ် ကျခံခဲ့ရပြီး အကျဉ်းကျကာလ (၁၁) နှစ်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။
Type rest of the post here
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၂၄ ရက် စက်တင်ဘာ ၂၀၀၉။ ခေတ်ပြိုင်
လာမည့်အောက်တိုဘာ (၃) ရက်၊ သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုရာတွင် သံဃာ့နာယကဆရာတော်ကြီးများလည်း ပါဝင်ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။
“အဲဒါကတော့ ၀ိနည်းဥပဒေကံနဲ့အညီ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေမှာလည်း တာဝန်ရှိတယ်။ သူတို့လည်း သံဃာတပါးဖြစ်တယ်။ သူတို့က ပစ္စည်းလာဘ်လာဘကို မကြည့်ဘဲနဲ့ မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကိုပဲ ကြည့်မယ်ဆိုရင် သူတို့ ကြိမ်းသေမုချလုပ်ရမှာပဲ။ အဲဒါကို သူတို့ကိုယ်တိုင်က ဆန့်ကျင်ပြီးတော့ အစိုးရဘက်လိုက်မယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို ချိုးဖောက်သောသူဖြစ်တယ်ပေါ့။ ဒါကတော့ ၀ိနည်းဥပဒေကို လေးစားမှု ရှိမရှိနဲ့၊ လိုက်နာမှုရှိမရှိ စံချိန်နဲ့ သတ်မှတ်ရမှာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နအဖအနေဖြင့် ဖမ်းဆီးထားသည့်သံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများအား ၀န်ချတောင်းပန်ရန် တောင်းဆိုထားပြီး ယင်းသို့မလုပ်ဆောင်ပါက လာမည့် အောက်တိုဘာ (၃) ရက်တွင် နိုင်ငံတ၀န်းရှိ သံဃာတော်အားလုံး သပိတ်မှောက်ကံဆောင်ရန် နှိုးဆော်ထားသည်။ ယင်းသို့ ကံဆောင်ရာတွင် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများလည်း သပိတ်မှောက်ကံဆောင်ပေးကြရန် စက်တင်ဘာ (၁၇) ရက်နေ့တွင် ထပ်မံလျှောက်ထားခဲ့သည်။
“ဦးဇင်းတို့ကတော့ ဆရာတော်တွေ တညီတညွတ်တည်းနဲ့ တာဝန်အရှိဆုံးဆိုပြီးတော့ လျှောက်တာပေါ့လေ။ တကယ်လုပ်ပေးဖို့ကတော့ ဆရာတော်တွေ သူတို့တာဝန်ကျေပွန်စွာနဲ့ ထမ်းဆောင်၏၊ မထမ်းဆောင်၏ဆိုတာတော့ ကျိန်းသေပြောလို့မရဘူးပေါ့။ တချို့ဆရာတော်ကြီးတွေကတော့ ထမ်းဆောင်ကြမယ်လို့ စကားအဖြစ်ရထားတာတွေတော့ ရှိတယ်ပေါ့” ဟု အရှင်ဣဿရိယက မိန့်ဆိုသည်။
ပတ္တနိက္ကုဇ္ဇနကံဆောင်မှု ပြုလုပ်သည်ဆိုရာတွင် တတိုင်းပြည်လုံးမှ ကျောင်းများအားလုံး၊ သံဃာတော်များအားလုံး တပြိုင်နက်တည်း သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်ခြင်းမဟုတ်ဘဲ သိမ်တခု ကျောင်းတကျောင်းကျောင်းမှ သံဃာများက ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်လိုက်သည်ကို ကျန်သံဃာများက အသိအမှတ်ပြုလိုက်ပါက အထမြောက်သည်ဟု အရှင်ဣဿရိယက ရှင်းလင်းမိန့်ဆိုသည်။
၎င်းက “တတိုင်းပြည်လုံးက သံဃာတော်တွေအကုန်လုံးက လိုက်ပြီးတော့မှ သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်တာမဟုတ်ဘူး။ သိမ်ထဲမှာ သံဃာ (၄) ပါးနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်လိုက်ပြီဆိုရင်ကို ကျန်တဲ့သံဃာတွေက သပိတ်မှောက်ကံဆောင်တာကို အသိအမှတ်ပြုလိုက်ရင် အထမြောက်သွားတယ်။ သံဃာလုပ်တဲ့ကံဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ကျန်သံဃာတွေက လိုက်နာရတယ်။ သံဃာ (၄) ပါးဆိုရင် သံဃာ့ကံဖြစ်သွားတယ်။ အကုန်လုံးက ဒီကံကို လေးစားလိုက်နာရတယ်။ ဒါကြောင့် မဖြစ်မနေ အဲလိုလုပ်ပြီးသွားလို့ မလိုက်နာရင် မြတ်စွာဘုရားရဲ့ဝိနည်းတော်ကို ချိုးဖောက်တဲ့အတွက်ကြောင့် အဲဒီမလိုက်နာတဲ့သံဃာက အပြစ်ရှိသွားတယ်” ဟု မိန့်ဆိုသည်။
နအဖစစ်အစိုးရက သံဃာတော်အပါး (၂၄၀) နှင့် သီလရှင် (၁၀) ပါးတို့အား အကျဉ်းထောင်ထဲတွင် ဖမ်းဆီးအကျဉ်းချထားပြီး ယခုလည်း သံဃာတော်များအား ဆက်လက် ဖမ်းဆီးမှုများရှိနေကြောင်း၊ အချို့သံဃာတော်များမှာ ကျောင်းတိုက်တွင်မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရပြီး လူဝတ်လဲကုန်ကြရသည်များ ရှိသဖြင့် သာသနာတော်ပျက်စီးဆုတ်ယုတ်လာသည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း သံဃာ့တပ်ပေါင်းစုအဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် သာသနာတော်တွင် အန္တရာယ်ကြုံတွေ့လာပါက မြတ်စွာဘုရားချမှတ်ထားသည့် ၀ိနည်းဒေသနာတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် တားမြစ်ပိတ်ပင် ကာကွယ်ရမည်ဖြစ်သဖြင့် သပိတ်မှောက်ပွဲကို သာသနာတော်တွင် တာဝန်အရှိဆုံး ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်ပါဝင်ကြရန် လျှောက်ထားတိုက်တွန်းထားသည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၁၆ ရက် စက်တင်ဘာ ၂၀၀၉။ ခေတ်ပြိုင်
ရန်ကုန်တိုင်းရဲမှူး ရဲမှူးကြီးဝင်းနိုင်နေရာတွင် ရဲမှူးကြီးအောင်နိုင်သူ တာဝန်ယူပြီးနောက် တိုင်းအတွင်း တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ယူမှုပုံစံ ပြောင်းလဲလာကြောင်း ပုံမှန် ဆက်ကြေးပေးနေရသူများက ပြောသည်။
ဗဟန်းမြို့နယ်မှ ဘောလုံးပွဲ လောင်းကစားဒိုင်တဦးက ၎င်းအနေဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကို နဂိုက တလကျပ် (၂) သိန်းပေးနေရရာမှ ယခုရဲမှူးကြီးအသစ်ပြောင်းလာပြီးနောက် ကျပ် (၃) သိန်း တောင်းခံလာကြောင်း ပြောသည်။
ဒဂုံမြို့နယ်၌ အနှိပ်ခန်းဖွင့်လှစ်ထားသူတဦးက “ကျနော်တို့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို တလ ပုံမှန် (၆) သိန်းလောက် ပေးရတယ်။ အခု ရဲမှူးကြီးအသစ်ပြောင်းတော့ ဈေးနှုန်းလည်း ပြောင်းမယ် ပြောတယ်။ နောက် အနှိပ်ခန်းနဲ့ ပြည့်တန်ဆာကိစ္စ ရောလုပ်တဲ့လုပ်ငန်းတွေကိုတော့ လောလောဆယ် ပြည့်တန်ဆာကိစ္စတွေ နားထားဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ကတော့ ရိုးရိုးအနှိပ်ခန်းပဲဆိုတော့ ကိစ္စမရှိဘူး။ ဆက်လုပ်ပါလို့ ပြောထားတယ်” ဟု ရှင်းပြသည်။
ပန်းပဲတန်းမြို့နယ်ရှိ လမ်းဘေးတွင် တရားမဝင် ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူတဦးကလည်း ၎င်းအနေဖြင့် ဌာနဆိုင်ရာ စုစုပေါင်း (၁၁) ဦးခန့်ကို လစဉ်ဆက်ကြေးပေးရကြောင်း၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တလကို ကျပ် (၂,ဝဝဝ) ကောက်ကြောင်း၊ ယခု ရဲမှူးကြီးပြောင်း၍ ဆက်ကြေးပမာဏ တိုးမည်ပြောဆိုသော်လည်း ပမာဏ မည်မျှတိုးမည်ဆိုသည်ကို မသိသေးကြောင်း ပြောသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ ရဲသတင်းတပ်ဖွဲ့များ၊ စရဖများပါအဝင် အာဏာပိုင်အဖွဲ့အစည်း အသီးသီးသည် ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ခံနေကြခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ နိုက်ကလပ်၊ ကာရာအိုကေဘား၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဘောလုံးပွဲလောင်းကစားဒိုင်၊ ချဲထီဒိုင်၊ ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူများ၊ ပုံနှိပ်လုပ်ငန်းရှင်များ စသဖြင့် ဥပဒေနှင့် ငြိစွန်းပြီး စီးပွားရှာနေသူများထံမှ ပုံမှန်ဆက်ကြေးကောက်ခံလေ့ ရှိကြသည်။
