နိုင်ငံခြားသားများတည်းခိုသည့် ဟိုတယ်များကို မကြာခဏစစ်ဆေးနေ
တင့်လွင်/ရန်ကုန် ဇူလိုင် ၁၊ ၂၀၀၈ (ဧရာဝတီ)
ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများတွင် ဧည့်သည်မရှိချိန် အခန်းတွင်းဝင်ရောက်စစ်ဆေးမှုများပြုလုပ်ကြောင်း နိုင်ငံခြားသား ဧည့်သည်များက ပြောသည်။
ယခုလဆန်းပိုင်းက ရန်ကုန်မြို့အလံပြဘုရားလမ်းရှိ ဂရင်းပလာဇာ ဟိုတယ်တွင် တည်းခိုခဲ့သော ပြင်သစ် အမျိုးသမီးတဦး က ၎င်းမရှိချိန်တွင် အခန်းတွင်းသို့ ဝင်ရောက်ရှာဖွေစစ်ဆေးထားကြောင်း တွေ့ရသည်ဟု ပြောပြသည်။
“ကျမအပြင်ကပြန်ရောက်လာတော့ အခန်းထဲမှာ ပုံမှန်မဟုတ်တာတွေ့ရတယ်။ လက်ဆွဲ သေတ္တာကို စစ်ဆေးကြည့်တော့ ပွင့်နေတယ်။ ပစ္စည်းတွေတော့ ဘာတခုမှမပျောက်ပါဘူး” ဟု သူမက ပြောသည်။
သူမက ၄င်းဟိုတယ်တွင် ရောက်ရှိပြီး ဒုတိယနေ့တွင် ယခုကဲ့သို့ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
လွန်ခဲ့သည့် မေလကုန်ပိုင်းခန့်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဟောင်ကောင်နိုင်ငံသား တဦးကလည်း ၄င်း မသိရှိဘဲ အခန်းအတွင်းသို့ ၀င်ရောက် ရှာဖွေနေသူတဦးကို တွေ့ကြုံရကြောင်း ပြော သည်။
“အခန်းထဲဝင်လိုက်တော့ မထင်မှတ်ဘဲ လူတယောက်ကိုတွေ့လိုက်ရ တယ်။ ဘာလုပ်တာလဲလို့မေးလိုက်တော့ လုံခြုံရေး (Security)လို့ အဲဒီလူကပြန်ပြောတယ်။ တခန်းလုံး ဟိုကြည့်ဒီကြည့်နဲ့ ခုတင်အောက်တောင် မချန်ဘူး။ သူ့ကြည့်ရတာလည်း ဟိုတယ်ဝန်ထမ်း ဟုတ်ပုံမရဘူး” ဟု အဆိုပါ ဟောင်ကောင်နိုင်ငံသား က ဆိုသည်။
ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများသို့ လာရောက်တည်းခိုသော ဧည့်သည်မှတ်တမ်းများနှင့်စာရင်းများကိုလည်း သက်ဆိုင်ရာ မ.ယ.က၊ ရဲစခန်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံသို့ နေ့စဉ်ပေးပို့ရသည်ဟု ဟိုတယ် ၀န်ထမ်းတဦးက ပြော သည်။
“ဟိုတယ်မှာရှိတဲ့ ဧည့်သည်စာရင်းကို နေ့တိုင်းပို့ပေးရတယ်။ သူတို့မသင်္ကာလို့စစ်ဆေးချင်ရင် တပ်က ဒု ဗိုလ်မှူးကြီး တစ်ယောက်နဲ့ သူ့အဖွဲ့တွေလာတယ်။ ဟိုတယ်ဝန်ထမ်းတွေကတော့ အခန်းလိုက်ပြရုံပါပဲ။ သူတို့စစ်ဆေးချင်တဲ့ အခန်းကို ဖွင့်ပေးရတယ်” ဟု ၄င်းဟိုတယ် ၀န်ထမ်းကပြောပြသည်။
ပြင်သစ်အမျိုးသမီး ဧည့်သည်ကမူ “လူမရှိတုန်းအခန်းထဲဝင်ရောက်ရှာဖွေတာဟာ ပုဂ္ဂလိကလွတ်လပ်ခွင့် ကိုထိပါး တာပါပဲ။ နိုင်ငံတကာနဲ့ဆက်ဆံနေတဲ့ ဟိုတယ်တခုအနေနဲ့ မဖြစ်သင့်တဲ့ကိစ္စပါ”ဟု ပြောဆိုသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်သတင်းယူခဲ့ကြပြီး နိုင်ငံတကာ ရုပ်မြင်သံကြားသတင်းများတွင် မြန်မာနိုင်ငံ ၏ မုန်တိုင်းသတင်းများကိုပြန်လည် ထုတ်လွှင့်ခဲ့သည့်အတွက် မေလ ၁၁ ရက် နေ့ မှ စတင်ကာ နိုင်ငံခြားသားများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ယခုလ ၂၂ ရက်တွင် ကိုရီးယား အမျိုးသမီး အလွတ်သတင်းထောက် Lee Yu Kyong ကို ပြန်လည် နှင်လွှတ်ခဲ့ပြီး မေလ ၅ ရက်နေ့ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက် ရှိလာသော ဘီဘီစီ သတင်းထောက် Mr. Andrew Willam Harding ကို မြန်မာစစ်အာဏာပိုင်များက အဝင်မခံဘဲ လေဆိပ် မှ ပြန်လည် နှင်လွှတ်ခဲ့သည်။