ဆက်ကြေးကောက်သည့် အဖွဲ့များအနက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ပေးရသည့် ဆက်ကြေးငွေမှာ အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်သည်လည်း မြို့နယ်ရဲမှူးတို့၏ ကတော်များမှတဆင့် လာဘ်ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ်(၃) နှစ် ကျခံသွားရခြင်းဖြစ်သည်။
၎င်းနေရာကို ရဲမှူးကြီးအောင်နိုင်သူ တာဝန်ဆက်ယူပြီးနောက် ယခုကဲ့သို့ ဆက်ကြေးပမာဏ အပြောင်းအလဲသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၁၆ ရက် စက်တင်ဘာ ၂၀၀၉။ မင်းနိုင်သူ (ခေတ်ပြိုင်)
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ညောင်ပင်သာရွာမှ မောင်ရဲဇော်ထက်ဆိုသည့် ကလေးငယ်တဦး လွန်ခဲ့သော (၃) လခန့်က ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။
မောင်ရဲဇော်ထက်သည် အသက် (၁၅) နှစ်နှင့် နှစ်လသာရှိသေးပြီး ဆယ်တန်းတက်နေသော ကျောင်းသားတဦးဖြစ်ကာ ၎င်းနေထိုင်ရာရွာမှ ပြည်မြို့ရှိ အစ်ကိုဖြစ်သူထံသို့အသွား ပြည်ကားဝင်းအတွင်း၌ လလက (၉၅၉- ပြည်) တပ်မှ တပ်ကြပ်တင်မြင့် (ကပ/၅၇၀၆၀၄) က အတင်းအဓမ္မခေါ်ဆောင်သွားကြောင်း နောက်ပိုင်းတွင် ပြန်လည်စုံစမ်းသိရှိရသည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။
၎င်းက “အခုကလေးက တောင်တွင်းကြီးမြို့နယ် အမှတ် (၇) လေ့ကျင့်ရေးကျောင်းမှာ စစ်သင်တန်းတက်နေရတယ်။ ကလေးနဲ့တော့ တွေ့ရပြီ။ ဒါပေမယ့် ပြန်လွှတ်မပေးဘူး။ ကလေးက ဆယ်တန်းဆိုတော့ အားလုံးသိတယ်။ သူ့ကို တပ်ထဲသွင်းတဲ့ တပ်ကြပ်ရဲ့ ကိုယ်ပိုင်အမှတ်တွေကိုရော ဘာတွေရော သူအကုန်မှတ်ထားတယ်” ဟု ပြောသည်။
အဆိုပါ ကလေးစစ်သားအဖြစ် စုဆောင်းခံရမှုနှင့်စပ်လျဉ်း၍ နေပြည်တော်ရှိ စစ်ရုံးချုပ်သို့ ဇူလိုင်လအတွင်းက စာရေးတိုင်ကြား ခဲ့သော်လည်း အကြောင်းတစုံတရာပြန်ကြားမှု၊ ကိုင်တွယ်ဆောင်ရွက်မှု မရှိခဲ့ကြောင်း သိရသည်။
ကလေးစစ်သားအဖြစ် သွပ်သွင်းခံရသူ မောင်ရဲဇော်ထက်သည် ညောင်ပင်သာရွာမှ ဦးမြင့်ရွှေ၊ ဒေါ်အေးမြင့်မော်တို့၏ သားဖြစ်ပြီး ငယ်စဉ်ကပင် မိခင်ကွယ်လွန်သွားသဖြင့် ယခုအခါ အဘိုးဖြစ်သူ ဦးကံရှိန်နှင့် အတူနေရသူဖြစ်သည်။
“အဘိုးကလည်း သူ့မြေးကို ပြန်လိုချင်ရှာတယ်။ စစ်ချုပ်ရုံးကို စာရေးတိုင်ပေမယ့် ဘာမှလုပ်မပေးသေးတော့ အများကြီး စိတ်ဆင်းရဲနေရှာတယ်။ သူ့အဖေဆိုတာလည်း နောက်အိမ်ထောင်နဲ့လည်းဖြစ်၊ ရွာခံလူရိုးတွေလည်း ဖြစ်တော့ ဘာလုပ်ဘာကိုင်ရမယ်ဆိုတာ မသိရှာကြဘူး။ အိုင်အယ်လ်အိုရုံးကို တိုင်ဖို့တော့ အကြံပေးထားကြတာပဲ” ဟု နီးစပ်သူက ပြောသည်။
ယခုနှစ် ဧပြီ (၂၃) ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း၌ မြန်မာ့တပ်မတော်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၉) ဖွဲ့၌ ကလေးစစ်သား စုဆောင်းမှုများ ရှိနေသေးကြောင်း ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်အစိုးရက ကလေးစစ်သား (၆၈) ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကလေးများ၏ မိဘနှင့်ဆွေမျိုးတို့၏ တိုင်ကြားချက်များအရသာ ကလေးစစ်သားစုဆောင်းမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
နအဖစစ်အစိုးရအနေဖြင့် ယခင်က ကလေးစစ်သားမရှိပါဟု ငြင်းဆိုနေရာမှ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ဖော်ထုတ်ချက်များကြောင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ကလေးစစ်သားပပျောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သော်လည်းယနေ့အချိန်ထိ ကလေးစစ်သားစုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၁၅ ရက် စက်တင်ဘာ ၂၀၀၉။ သျှမ်းသံတော်ဆင့်
စက်တင်ဘာ ၉ ရက်နေ့တွင် ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ ကေအိုင်အိုက ၄င်းတို့တပ်ဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် အမြောက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။နှစ်ဘက် လိပ်ခဲတင်းတင်းဖြစ်နေကြသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စနှင့် ပတ်သက်၍ ဗိုလ် ချုပ်ရဲမြင့် နှင့်ဆွေးနွေးရန် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားမြို့သို့ ထွက်ခွာသွားချိန်နှင့် တိုက်တိုက် ဆိုင်ဆိုင်ပင် ယခုလို အမြောက်ကြီးများ ပစ်ခတ်စမ်းသပ်လိုက်ခြင်းဖြစ်သည်။
၎င်းနေ့နံနက်ပိုင်းက ကေအိုင်အေ ဂိုဒေါင်အတွင်း၌ သိမ်းဆည်းထားသည့် အမြောက်ကြီးတစ်လက်အား စစ်တပ် စခန်းရှိရာ တောင်ကုန်းများသို့ ကားဖြင့်ယူဆောင်သွားသည်ကို မြင်တွေ့လိုက်ရသည့် မျက်မြင်ဒေသခံ တစ်ဦးက အခုလိုပြောသည်။“ဟာဝိုင်ဇာအမြောက်လားမသိဘူး ကားပေါ်မှာမိုးကာနဲ့အုပ်ပြီး တောင်ကုန်းပေါ်မောင်းတက်သွားတာ တွေ့လိုက် တယ် သူတို့လည်း လာပြောထားတယ် လက်နက်ကြီးပစ်စမ်းမယ် အထိတ်တလှန့်မဖြစ်ကြဖို့ ” လို့သူကပြောသည် ။နောက်ထပ်ဒေသခံတစ်ဦးကလည်း ကေအိုင်အိုက လိုင်ဇာဒေသခံများအား လက်နက်ကြီးပစ်ရန် ကြိုတင် အကြောင်းကြား မှုရှိခဲ့ကြောင်း ထပ်ပြောသည်။ “ကေအိုင်အေက လိုင်ဇာမှာရှိတဲ့ ဒေသခံတွေကို ကြိုတင်ပြီးအကြောင်းကြားတယ်လေ အခုလို လက်နက်ကြီး ပစ်မဲ့အကြောင်းပေါ့ မကြောက်ကြဖို့ပေါ့ လိုင်ဇာမှာဆိုပေမဲ့ လိုင်ဇာနဲ့တော့ဝေးတယ် စစ်တပ်တွေထိုင်တဲ့ တပ်စ ခန်းမှာပစ်ခတ်မယ်ထင်တယ် အသံတော့မကြားလိုက်ရဘူး ” လို့ ဒေသခံနောက်တစ်ဦးက ပြောသည်။ကေအိုင်အိုတပ်ဖွဲ့များအနေဖြင့် တဘက်ကဆွေးနွေးပွဲများပြုလုပ်နေသလို တဘက်ကလည်း စစ်ရေးအရ ပြင်ဆင်မှု ပြုလုပ်နေသည်ကို ယခုလုပ်ရပ်က ဖေါ်ပြနေသည်။အလားတူ နအဖစစ်တပ်များက ကေအိုင်အို ဌာနချုပ်လိုင်ဇာမြို့ အနီးတ၀ိုက် နေရာများအထိ စစ်အင်အား အလုံးအရင်းဖြင့် တပ်စွဲနေရာယူမှုများရှိနေကြောင်း သိရသည်။ယခုနောက်ဆုံး သတင်းအရ မြစ်ကြီးနားမြို့တွင် နအဖစစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်နှင့်ဆွေးနွေး ခဲ့ကြသည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ ဌာနချုပ်လိုင်ဇာသို့ ယနေ့ပြန်လည်ရောက်ရှိလာကြောင်းနှင့် နှစ်ဘက် ဆွေးနွေးပွဲတွင် နအဖဘက်မှ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ပြုလုပ်ရန်သာ ဇောင်းပေးပြောဆိုခဲ့ ကြောင်း သိရသည်။ကေအိုင်အိုဘက်မှ မည်သို့ဆက်လုပ်မည်ဆိုသည်ကို စောင့်ကြည့်ကြရန်သာရှိပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စအား လာမည့်အောက်တိုဘာလ နောက်ဆုံးအကြောင်းပြန်ရမည်ဖြစ်သည်။ကေအိုင်အိုကမူ နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့စည်းရေးကို တင်ပြတောင်းဆိုထားသည်။လတ်တလောတွင် လိုင်ဇာမြို့တွင်းအခြေအနေသည် တည်ငြိမ်မှုရှိနေသေးကြောင်း ဒေသခံများကဆိုသည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၁၅ ရက် စက်တင်ဘာ ၂၀၀၉။ ဗွီအိုအေ
မြန်မာပြည်မှာ ရှေ့နှစ် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ၀င်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေး ပါတီသစ်တခု ဖွဲ့စည်းတဲ့အခါ လွတ်လပ်ရေးရပြီး လူထုက ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေတို့ရဲ့ သမီးများ ပါဝင်ကြမယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ၂၀၀၄ ခုနှစ်မှာ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသုဝေက ဥက္ကဋ္ဌ၊ ဦးရဲထွန်း ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ဒီမိုကရေစီပါတီမှာ ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဦးဗဆွေရဲ့သမီး ဒေါ်နေရီဗဆွေ၊ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ ပါဝင်ကြမယ်လို့ ရန်ကုန်ကလာတဲ့ သတင်းများမှာ ပါရှိပါတယ်။
စစ်အစိုးရက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေများ ကြေညာပြီးမှသာ နိုင်ငံရေးပါတီများ ဖွဲ့စည်း မှတ်ပုံတင်နိုင်ကြမှာ ဖြစ်ပါတယ်။ စစ်အစိုးရက ဘယ်တော့ကြေညာမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီမိုကရေစီနည်းအရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ၀န်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ အစိုးရကို ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း ဖြုတ်ချပြီးတဲ့နောက် မြန်မာနိုင်ငံကို အုပ်စိုးလာခဲ့တာ ဖြစ်ပါတယ်။
စစ်အစိုးရက ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အာဏာမြဲရေးအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ဆန်းစစ်သူတချို့က ဝေဖန်ကြပါတယ်။
၁၉၉၀ ခုနှစ်မှာ စစ်အစိုးရက ကြီးမှူးပြီး ရွေးကောက်ပွဲ ကျင်းပတာ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိလိုက်တာကို အာဏာလွှဲပြောင်းပေးခြင်း မရှိဘဲ စစ်တပ်က ဆက်လက် အုပ်ချုပ်နေခဲ့ပါတယ်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၁၄ ရက် စက်တင်ဘာ ၂၀၀၉။ မိုးမခအထောက်တော်
ယမန်နေ့ (၁၃ ရက်၊စက်တင်ဘာ) မွန်းလွှဲ ၃ နာရီကျော်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာအတိုက်အခံရုံးများကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး နေထိုင်ခွင့်လက်မှတ် မရှိသူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
အဓိကနေရာများမှာ သင်တန်းပြုလုပ်နေသော ဌာနများကို ၀င်ရောက်စစ်ဆေးခြင်းဖြစ်ပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားသည်ဟု သိရသည်။ ဘာကြောင့် အခုလို ရှောင်တခင် ၀င်ရောက်ဖမ်းဆီးတယ်ဆိုတာ အသေးစိတ်မသိရသေးသော်လည်း ပြီးခဲ့သည့် အပတ်က နအဖနဲ့ ပူးပေါင်းသွားတဲ့ ကိုထွဋ်ဆိုသူ နဲ့ ပတ်သက်နေသည်ဟု ထင်မြင်နေကြသည်။
ထို ကိုထွဋ်ဆိုသူက စက်တင်ဘာ ၃ ရက် ၀န်းကျင်က နယ်စပ်ကို ဖြတ်ကျော်ပြီး စစ်အာဏာပိုင်တို့ထံ သွားရောက် ပူးပေါင်းခဲ့ကြောင်း၊ ၎င်းနှင့်အတူ မိသားစုဝင်များကိုပါ ခေါ်ဆောင်သွားကြောင်း၊ ၎င်းသည် နယ်စပ်ဒေသတွင် အလုပ်သမားအရေးကိစ္စများဆောင်ရွယ်သည့် မြန်မာအတိုက်အခံအဖွဲ့တခုတွင် ၀င်ရောက်လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း၊ အနည်းဆုံး နယ်စပ်တွက် ၅ နှစ် ကျော် နေထိုင်ကျက်စားခဲ့သည်ဟု သိရှိရကြောင်း၊ ထိုင်းရဲတို့နှင့် နီးစပ်သူတို့အဆိုအရ မြန်မာစစ်အာဏာပိုင်တို့က ထိုင်းကိုဖိအားပေးပြီး သတင်းအတိအကျနှင့် ၀င်ရောက်စီးနင်းခိုင်းသည်ဟု ကြားကြောင်း မြန်မာနယ်စပ်အတိုက်အခံနှင့် နီးစပ်သူတဦးက ပြောကြားခဲ့သည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>

၈ ရက် စက်တင်ဘာ ၂၀၀၉။ အာအက်ဖ်အေ
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းတချို့မှာ ဝင်ရောက်လှုပ်ရှားနေတဲ့ ကိုထွတ်ဆိုသူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြဝတီမြို့ကတဆင့် မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်ကို ပြန်လည် ပူးပေါင်းသွားတယ်လို့ သတင်းရရှိပါတယ်။ ဒါကြောင့် သူ့ဆီက ရရှိတဲ့ သတင်းအချက် အလက် တချို့ကိုအခြေခံပြီး စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူ တချို့ကို လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ ကျောင်းသားတဦးက သူသိထားတာကို အခုလို ပြောပါတယ်။
ပြည်တွင်းမှ ကျောင်းသား။ ။'အလုပ်သမားအုပ်စု တအုပ်စုပါတယ်။ အရင်တုန်းက New Wave တို့ ဘာတို့မှာ ဆန္ဒပြတဲ့သူတွေပေါ့။ အဲဒီလူတွေထဲက နှစ်ယောက်ကတော့ ပြန်လွှတ်လိုက်ပြီ၊ တယောက်ကတော့ ကျန်နေတုန်းပဲ။ နောက်တခြား ဘုန်းကြီးအုပ်စုတွေ ပါတယ်။ MDC က လူတချို့ ပါတယ်။ ၂ဝဝ၇ အဟောင်းတွေ ပြန်ခေါ်စစ်တယ်။ အဓိက မြေသြဇာနဲ့ Generation အဖွဲ့တွေ။ တချို့တွေ ခေါ်သွားပြီး မေးနေကြတယ်။ ဒီမှာ အခြေအနေ နည်းနည်း ရှုတ်ထွေးနေတယ်'
စစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့ ကိုထွတ် ဆိုသူဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က မဲဆောက်မြို့က မြန်မာအလုပ်သမားတဦး ဖြစ်ပြီး ရပိုင်ခွင့်တွေအတွက် ထိုင်းအလုပ်ရှင်ကို တရားစွဲတဲ့ အုပ်စုတခုမှာ ပါဝင်ခဲ့ဖူးသူ ဖြစ်ကြောင်း၊ အဲဒီနောက် မြန်မာ အလုပ်သမားအရေးတွေ ဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှာ ဝင်ရောက် လှုပ်ရှားဖူးကြောင်း၊ ရောင်ခြည်ဦးအဖွဲ့က သူ့ကို ထုတ်ပစ်လိုက်တဲ့နောက်မှာ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ HREIB အဖွဲ့မှာ သွားရောက် လှုပ်ရှားခဲ့ကြောင်း၊ အခုတော့ လွန်ခဲ့တဲ့ လေးရက်လောက်က မြဝတီမြို့မှာရှိတဲ့ စစ်အစိုးရ အာဏာပိုင်တွေဆီ သွားပြီး ပူးပေါင်းလိုက်တာ ဖြစ်ကြောင်း၊ သူ့ဆီမှာ မဲဆောက်မြို့မှာ လူ့အခွင့်အရေး သင်တန်းပေးနေတဲ့ ဗွီဒီယိုမှတ်တမ်းတင် ခွေတခွေ ပါသွားကြောင်း စုံစမ်းသိရှိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ဝင်တဦးကလည်း ကိုထွတ် စစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့သတင်းကို သူလဲကြားတယ်လို့ဆိုပါတယ်။