အလားတူ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းက စီအင်အင်သတင်းထောက်နှင့် တိုင်းမဂ္ဂဇင်း သတင်းထောက်များကို ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့ကြောင်း ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်ထားသည်။
ထိုအချိန်မှစတင်ပြီး ဟိုတယ်များရှိဧည့်သည် စာရင်းများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ထံသို့ပုံမှန်ပေး ပို့ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲ
NEJ/ ၁ ဇူလိုင် ၂၀၀၈
ယနေ့နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အမှတ် (၆) ရပ်ကွက် ရွှေပြည်သာမြို့နယ်၊ ကြံ့ဖွံ့ရုံးတွင် ဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာမရှိဘဲ စုံစမ်းစစ်ဆေးနေကြောင်း ကျောက် တံတားမြို့နယ် တာဝန်ကျ ရဲတဦးက ပြောသည်။
ဧပြီ (၂၀) ရက် က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် (၄) နေရာ၊ ဒဂုံမြို့နယ်၊ လမ်းမတော် မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ။
ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်များနှင့် ကေအန်ယူတပ် တိုက်ပွဲဖြစ်
NEJ/ ၃၀ ဇွန် ၂၀၀၈
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) စခန်းအား ယနေ့နံနက် (၄) နာရီမှ စတင်ကာ ဒီကေဘီအေနှင့် နအဖတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံး များရှိပြီး တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒုတိယဗိုလ်မှူးကြီးတဦးက "ဒီမနက် (၄) နာရီကနေ စပြီးတော့ တပ်ရင်း (၂၀၁) ရှိတဲ့ ဝေါ်လေခီးဂွင်ကို နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး နယ်မြေစိုးမိုးရေးအတွက် လာတိုက်တာဖြစ်တယ်။ အခုအချိန်အထိ တဘက်နဲ့တဘက် အပြန်အလှန် ပစ်ခတ်နေကြတုန်းပဲ။ ဒီညပိုင်းမှာတော့ အခြေအနေ ဘယ်လိုလာအုံးမလဲ မသိ သေးဘူး" ဟု ပြောသည်။
ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) တို့ ပူးပေါင်း၍ လာရောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ မသန်မစွမ်း စစ်သည် နှစ်ဦး ဖမ်းဆီးခံရကာ တဦးမှာ လက်နက်ကြီးကျည်စ မှန်၍ ကျဆုံးသွားသည်။ ဒီကေဘီအေနှင့် မြန်မာစစ်တပ်ဘက်မှ အသေအပျောက်စာရင်း မသိရှိရသေးကြောင်း အဆိုပါ အရာရှိက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စခန်းများသည် ခံစစ်ရှင်ပြောက်ကျားစနစ်အား အသုံးပြုလျှက်ရှိပြီး တပ်ရင်း (၂၀၁) ဝေါ်လေခီးစခန်းအား ဒီကေဘီအေနှင့် မြန်မာစစ်တပ်များ ယခင်ကလည်း အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။
ယခုတိုက်ပွဲနှင့်ပတ်သက်၍ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအဖွဲ့ တပ်ရင်း (၉၀၇) သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖြေကြားရန်ငြင်းဆိုခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။