HREIB အဖွဲ့ရဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းကို ဆက်သွယ် စုံစမ်းကြည့်တဲ့အခါမှာ ဒီသတင်း ဟုတ်မှန်ကြောင်း ပြောပေမယ့် မှတ်ချက် တစုံတရာ မပေးပါဘူး။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၎ ရက် စက်တင်ဘာ ၂၀၀၉။ ရန်ပိုင် (ဧရာဝတီ)
စစ်အစိုးရ သတင်းစာများတွင် ကိုးကန့်ဒေသ တည်ငြိမ်လာ သောကြောင့် ဒေသခံများ ပြန်လည်ဝင်ရောက် လာသည်ဟု ဖော်ပြနေသော်လည်း ၀ အပစ်ရပ်အဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းတွင် တရုတ်နိုင်ငံဘက် ရှောင်တိမ်း ထွက်ပြေးသူပိုမို များပြားလာ ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်များအတွင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ၀ ဒေသအတွင်းသို့ပါ ကူးလာနိုင်သည် ဟု ထင်မြင်ချက်များ ရှိနေသောကြောင့် ပန်ဆန်းတွင် စီးပွားရေးလုပ်ကိုင်နေကြသော တရုတ်လူမျိုးများအလုံးအရင်းဖြင့် နယ် စပ်ဖြတ်ကျော် ထွက်ပြေးနေပြီး တခြားသော စီးပွားရေးလာရောက် လုပ်ကိုင်သူများမှာလည်း လားရှိုးသို့ ထွက်ပြေးမှုများ ရှိ သည်ဟု ဒေသခံများက ဆိုသည်။“ပန်ဆန်းမှာ ထွက်ပြေးတဲ့ တရုတ် ကုန်သည်တွေ တော်တော်များလာတယ်၊ တရုတ်နယ်ခြား နမ့်ခါချောင်း တံတားမှာ ဖြတ် ဖို့ စောင့်တဲ့ကားတွေက အစီး ၆၀ ကျော်လောက်ရှိတယ်၊ ဒီတံတားဂိတ်က ည ၆နာရီပိတ်တယ်”ဟု ဒေသခံတဦးက ဧရာဝ တီ သို့ပြောသည်။ ထိုသို့ဖြစ်ရခြင်းမှ ကိုးကန့်ဒေသတွင် တိုက်ခိုက်မှုများကဲ့သို့ မြန်မာစစ်တပ်များက လက်နက်ကြီးများ တင့်ကားများဖြင့် ၀ဒေသကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်ဟုသိရသည်။“၀ခေါင်းဆောင်ပိုင်းက အစည်းအဝေးလုပ်ပြီး လူထုကြားမှာ အထိတ်တလန့် မဖြစ်ဖို့ နှိုးဆော်တဲ့ ပိုစတာတွေကပ်တယ်၊ စာရွက်တွေ ဝေတယ်၊မစိုးရိမ်ဖို့ ကိုယ့်နေရာမှာကိုယ် အေးအေးဆေးဆေးနေဖို့ပါ” ဟု ၎င်းဒေသခံက ပြောသည်။ထိုသို့ နှိုးဆော်မှုများကို ၀ဒေသအာဏာပိုင်များက ပြုလုပ်နေသော်လည်း ဒေသခံ လူထုမှာ နားမထောင်ဘဲ အိုးအိမ် များကို စွန်ခွာ ထွက်ပြေးနေကြောင်း၊ အများစုမှာ တရုတ်ပြည်ထဲမှ ၀ဒေသသို့ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသော တရုတ်လူမျိုးများ ဖြစ်ပြီး မြန်မာနိုင်ငံမှ တရုတ်အများစုမှာ လားရှိုးသို့ထွက်ပြေးကြောင်း သိရသည်။ “ပန်ဆန်းကနေပြီး တာကောအက် တံတားကို ဖြတ်ပြီး တန်ယန်းကိုကူးလာတာ၊ ပြီးရင် လားရှိုးဘက်တက်မယ်၊ ကားခတွေ လည်း ဈေးတက်သွားတယ်၊ ပြီးခဲ့တဲ့ ၄ရက် ၅ရက်ကမှ ကားခက တယောက် ၄သောင်းပဲရှိတယ်၊ အခု၁သိန်းပေးရတယ်” ဟု ၀ဒေသမှ ထွက်ပြေးလာသော စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။ထိုသို့ ဒုက္ခသည်များ ထွက်ပြေးမှုသည် ၀ အပစ်ရပ်အဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင်သာ မက တခြားသော အပစ်ရပ်အဖွဲ့ များဖြစ်သည့် မိုင်းလား အထူးဒေသ (၄) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများတွင်လည်း တရုတ်ပြည်ဘက်သို့ ထွက်ပြေးမှုများ ပိုမိုများပြားလာသည်ဟု သိရသည်။ “မိုင်းလား နဲ့ ပန်ဆန်းက အရပ်သားတွေရယ် ၊ KIA ဌာနချုပ်က တချို့ရယ် မနေ့က တရုတ်ပြည်ထဲကို ပစ္စည်းတွေရွှေ့ တယ်၊ ရုတ်ရုတ်သဲသဲပဲ၊ မိုင်းလားကတော့ မြို့တခုလုံးကို ခြောက်ကပ်သွားပြီ” ဟု တရုတ်မြန်မာနယ်စပ်မှ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။တရုတ်နိုင်ငံ ရှိ Phoenix TV ရုပ်မြင်သံကြားသတင်းဌာန မှ ထုတ်လွှင့်သည် သတင်းတခုတွင် မိုင်းပေါက်နှင့် မိုင်းဖျံဒေသ သို့ စစ်အစိုးရ တပ်မှ တင့်ကား အစီး ၂၀ဖြင့် ၀င်ရောက်လာသည်ဟုကြေညာခဲ့သည်။“တင့်ကားအစီး ၂၀သာ တကယ်ဝင်ရင်တော့ မိုင်းလားနဲ့ ၀ဒေသ အဆက်ပြတ်ပြီ၊ ဖီးနစ်တီဗီ က အဲ့ဒါကို လွှင့်တော့ လူတွေ ကကြောက်ပြီး ပြေးတာပေါ့၊ အခုကတရုတ်ပြည်ဘက်ကိုတင်ပြေးတာမဟုတ်ဘူး၊ မိုင်းယန်းကိုလည်း ၀ကတိုက်မယ်ဆိုလို့ လူတွေက ကျိုင်းတုံဘက်ကိုပြေးပြန်တယ်” ဟု အဆိုပါကုန်သည်က ဆက်လက်ပြောသည်။ဤထွက်ပြေးမှုများနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့် မြန်မာအစိုးရဘက်မှ မှားယွင်းသော သတင်းများကို ထုတ်ပြန်နေ သည်ဟုထင်ကြောင်း တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။အထူးဒေသ (၁) ကိုးကန့်နယ်မြေတွင် WY စာတန်းပါသည့် မူးယစ်ဆေးပြားများ နှင့် ထုတ်လုပ်သည့်စက်များ၊ ဓာတုဆေး ၀ါးများကို စီအောရွာရှိ ဦးဖုန်ကြာဖူး နေအိမ်မှ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့ နှင့် ကိုးကန့်ယာယီ ဦးစီးကော်မတီများက ဖမ်းဆီး ရမိခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါသတင်းစာများတွင် နယ်မြေအေးချမ်းလာပြီဖြစ်၍ ပြည်သူ ၉၃၀၄ ဦး ပြန်လည် ၀င်ရောက်လာပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။အတည်မပြုနိုင်သော သတင်းများအရ ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်နှင့် ညီဖြစ်သူ ဦးဖုန်ကြာဖူး ၊သားများ ဖြစ်သော ဖုန်တာ့လီ နှင့် ဖုန်တာ့ရွှင်တို့ကို လွှဲအပ်ပေးရန် စစ်အစိုးရက ၀တပ်ဖွဲ့ထံသို့ တောင်းဆိုထားသည်ဟု သိရသည်။ကိုးကန့်နှင့်ဝ ခေါင်းဆောင်အများစုသည် မူးယစ်ဆေးဝါးဖြင့် မပတ်သက်သူ နည်းပါးကြောင်း၊ ထိုဒေသသည်လည်း ယခင် က ဘိန်းစိုက်ပျိုးရာ နေရာများအဖြစ် နာမည်ဆိုးထွက်ခဲ့သည့် ဒေသများဖြစ်ပြီး ယခုအခါတွင် စိတ်ကြွဆေးများ ကိုပြောင်း လဲ ထုတ်လုပ်ခဲ့ကြောင်း ယင်းမူးယစ်ဆေးဝါးကိစ္စများတွင် စစ်အစိုးရ၏ အရာရှိများလည်း ပါဝင်ပတ်သက်မှုများ ရှိနိုင် ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က သုံးသပ်သည်။ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန် ယူခဲ့စဉ်က မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခ၀ါချသော လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း ထောက်လှမ်းရေး အရာရှိ ဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာန၏ အသံလွှင့်အစီအစဉ်တွင် ပြောဆိုခဲ့သည်ဝ နှင့် ကိုးကန့်တပ်ဖွဲ့များကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု အပြည်ပြည်ဆိုင်ရာ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက သံသယရှိနေသောကြောင့် ၂၀၀၃ ခုနှစ်တွင် ကိုးကန့်ခေါင်းဆောင်များက မူးယစ် ဆေးဝါးကင်းစင်သောနယ်မြေအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၎ ရက် စက်တင်ဘာ ၂၀၀၉။ ကိုထွေး (ဧရာဝတီ)
မောင်သောင်ဒီကို ဂျပန်ရိုးရာ အိုရီဂါမီ စက္ကူလေယာဉ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ်က ယာယီနိုင်ငံကူး လတ်မှတ်ထုတ်ပေးရန် ဆုံးဖြတ်လိုက်ခြင်းသည် ကလေး တယောက်၏ အခွင့်အရေးကို အပြည့်အ၀ ပေးလိုက်ခြင်း ဖြစ်သည့် အပြင် လူ့အခွင့်အရေး လေးစားကြောင်း ပြသလိုက်ခြင်းဖြစ်သည် ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေး အတွက် အကျိုးဆောင် ပေးနေသူ ဒေါက်တာ သိန်းလွင်က “တကယ်လို့သာ သွားခွင့် မရှိဘူး ဆိုရင်တော့ ကလေး တယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတယ်၊ ထိုင်းဝန်ကြီးချုပ်က ဒီလို ဆုံးဖြတ် လိုက်ခြင်းဟာ ထိုင်းနိုင်ငံက လူ့အခွင့်အရေးကို လေးစားတယ် ဆိုတာ ပြသလိုက်တာဘဲ၊ မြန်မာ နိုင်ငံသားတွေ အပေါ်မှာ စာနာရာလည်း ရောက်တယ်၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုကို အားပေးခံရတဲ့ အတွက် ဒီထက်ပိုပြီးတော့ ထူးချွန်နိုင်တယ်လေ ” ဟု ဧရာဝတီသို့ ပြောသည်။ထို့အပြင် ထိုင်းနှင့် မြန်မာ ၂ နိုင်ငံလုံးက အသိအမှတ် မပြုသည့် နိုင်ငံမဲ့နေသော ကလေးများ နယ်စပ် တလျှောက် မြောက်မြားစွာ ရှိကြောင်း၊ ၀န်ကြီးချုပ်၏ ယခု လုပ်ဆောင်ချက်သည် ထိုကလေးများကို အလားတူ စဉ်းစားပေးရန် လမ်းညွှန် လိုက်သကဲ့သို့ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက စာနာထောက်ထား အသိအမှတ် ပြုလိုက်သဖြင့် အဆိုပါ ကလေးက ထိုင်းနိုင်ငံကို တနေ့တွင် ပြန်လည် အကျိုးပြုနိုင်သည်ဟု ၎င်းက ဆိုသည်။မောင်သောင်ဒီ၏ ဖခင် ဖြစ်သူက“ သားက ဂျပန်ကို သွားခွင့်ရတော့ ကျနော် အရမ်း ၀မ်းသာတယ်၊ သားကလည်း ဂျပန်ကို သွားရတဲ့ အတွက် အရမ်း ၀မ်းသာနေပါတယ်” ဟု ပြောသည်။ထိုင်းဝန်ကြီးချုပ်က မောင်သောင်ဒီ၏ ဖြစ်ရပ်သည် ထိုင်း အစိုးရ ဌာနများကို နိုင်ငံမဲ့ ကလေးများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ရန် အတွက် ဥပမာကောင်း တရပ်ဖြစ်ကြောင်း ပြောသည်။ပါလီမန်တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မောင်သောင်ဒီနှင့် အတူ ဆရာ ဖြစ်သူ Duangrit Ketima ချင်းရိုင် ခရိုင် လွှတ်တော် အမတ် Tuenjai Deetes ကို ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။ဂျပန်သံရုံးက မောင်သောင်ဒီကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမည်ဆိုပါက မောင်သောင်ဒီ အနေဖြင့် ပြိုင်ပွဲဝင်ရန် အတွက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်းလည်း သိရသည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၎ ရက် စက်တာင်ဘာ ၂၀၀၉။ ခေတ်ပြိုင်
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဓိကတာဝန်ယူထားသည့် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ကိုယ်စားလှယ်များ ယခုလ (၆) ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံရန်ရှိသည်။ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့သည် မနက်ဖန် လိုင်ဇာမြို့တွင် ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစည်းဝေးပြီးနောက်ပိုင်း မြစ်ကြီးနားသို့ သွားရောက်ရန်ရှိကြောင်း ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
၎င်းက “မြစ်ကြီးနားကို မသွားခင် ဘာသာရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အရင်တွေ့မယ်။ အကြံဉာဏ်တွေ၊ ခွန်အားတွေ ယူတဲ့သဘောမျိုးပေါ့။ ပြီးမှ မြစ်ကြီးနားကို သွားမှာ၊ အရင်သွားနေကျသူတွေပဲဖြစ်မှာပါ။ သူတို့ အဲလိုဆွေးနွေးဖို့ ကော်မတီဖွဲ့စည်းထားတာ ရှိတယ်လေ။ ဒေါက်တာလှဂျာတို့၊ ဗိုလ်မှူးချုပ် ဂွမ်မော်တို့တွေနဲ့” ဟု ပြောသည်။ကေအိုင်အိုက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အစား ကချင်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KRGF) အဖြစ် အသွင်ပြောင်းလိုပြီး အနာဂတ် ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် တိုက်ရိုက်ပါဝင်နိုင်ရေး တောင်းဆိုထားသကဲ့သို့ ကေအိုင်အို အဖွဲ့အစည်းတွင် လက်နက်ကိုင်တပ်ဖွဲ့ (KIA) နှင့် အဆင့်အတန်းတူညီသည့် အုပ်ချုပ်ရေး၊ ရဲ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အကောက်ခွန် စသည့်ဌာနများလည်း ရှိနေ၍ အဆိုပါဌာနများကိုလည်း အသွင်ပြောင်းဖွဲ့စည်းရာတွင် ထည့်သွင်းစဉ်းစားရန် တင်ပြထားသည်။ကေအိုင်အိုအဖွဲ့နှင့် နအဖအကြား ယခုတကြိမ် တွေ့ဆုံမှုမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ပြတ်ပြတ်သားသား ဆွေးနွေးရန်ပိုများသည်ဟု တရုတ်-မြန်မာနယ်စပ် အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူတဦးက ပြောသည်။၎င်းက “ကိုးကန့်အရေးအခင်းနဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့ (၂၉) ရက်နေ့မှာ မပခက ဒု-ဗိုလ်မှူးကြီး သက်ပုံ လိုင်ဇာကိုလာပြီး ရှင်းပြပြီးပြီ။ နယ်ခြားစောင့်ကိစ္စက အခုချိန်ထိ မပြတ်သေးဘူး။ ကေအိုင်အိုဘက်က တင်ပြထားတာကို နအဖဘက်က လက်မခံဘူး။ နယ်ခြားစောင့်တပ်က လွဲလို့ အခြားရွေးခွင့် မပေးဘူး။ အလျှော့အတင်းလုပ်လို့မရတဲ့ အခြေအနေအောက်မှာ။ နောက်တခုက နအဖတပ်တွေက အပစ်ခတ်ရပ်အဖွဲ့တွေကို စစ်ရေးအရ ခြိမ်းခြောက်နေသလို၊ အပစ်ခတ်ရပ်အဖွဲ့တွေလည်း စစ်ရေးသတိနဲ့ တပ်လှန့်ထားချိန်မှာ အခုတွေ့မယ်ဆိုတော့ အန္တရာယ်တော့ များတယ်။ အရေးလည်းကြီးတယ်” ဟု ပြောသည်။ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့အနီး ဗန်းမော်-မြစ်ကြီးနား မော်တော်ကားလမ်းတလျှောက်တွင် နအဖစစ်ကြောင်းများ သွားလာလှုပ်ရှားနေ၍ ကေအိုင်အို ထိန်းချုပ်ရာဒေသနှင့် အနီးနားရှိ လူထုမှာ စစ်ဖြစ်မည်ကို စိုးရိမ်ထိတ်လန့်မှုများရှိနေချိန်တွင် နအဖနှင့် ကေအိုင်အို၏ တွေ့ဆုံပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၂ ရက် စက်တင်ဘာ ၂၀၀၉။ နိရဉ္စရာ
ရခိုင်ပြည်နယ် စစ်တွေ-ဘူးသီးတောင် သင်္ဘောလမ်းကြောင်းတွင် ထမင်းတက်ရောင်းပြီး သင်္ဘောပေါ်မှ ရေထဲသို့ ခုန်ချပြီး မိမိကျေးရွာသို့ ရေကူးပြန်သည့် အထဲတွင် အမျိုးသမီးပါ ပါဝင်လာသည်ဟု သိရသည်။ “အရင်ကတော့ စစ်တွေ- ဘူးသီးတောင် သင်္ဘောလမ်းကြောင်းမှာ ရသေ့တောင်၊ စဖိုကျွန်းနဲ့ ညောင်ချောင်း ဆိပ်ကမ်းတွေက သင်္ဘောစီး ခရီးသည်တွေကို ထမင်းတက်ရောင်းပြီး သင်္ဘောပေါ်က ခုန်ချ ပြန်တဲ့ အထဲမှာ ယောင်္ကျားလေးတွေကိုဘဲ တွေ့ရပါတယ်။ အခုက အမျိုးသမီးတွေပါ သင်္ဘောပေါ်ခုန်ချပြီး ရေကူးပြန်တာကို တွေ့လာရပါတယ်။ တော်တော် စိတ်မချမ်းသာစရာပါဘဲ” ဟု ခရီးသည် တဦးက ပြောသည်။
ရခိုင်ပြည်နယ် အတွင်း ဘူးသီးတောင်နှင့် မောင်တောသို့ သွားရောက်လိုလျှင် စစ်တွေ- ဘူးသီးတောင် ရေလမ်းကြောင်းကို အသုံးပြုရပြီး စစ်တွေမှ မေယုမြစ်အတိုင်း ဆန်တက်ပြီး သင်္ဘောများဖြင့် သွားလာရသည်။သင်္ဘောလမ်းကြောင်းမှာ မိုင် ၁၀၀ ခန့်ရှည်လျားသဖြင့် နံနက် ၈ နာရီမှ စတင်ထွက်သော နိုင်ငံတော်ပိုင် သင်္ဘောများမှာ ညနေ ၅ နာရီခန့်မှ ဘူးသီးတောင် ဆိပ်ကမ်းသို့ ရောက်ရှိ ဆိပ်ကပ်လေ့ရှိသည်။အဆိုပါ ရေလမ်းကြောင်းတွင် ခရီးသွားသူ အလွန်များပြားသဖြင့် ဓည၀တီ သင်္ဘော (၁)၊ (၂)၊ (၃) အပြင် အောင်တံခွန် သင်္ဘော အမှတ် (၁) မှ (၆)ထိ သင်္ဘောများဖြင့် နေ့စဉ် ပြေးဆွဲကြရသည်။စစ်တွေ ဘူးသီးတောင် သင်္ဘောလမ်းကြောင်းမှာ ရှည်လျားလှသော သင်္ဘောလမ်းကြောင်း ဖြစ်ပြီး လမ်းခရီး တလျောက်တွင် ခြေတော်ရာ၊ ရသေ့တောင်၊ စဖိုကျွန်းနှင့် ညောင်ချောင်း ဆိပ်ကမ်းများတွင် သင်္ဘောများမှ ဆိပ်ကပ်သည်။ ထိုသို့ ဆိပ်ကပ်ရာတွင် ရသေ့တောင်၊ စဖိုကျွန်းနှင့် ညောင်ချောင်း ဆိပ်ကမ်းများမှ ထမင်းရောင်းသူ အမျိုးသမီးများနှင့် ကလေးငယ်များ အနေဖြင့် ထမင်းထုပ်များကို ပလစတစ်အိတ်များဖြင့် ထုပ်ပြီး သင်္ဘောပေါ်တွင် တက်ရောက် ရောင်းချကြသည်။ သင်္ဘောများမှာ လူတင် လူချ အချိန်လောက်သာ ဆိပ်ကပ်ပြီး အချိန်များများ ဆိပ်ကပ်ခြင်း မရှိသဖြင့် ထမင်းရောင်းနေသူများမှာ သင်္ဘောပေါ်တွင် လိုက်ပါသွားကြပြီး ထမင်းထုပ် ရောင်းပြီးသည်နှင့် သင်္ဘောပေါ်မှ ခုန်ချပြီး ကမ်းစပ်သို့ ရေကူး ပြန်ကြသည်။သင်္ဘောခုတ်မောင်း နေချိန်တွင် ရေကူးပြန်သဖြင့် တချို့ ထမင်းရောင်းသူများမှာ သင်္ဘော ရေပတ်ထဲသို့ ပါဝင်သွားပြီး သေဆုံးမူများလည်း ရှိသည်ဟု သိရသည်။ သို့သော်လည်း အဆိုပါ သင်္ဘောပေါ်တွင် ထမင်းရောင်းသော စနစ်မှာ ပျောက်ကွယ် မသွားသည့် အပြင် ယခုအခါ အမျိုးသမီးများပါ ပါဝင်လာပြီး ထမင်းရောင်းပြီးလျှင် သင်္ဘောပေါ်မှ ခုန်ပြီး ကမ်းစပ်ကို ရေကူး ပြန်နေကြသည်။ “လူတွေက ထမင်းငတ်လာတော့ သမုဒ္ဒရာ ၀မ်းတထွာအတွက် နည်းမျိုးစုံနဲ့ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ ဟန့်တားပေမယ့်လည်း ခဏ တဖြုတ်သာ တားလို့ ရပါတယ်။ အိုးမှာ ဆန်မရှိတော့ လူတွေက အသက်သေရမှာ မကြောက်တော့ဘဲ ရတဲ့နည်းတွေနဲ့ ဘ၀ကို ဖြေရှင်းလာကြရတာ ဖြစ်ပါတယ်” ဟုသူက ဆက်ပြောသည်။ထိုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ အနေဖြင့် စီးပွားရေး ကျပ်တည်းမူကြောင့် အခက်အခဲမျိုးစုံ အန္တာရယ်မျိုးစုံ ဖြင့် ရင်ဆိုင်နေရသော်လည်း မြန်မာ့ နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်မှာ နအဖ လက်အောက် နှစ်ပေါင်း (၂၀) အတွင်း အထူး ဖွံ့ဖြိုး တိုးတက်လာခဲ့သည်ဟု နအဖ စစ်အစိုးရပိုင် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ နေ့စဉ် သတင်းများ ထုတ်ပြန်လျှက် ရှိသည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၂ ရက် စက်တင်ဘာ ၂၀၀၉။ လူထုအသံ
မြန်မာ စစ်အစိုးရ အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များအား တိုက်ခိုက် နေမှုအား ရပ်တန်းက ရပ်ရန် အမေရိကန် အစိုးရ က ဩဂုတ်လ (၃၁)ရက် နေ့က တိုက်တွန်း ပြောကြား လိုက်သည်။
အမေရိကန်က မြန်မာ စစ်တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် များကြား ပြင်းထန်သော စစ်ပွဲများ ပေါ်ပေါက် လာပြီးနောက် ကိုးကန့် ဒေသမှ တိုင်းရင်းသား များသည် တရုတ် နိုင်ငံအတွင်း ထွက်ပြေး တိမ်းရှောင် နေရမှုအား ထောက်ပြခဲ့ပြီး စစ်ပြေး ဒုက္ခသည်များ အတွက် တိုက်ခိုက်မှုကို ရပ်စဲရန် တောင်းဆိုခဲ့သည်။
နှစ်ဖက် ဖြစ်ပွားသော ပစ်ခတ်မှုများကြောင့် တိုင်းရင်းသား ဒုက္ခသည် ထောင်နှင့်ချီပြီး တရုတ်နိုင်ငံ အတွင်းသို့ ပြောင်းရွှေ့ထွက်ပြေး ခဲ့ရသည်။ ၀ါရှင်တန် အစိုးရသည် လက်ရှိ ကိုးကန့်ဒေသ အခြေအနေကို စောင့်ကြည့် နေပြီးနောက် မြန်မာ စစ်အစိုးရအား အပစ်ခတ် ရပ်စဲရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား ငြိမ်းချမ်းစွာ ညှိနှိုင်း ဆွေးနွေးသွားရန် ဖိအား ပေးသွားမည်ဟု ကြေညာခဲ့သည်။
ယခု စစ်ပွဲများကြောင့် အပြစ်မဲ့ပြည်သူ မြောက်မြားစွာတို့သည် ထိုင်း နှင့် တရုတ် နိုင်ငံများသို့ ထွက်ပြေး နေရသလို ဒေသတွင်း မငြိမ်းချမ်းမှု ကိုလည်း ဖြစ်ပေါ်စေကြောင်း၊ မြန်မာ စစ်အစိုးရ၏ လုပ်ရပ်သည် ပြည်တွင်း စည်းလုံးမှုကိုလည်း ထိပါးစေကြောင်း အမေရိကန်က ထောက်ပြ ပြောဆိုလိုက်သည်။
စစ်ပွဲများကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ဒေသသို့ မြန်မာ စစ်ပြေးဒုက္ခသည် (၃၇၀၀၀)ကျော် ရောက်ရှိ လာကြောင်း U.N.H.C.R မှ ပေးပို့သော သတင်း အချက်အလက်များ အရ သိရှိရသည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
စောက်သုံးမကျတဲ့ UN အတွင်းရေးမှူးကိုဝေဖန်
၁ စက်တင်ဘာ ၂၀၀၉။ ဗွီအိုအေ
ကမ္ဘာ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ ကျွမ်းကျင်လိမ္မာမှု မရှိဘူး၊ သြဇာတိက္ကမ မရှိဘူးလို့ နော်ဝေးသံတမန် တဦးက စွပ်စွဲပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ရဲ့ ခေါင်းဆောင်မှုပုံစံကို ခုခံပြောဆိုသွားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ နော်ဝေးသံတမန်အဖွဲ့ရဲ့ ဒုတိယအကြီးအကဲ မိုနာ ယူး (Mona Juul) က အော်စလိုမြို့ရှိ နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာနကို သီးသန့်ပေးပို့တဲ့ စာချွန်လွှာမှာ မစ္စတာဘန်ကီမွန်းကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝေဖန်မှုဟာ နောက်ပိုင်းမှာ နော်ဝေးသတင်းစာကို ပေါက်ကြားသွားခဲ့ပါတယ်။
မစ္စတာဘန်ကီမွန်းဟာ မြန်မာ့ဒီမိုကရေစီရေး ကိစ္စနဲ့ အာဖရိကတိုက်က ပြဿနာတွေကို တုံ့ပြန်ဖြေရှင်းတဲ့ နေရာမှာ ထိရောက်မှုမရှိဘူးလို့ မိုနာယူးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာဘန်ကီမွန်းဟာ နော်ဝေး၀န်ကြီးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ် (Jens Stoltenberg) နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အော်စလိုမြို့ကို တနင်္လာနေ့က ရောက်ရှိနေခဲ့ပါတယ်။
ဒီလို ဝေဖန်ခံလိုက်ရတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း၊ ဒါပေမယ့် အများပြည်သူအတွက် အလုပ်လုပ်နေတဲ့ သူတယောက် ဖြစ်တာကြောင့် သူ့အနေနဲ့ စောင့်ကြည့်ဝေဖန်မှုတွေကို မျှော်လင့်ထားတယ်လို့ သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၃၁ ရက် သြဂုတ် ၂၀၀၉။ မိုးမခ
တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းမှာ နယ်စပ်ရှိ ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးရာမှ စတင်ခဲ့ကြောင်း၊ ၎င်းတို့ကို သွားရောက် ကယ်ဆယ်စဉ် ကိုးကန့်တပ်ဖွဲ့က စတင် ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။ တိုက်ပွဲမှာ ၃ ရက် ကြာခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း “တပ်မတော်သား ကျဆုံး ၁၁ဦး၊ ဒဏ်ရာရ ၃၄ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကျဆုံုး ၁၅ ဦး၊ ဒဏ်ရာရ ၁၃ဦး၊ ဦးဖုန်ကြားရှင်ကို သစ္စာခံသော ကိုးကန့်တပ်ဖွဲ့ဝင်များမှ အလောင်းရှစ်လောင်း” ကို တွေ့ရသည်ဟု ဆိုသည်။
အထူးဒေသ (၁) ကို ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့က အုပ်ချုပ်ခဲ့သော်လည်း ယခုအခါ ယာယီဦးစီးကော်မတီ အသစ် ဖွဲ့စည်းထားသည်ဟု ဆိုသည်။
ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ခေါင်းဆောင် ၄ ဦးကို အပြစ်ပုံချထားပြီး တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များအားလုံးကို အရေးယူမည်မဟုတ်ဟု ကြေညာလိုက်သည်။ ခေါင်းဆောင် ၄ ဦးမှာ “ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင် နှင့် ဦးဖုန်တာလီ” တို့ ဖြစ်သည်ဟု ဆိုသည်။
တပ်ဖွဲ့ဝင်များအား “လောက်ကိုင်မြို့ရှိ ကိုးကန့်ဒေသ ယာယီ ဦးစီး ကော်မတီသို့ ဆက်သွယ် ၀င်ရောက်ကြရန်” ဟု စစ်အစိုးရက ကြေညာထားသည်။
ယာယီဦးစီးကော်မတီ အသစ် ကလည်း ကြေညာချက် ထုတ်ပြန်ထားရာ သတင်းစာတွင် ဖော်ပြထားသည်။ ကိုးကန့်ဒေသရှိ လက်နက်ခဲယမ်း ထုတ်လုပ် ရောင်းချသော စက်ရုံကို အစိုးရက ၀င်ရောက် သိမ်းပိုက်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး “ခေါင်းဆောင်များအတွင်းတွင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုများ” ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယခုအချိန်အထိ ဦးဖုန်ကြားရှင် ဘက်မှ လည်းကောင်း၊ ကိုးကန့်အဖွဲ့၏ မဟာမိတ် တိုင်းရင်းသားအဖွဲ့များ ထံမှ လည်းကောင်း တစုံတရာ သဘောထား ထုတ်ပြန်ခြင်း မရှိသေးပေ။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၃၁ ရက် သြဂုတ် ၂၀၀၉။ ခေတ်ပြိုင်
ကိုးကန့်နယ်မြေအတွင်းသို့ မကြာသေးမီရက်ပိုင်းကစ၍ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်နေကြသည့် ကုန်သည်ကြီးများ၏ ဂိုဒေါင်များကိုဖောက်ပြီး ပစ္စည်းများသိမ်းယူနေသည်။ယခုလ (၂ဝ) ရက်တွင် ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့က နအဖနှင့်ဆက်ဆံရေး ယာယီရပ်စဲလိုက်ကြောင်း ကြေညာလိုက်သည့်အချိန်တွင် ဒေသအတွင်း စစ်မက်ဖြစ်ပွားတော့မည်ကို စိုးရိမ်ကြသည့် တရုတ်-မြန်မာနယ်စပ် ကုန်သည်များက ၎င်းတို့ ကုန်ပစ္စည်းများအား ချင်းရွှေဟော်မြို့အတွင်းရှိ ဂိုဒေါင်များတွင် သိမ်းဆည်းသော့ခတ်ကာ မြန်မာပြည်အတွင်းပိုင်းသို့ တိမ်းရှောင်ခဲ့ရာ ကိုးကန့်နယ်မြေသို့ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ယခုကဲ့သို့ ပစ္စည်းများယူနေခြင်းဖြစ်ကြောင်း ချင်းရွှေဟော်ကုန်သည်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “အဲဒီမှာ ဂိုဒေါင် အလုံး (၃၀) လောက်ရှိတယ်။ ဆန်တို့၊ ဆီတို့၊ ဟင်းချိုမှုန့်တို့၊ တရုတ်ဘက်က လူသုံးကုန်ပစ္စည်းတို့ အားလုံးဂိုဒေါင်ထဲ ထည့်ထားခဲ့ပြီး ဆင်းပြေးသွားကြတာ။ သူတို့သုံးနေတဲ့ ကွန်ပျူတာတို့၊ တီဗွီတို့ကအစ ထုတ်ယူကုန်တာ။ တချို့ကုန်သည်တွေ ထားခဲ့တာ သိန်းထောင်ချီပြီး တန်ဖိုးရှိတယ်။ သူတို့ အလုပ်သမားတွေနဲ့ ပစ်ထားခဲ့ရတာ။ အခုတော့ အလုပ်သမားတွေက တွေ့ပေမယ့် အခုအချိန်မှာ ဘာမှပြောလို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ရှိရာ လောက်ကိုင်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ချင်းရွှေဟော်မြို့တွင် အစောပိုင်း နှစ်ကာလများကတည်းက နအဖစစ်တပ်များ ရှိနေခဲ့ပြီး ယခုလ (၂၅) ရက်တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ကိုးကန့်နယ်မြေအတွင်းသို့ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်ခဲ့သည်။ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်အကြား ယခုလ (၂၇) ရက်မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေစဉ်အတွင်း တပ်မ (၃၃) လက်အောက်ခံ တပ်များ၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေစိုက် အမှတ် (၁)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ကိုးကန့်တပ်ဖွဲ့များအား ချေမှုန်းရန်နှင့် နယ်မြေစိုးမိုးရန်အတွက် ကိုးကန့်နယ်မြေအတွင်းသို့ စစ်ဆင်ရေး ဝင်ရောက်ခဲ့သည့် နအဖစစ်တပ်များသည် ကျေးရွာများအတွင်းရှိ နေအိမ်များမှ ပစ္စည်းများ၊ စားသောက်စရာများပါ ယူနေကြသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူတဦးက ပြောသည်။၎င်းက “အခုက စစ်ပြေးတယ်ဆိုတော့ ရှိတဲ့ ရွှေ၊ ငွေလေး၊ အဝတ်အထည်နည်းနည်းပါးပါးနဲ့ ပြေးကြတာ။ ပရိဘောဂပစ္စည်းတွေ၊ တီဗီတွေ ဒီအတိုင်း ပစ်ထားခဲ့ရတာ။ ကိုးကန့်ကျေးရွာတွေကျတော့ တရုတ်နှစ်သစ်ကူးကာလ စားသောက်ဖို့ဆိုပြီး အိမ်တိုင်း လိုလို ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဆီတို့ဖူး၊ မုံညှင်းချဉ်၊ ပဲငါးပိ အဲလိုမျိုးတွေ ကိုယ့်ဘာသာလုပ်ပြီး လှောင်တဲ့ ဓလေ့တွေရှိကြ တယ်။ စစ်သားတွေက ရွာတွေကို ဝင်ရှင်းနေတော့ အဲလို စားသောက်စရာတွေကိုတောင် အလွှတ်ပေး၊ ချန်ထားတာ မဟုတ်ဘူး” ဟု ပြောသည်။၁၉၈၉ ခုနှစ်ကတည်းကစ၍ ပထမဆုံး အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေသည် အနှစ် (၂ဝ) ကြာ တိုက်ပွဲများ ရပ်စဲထားရာမှ ယခုလ (၂၇) ရက်တွင် ဒေသအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံလူထု သုံးသောင်းကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>
၂၉ ရက် သြဂုတ် ၂၀၀၉။ ခေတ်ပြိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီမှ အရာရှိ (၃) ဦးနှင့် ယမန်နေ့ ညနေပိုင်းတွင် အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ယင်းသို့ဆွေးနွေးရာတွင် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေတို့နှင့်အတူ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနှင့် ရုံးအဖွဲ့မှူး ဦးလှမင်းတို့လည်း ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံလက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။မြန်မာ့နိုင်ငံရေးဆွေးနွေးရာတွင် အမေရိကန်အောက်လွှတ်တော် အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုက်တွန်းသည့် သဘော၊ ဆောင်ရွက်သင့်သည်ဆိုသည့်သဘောမျိုး ပြောဆိုဆွေးနွေးခြင်းမရှိကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။အန်အယ်လ်ဒီဘက်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့သဘောထားရှိသည်၊ ရွေးကောက်ပွဲပြီးပါက မည်သို့ဖြစ်လာမည် ဆိုသည့်အခြေအနေနှင့် လက်ရှိအပစ်အခတ်ရပ်စဲရေးအဖွဲ့များနှင့် မပြေမလည်ဖြစ်နေသည့် အခြေအနေပေါ်တွင် အန်အယ်လ်ဒီ က ဆုံးဖြတ်နိုင်ခြင်းမရှိသေးသည့် အချက်များကို ရှင်းပြခဲ့ကြောင်း သိရသည်။ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဦးစိုးမြင့်က ရှင်းပြပါတယ်။ လက်ရှိအားဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ရင် နောက်ဆုံးဖြစ်ပေါ်နေတဲ့ နယ်စပ်မတည်မငြိမ်မှု၊ ဒါတွေကို ထည့်သွင်းသုံးသပ်ရမယ်။ နောက်တခုက ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တချို့သောနေရာတွေမှာ ဥပဒေမပြဋ္ဌာန်းသေးဘဲနဲ့ တချို့သောပါတီတွေက ဆိုင်းဘုတ်ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ကြွေးကြော်နေတယ်။ ဒီလိုအခြေအနေတွေကို သူတို့ကို ရှင်းပြတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီကသော်လည်းကောင်း၊ မစ္စတာဘန်ကီမွန်းကသော်လည်းကောင်း အားလုံးပါဝင်နိုင်ရေးလို့ ပြောပြီး ဒီလိုအခြေအနေဖြစ်ပေါ်နေတယ်။ အဲလိုဖြစ်ပေါ်နေတဲ့အခြေအနေမှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဟာ ဆုံးဖြတ်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကို သူတို့ကို ရှင်းပြခဲ့တာပါ” ဟု ဆက်လက်ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ လက်ရှိနေထိုင်ရသည့်အခြေအနေနှင့် ထိန်းသိမ်းထားသည့်အခြေအနေကိုလည်း အမေရိကန်အရာရှိများက မေးမြန်းကြသဖြင့် ယင်းအခြေအနေများကို ၎င်းကိုယ်တိုင်ရှင်းလင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။၎င်းက “ကျနော်က ပြောပြလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က (၃) နှစ်ထောင်ဒဏ်ကျတယ်။ အဲဒီထဲမှာ (၁) နှစ်ခွဲကို ပယ်ဖျက်လိုက်ပြီ၊ (၁) နှစ်ခွဲကျန်တယ်။ ကျန်တဲ့ အဲဒီ (၁) နှစ်ခွဲကို ဆိုင်းငံ့ထားတယ်။ ဆိုင်းငံ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ လွတ်လပ်စွာနေထိုင်ခွင့်ရှိရမယ်၊ သို့သော်လည်းပဲ မလွတ်လပ်ဘူး၊ အကျဉ်းကျတယ်။ အဲလိုအကျဉ်းကျတာဟာ နအဖအစိုးရရဲ့အမိန့်ကြောင့်။ အဲဒီအမိန့်ကလည်း ဥပဒေမှာ ဒီလိုဆောင်ရွက်ခွင့်မရှိဘူးဆိုတာကို ကျနော်ရှင်းပြတယ်” ဟု ပြောသည်။နိုင်ငံရေးအကျဉ်းသားများ (၂,၀၀၀) ကျော်ရှိနေသည်ကို အမေရိကန်အရာရှိများက သိနေပြီး ထိုအကျဉ်းသားများ၏ ထောင်တွင်းနေထိုင်ရသည့် အခြေအနေကိုမေးမြန်းကြောင်း၊ ယင်းအခြေအနေများကို ထောင်တွင်းအတွေ့အကြုံများသည့် ဦးခင်မောင်ဆွေနှင့် ဦးအုန်းကြိုင်တို့က ရှင်းပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ထို့အပြင် အန်အယ်လ်ဒီပါတီအတွင်း generation gap ဖြစ်နေသည့်ကိစ္စကိုလည်း မေးမြန်းခဲ့သဖြင့် အဖွဲ့ဝင်လူကြီးများက အဖွဲ့ချုပ်တွင် လူငယ်များသည် နဂိုကတည်းက စိတ်ဓာတ်ရှိပြီးသား လူငယ်များဖြစ်သည့်အတွက် new generation အင်အားများသည် ရှိပြီးသားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အမေရိကန်အောက်လွှတ်တော် အရာရှိများမှာ ဒီမိုကရက်တစ်ပါတီမှ Lynne Weil နှင့် Jessica Lee၊ ရီပတ်ဘလီကန်ပါတီမှ Dennis Halpin တို့ဖြစ်ပြီး ၎င်းတို့သည် (၄) ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ် အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ထိုသို့အရာရှိများ လာရောက်မေးမြန်းမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “သူတို့ပြောတဲ့စကားတွေအရပဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ လာရောက်စုဆောင်းတယ်ဆိုတာ ပေါ်နေတယ်။ ဘယ်အတွက်လဲဆိုတာက ကွန်ဂရက် အတွက်လား၊ မူဝါဒသစ်အတွက်လား ဒါတော့ ကျနော်တို့လည်းမသိပါဘူး” ဟု ပြောသည်။ယခုကဲ့သို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အရာရှိ (၃) ဦး၏ မြန်မာနိုင်ငံခရီးစဉ်သည် သြဂုတ် (၁၄) ရက်တွင် မြန်မာနိုင်ငံသို့ (၃) ရက်ကြာလာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ခရီးစဉ် အပြီး လာရောက်ခြင်းဖြစ်သည်။မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်းပါးတပုဒ်ကို သြဂုတ် (၂၆) ရက်ထုတ် New York Times သတင်းစာတွင် ရေးသားထားပြီး အဆိုပါဆောင်းပါးတွင် အတိုက်အခံ အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ဖို့စဉ်းစားစေချင်ကြောင်း တိုက်တွန်းထားသည်။အဆိုပါ မစ္စတာဝက်ဘ်၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ၏ သဘောထား မည်သို့ရှိသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် (၂၇) ရက်တွင် အယူခံကိစ္စသွားရောက်တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းအား ခေတ်ပြိုင်က မေးမြန်းခဲ့သည်။၎င်းက “ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ခြုံငုံပြီးတော့ သုံးသပ်ချက်ပေးပါတယ်။ တခုချင်း တခုချင်းတော့ သူမပြောဘူး။ သူပြောတာက မစ္စတာဝက်ဘ်ရဲ့ ပြောဆိုရေးသားနေတဲ့ဟာတွေက အိုဘားမားမူဝါဒတွေလို့ သူမယုံကြည်ဘူးတဲ့” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီသဘောထားကို ယခုကဲ့သို့ ရှင်းပြသည်။“ကျနော်တို့ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး စဉ်းစားတာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူလူထုအတွက် အကျိုးရှိလား၊ မရှိလားဆိုတာ ကျနော်တို့လိုချင်တာဖြစ်တယ်။ အဲဒါတွေ လုံးဝမှမရနိုင်ရင် ဘာမှလုပ်စရာမရှိတော့ဘူး” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
အပြည့်အစုံ...>>
ပြန်သိမ်းခဲ့ပါ။>>